Kaung Hein Soe - Strategic
“ချွေတာတာ” နဲ့ “ငွေကိုပိုရှာတာ” ဆိုတဲ့ နေရာမှာ ဘယ်အရာက
ပိုလွယ်တယ်လို့ မိတ်ဆွေထင်သလဲ။
အားလုံးပဲ မင်္ဂလာပါ။ဒီနေ့မှာတော့ Personal Finance နဲ့ပတ်သက်တဲ့ မေးခွန်းလေးတစ်ခု ကျွန်တော့်ကို မေးလေ့ရှိကြတာ ရှိပါတယ်။ ဒါလေးကို ကျွန်တော်ပြန်ပြီးတော့ ဖြေပေးချင်ပါတယ်။ ဒီမေးခွန်းက ဘာလဲဆိုတော့ “ဆရာ… ခုလိုအချိန်ကာလမျိုးမှာ ကုန်ဈေးနှုန်းတွေမြင့်မားလာတယ်၊ ဈေးတွေ တက်လာတယ်၊ ဒီအတွက် ကျွန်တော်တို့ “ပိုပြီးတော့ရှာဖွေတဲ့နည်းလမ်း”ကို သုံးရမလား၊ ဒါမှမဟုတ်“ပိုပြီးတော့ ချွေတာတဲ့နည်းလမ်း”ကို သုံးရမလား”ဆိုပြီးမေးလာ ကြတဲ့ မေးခွန်းလေးဖြစ်ပါတယ်။ဒါဆိုရင် တကယ့်လုပ်ဆောင်သင့်တဲ့အခြေအနေက ဘယ်လိုဖြစ်မလဲ။
အဲဒီတော့ ကျွန်တော့်ဘဝနဲ့ယှဉ်ပြီးဖြေရမယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကုမ္ပဏီဝန်ထမ်း စလုပ်တယ်။ အဲဒီတုန်းက ကျွန်တော်အောက်ခြေ ပညာသင်အဆင့်ပေါ့နော်။ Training ဆိုတော့ လစာ၁၃ဝ,ဝဝဝ ကျပ် စရတယ်။ အဲဒီတော့ စရတဲ့ အချိန်တုန်းက ကျွန်တော်ဘာလုပ်ဖို့ကြိုးစားသလဲဆိုတော့ လက်ထဲမှာ ငွေပိုထွက်လာဖို့ ကျွန်တော်ကြိုးစားတယ်။ လက် ထဲမှာ ငွေပိုထွက်လာမယ်၊ ဒီငွေပိုကို ပမာဏ တစ်ခုရလာပြီဆိုရင် ရင်းနှီးမြှုပ်နှံမှုတစ်ခုခု လုပ်မယ်၊ ကျွန်တော်က ဒီလိုရည်ရွယ်တယ်ပေါ့နော်။
ဒီလိုရည်ရွယ်တဲ့အချိန်မှာ ကျွန်တော်က ငွေအပိုထွက်လာဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေ ကျွန်တော် မစဉ်းစားတတ်ဘူး။တစ်ခုတည်းသောနည်းလမ်းသည် ချွေတာမယ်ဆိုသော နည်းလမ်းကိုပဲကျွန်တော် စဉ်းစားဖြစ်တယ်။ အဲဒီတော့ ဘာ့ကြောင့်လဲ။ ငွေအပို ဘယ်လိုရှာရမလဲဆိုတာကို လွန်ခဲ့တဲ့ အသက်နှစ်ဆယ်ကာလတုန်းက ကျွန်တော်လုံးဝမသိဘူး။ အဲဒီတော့ ကျွန်တော့်အတွက် ငွေရှာတဲ့ နည်းလမ်းသည်တစ်ခုတည်းသောနည်းလမ်းသည် ကုမ္ပဏီမှာ အလုပ်လုပ်မယ်။ လကုန်ရင်ကျွန်တော် လစာရမယ်။ ဒါသည် ကျွန်တော့်အတွက် တစ်ခုတည်းသောငွေရှာတဲ့နည်လမ်းပါပဲ။
အဲဒီတော့ ဒီငွေကနေပြီးတော့ တစ်လကို ကျွန်တော် ငါးသောင်းစုချင်တယ်။ ငါးသောင်း အပိုရချင်တယ်။ ငါးသိန်းပြည့်ရင် Investment တစ်ခုလုပ်မယ်လို့ ကျွန်တော် ရည်ရွယ်ထားတယ်။ အဲဒီ အတွက်ဒီငါးသောင်းကို အရင်ဆုံး ဖယ်ထားလိုက် တယ်။ ကျန်တဲ့ပိုက်ဆံနဲ့ တစ်လလုံးကိုချွေတာပြီး ကျွန်တော် ရအောင်သုံးစွဲတယ်။ အဲဒီတုန်းက ကျွန်တော် ဘယ်လောက်ထိ ချွေတာခဲ့ရသလဲဆိုရင် ညစာကို တစ်ထောင်ဖိုးပဲစားမယ်တို့၊ ကြေးအိုးဆီချက်တစ်ပွဲ စားချင်တယ်ဆိုရင် သုံးညလောက် အငတ်ခံပြီးမှ စားရတယ်။ ဒီလိုမျိုး ကျွန်တော်တို့ သွားခဲ့ရတာရှိပါတယ်။
အဲဒီတော့ အခု ကျွန်တော်ပြန်ပြီး တွေးကြည့်လိုက်တဲ့အချိန်မှာအဲဒီလုပ်ရပ်သည် မှားသလားဆိုတော့ မှားတော့ မမှားဘူးပေါ့။ မှားတော့မမှားခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တစ်လကို ကျွန်တော် ငါးသောင်းရအောင် စုနိုင်ခဲ့တယ်။ ငါးသိန်းပြည့်တဲ့ အချိန်မှာ ကျွန်တော် ဖုန်းဘေလ်ရောင်းတဲ့အလုပ်တို့၊ အဝတ်အထည်ရောင်းတဲ့အလုပ်တို့၊ ငွေတိုးချေးတဲ့အလုပ်တို့။ ဒါလေးတွေ ကျွန်တော် လျှောက်လုပ်ရင်းနဲ့ ကျွန်တော်လုပ်ငန်းအတွေ့အကြုံလေးတွေ ရလာတယ်။ သိလာတယ်။ Experience လေးတွေ ရှိလာတယ်။ ဒီလိုအနေအထားလေးတော့ ကျွန်တော်တို့စပြီးရှိလာတယ်ပေါ့နော်။
အဲဒီတော့ ချွေတာပြီးတော့ ဘဝတက်လှမ်းခဲ့တာဖြစ်တဲ့အတွက်ဒါသည် ကျွန်တော်က မှားလားဆိုရင် မှားတယ်လို့တော့ ပြောလို့မရဘူး။ဒါပေမဲ့ အခုလက်ရှိအချိန်မှာကျတော့ ကျွန်တော်အယူအဆက ပြောင်းသွားတယ်။ ဘာ့ကြောင့်လဲ။ ခု ကုန်ဈေးနှုန်းတွေတက်လာတယ်။ အရင်တုန်းက ကျွန်တော်တို့ တစ်လကို ထားပါတော့၊ ပိုက်ဆံပမာဏတစ်ခုနဲ့ လောက်မယ် ဆိုရင် ခု ဒီရဲ့နှစ်ဆလောက်မှ လောက်မယ်ဆိုတဲ့ အနေအထားတစ်ခုနဲ့ စပြီးတော့ဖြစ်လာပြီ။ ဒါပေမဲ့ အခုလက်ရှိအချိန်မှာ ကတော့ ကျွန်တော်က ချွေတာဖို့ထက် ပိုရှာမယ်ဆိုတဲ့နည်းလမ်းကို ကျွန်တော် ပိုပြီးတော့အားထုတ်ဖြစ်တော့တယ်။
ဘာကြောင့်လဲ။ အတွေ့အကြုံများလာတာနဲ့အမျှ ငွေပိုရှာရတာသည်ပိုလွယ်တယ်ဆိုတာကို ကျွန်တော် သိလာလို့ဖြစ်တယ်။ဥပမာ ထားပါတော့။ အခု ကျွန်တော် ငွေပိုရချင်တာနဲ့ အလုပ်တစ်ခုထလုပ်တယ်။ ရုံးခွဲတစ်ခု ထပ်ဖွင့်တယ်။ ကျွန်တော် Online Training အသစ်တစ်ခု ထပ်လုပ်မယ်။ ကျွန်တော် Business Consultingအသစ်တစ်ခု ထပ်လုပ်လိုက်မယ်။ ဒါမှမဟုတ် ကျွန်တော် Coachingတစ်ခု ထပ်လုပ်လိုက်မယ်။ ဒါမှမဟုတ် နည်းလမ်းတစ်ခုခုနဲ့ ဘယ်လိုငွေရှာမလဲဆိုတဲ့ နည်းလမ်းသည် ကျွန်တော့်မှာ အလွယ်တကူရှိလာတယ်။
လတိုင်းလည်း ငွေပိုထွက်လာတာဖြစ်တဲ့အတွက် ဒီငွေပိုကို ဥပမာ ဆိုပါတော့၊ တိုက်ခန်းတစ်ခန်းဝယ်ပြီးတော့ ငှားစား ပြီးတော့ အိမ်ခန်းတစ်ခုရအောင် ထပ်လုပ်မလား၊ တက္ကစီတစ်စီး ဝယ်ပြီးတော့ပဲ အုံနာခ ငှားစားထားလိုက်ရမလား။ အစရှိတဲ့ နည်းလမ်းမျိုးစုံ၊ ငွေပိုရှာမယ့် နည်းလမ်းမျိုးစုံကို ကျွန်တော် အလွယ်တကူတွေ့ရှိလာပြီဖြစ်တယ်။
အဲဒီတော့ အခုလက်ရှိအချိန်မှာ ကျွန်တော်သည် ပိုပြီးတော့ သုံးစွဲချင်တယ်။ ပိုပြီး ငွေရချင်တယ် ငွေပိုလျှံချင်တယ်ဆိုရင် ပိုပြီးတော့ ငွေရှာမယ်ဆိုတဲ့နည်းလမ်းကို ကျွန်တော် အသုံးပြုဖြစ်တယ်။အဲဒီတော့ နှစ်ခုစလုံးသည် ချွေတာတာလည်း မမှားဘူး၊ ပိုရှာတာလည်း မမှားဘူး။ ဒါပေမဲ့ တကယ့် လက်ရှိအခြေအနေက ဘယ်လိုဖြစ်သင့်သလဲ။ ဒါလေးကို ကျွန်တော် ထပ်ပြီးပြောပြချင်ပါသေးတယ်။ချွေတာမလား၊ ပိုရှာမလားဆိုတဲ့မေးခွန်းကို ကျွန်တော့်ကို မေးကြတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်ကတော့ အခုလက်ရှိအချိန်မှာ ကျွန်တော့်ကိုလာမေးရင်တော့ ပိုရှာခြင်းက နည်းလမ်းမှန်တယ်လို့ ကျွန်တော်ကဖြေရတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ချွေတာတာသည် မှားတယ်လို့ပြောတာမဟုတ်ဘူးနော်။ ငွေပိုထွက်လာဖို့အတွက် ငွေထပ်ရှာမယ့် ဘာနည်းလမ်းကိုမှ မသိတော့ဘူးဆိုရင်တော့ ချွေတာတာသည် မှန်လိမ့်မယ်။ဒါပေမဲ့ ဒါသည် အမှန်ဆုံး နည်းလမ်းမဟုတ်ဘူး။ ဘာ့ကြောင့်လဲ။ ချွေတာတာနဲ့ ငွေကို ပိုရှာတာနဲ့ နေရာမှာ ဘယ်ဟာက ပိုလွယ်တယ်လို့ မိတ်ဆွေထင်သလဲ။
ဒါက ကျွန်တော်က ပြန်ပြီးမေးချင်တဲ့မေးခွန်းပါ ။အဲဒီတော့ တော်တော်များများကတော့ ရုတ်တရက်ဖြေကြလိမ့်မယ်။ငွေပိုရှာတာက ပိုပြီးခက်လိမ့်မယ်။ ဒီလိုပြောကြလိမ့်မယ်။ ဒါသည် မဟုတ်ပါဘူး။အဲဒီတော့ ကျွန်တော့်ရဲ့ တပည့် တစ်ယောက်ရှိတယ်။ သူအရင်တုန်းကဆို ဘယ်လိုတွေးသလဲဆိုတော့ ပိုက်ဆံရှာဖို့ ပင်ပင်ပန်းပန်းလုပ်မှရတယ်လို့တွေးတယ်။ ဒါပေမဲ့ အခုကျတော့ Digital Marketing ပညာကိုသူနားလည်သွားတယ်။ သင်တန်းတက်လိုက်တယ်။ လက်တွေ့လုပ်ကြည့်တယ်။ အဲဒီတော့ သူပိုက်ဆံတစ်သိန်း ပိုရချင်တယ်ဆိုရင် DigitalMarketing တစ်ခု Boost လုပ်မယ့် Service တစ်ခု သူရလိုက်တာနဲ့ဒီငွေတစ်သိန်းသည် သူပိုရသွားပြီ။
အဲဒီတော့ ပိုရှာဖို့က ပိုပြီးတော့လွယ်တယ်။ သဘောတရားတစ်ခုကပေါ့နော်။အဲဒီတော့ ဆိုလိုတဲ့သဘောက ဘာ့ကြောင့် ငွေပိုရှာဖို့ ပိုလွယ်သလဲ။ဥပမာ ထားပါတော့။ ကျွန်တော်တို့ ဈေးသွားမယ်။ ပိုက်ဆံငါးထောင်ကိုင်သွားမယ်။ ဒီငါးထောင်နဲ့ တစ်နေ့လုံး အသားဟင်းနဲ့၊ အသီးအရွက်နဲ့ထမင်းဟင်းနဲ့ မိသားစုငါးယောက်စာ ရအောင်ချက်ပါ ဆိုရင်၊ ရအောင်ဝယ်ပါဆိုရင် ဒီ ငါးထောင်နဲ့ဝယ်ဖို့သည် အရမ်းခက်လိမ့်မယ်။ ဒါပေမဲ့ ဒီငါးထောင်ကိုမှ ခုနပြောတဲ့ Criteria တွေအကုန် ကိုက်ညီရမယ့် အပြင်တစ်ထောင်လည်း ထပ်ပြီးချွေတာပါ ဦးဆိုရင် ပိုပြီးတော့ ခက်သွားပြီ။ဒီလိုဆိုရင်တော့ ဘယ်လိုမှလည်း ပိုပြီး ချွေတာ လို့လည်း ရမှာမဟုတ်တော့ဘူး။ ဒီလိုပေါ့။
ဟုတ်ပြီ။ အဲဒီအစား ကျွန်တော်တို့ ပိုက်ဆံငါးထောင် အမြတ်ရအောင်ရှာပါ ဆိုရင် ပိုလွယ်တယ်။ ဘာ့ကြောင့်လွယ်သလဲ။ သူက ထားပါတော့ဗျာ။ ကျွန်တော်တို့ မီးသွေးတစ်အိတ်ပဲဆိုပါတော့။ မီးသွေးတစ်အိတ်ကို ကျွန်တော်တို့က လက်ကားဒိုင်မှာ သွားပြီးတော့ ဝယ်မယ်။အရမ်းဈေးပေါပေါနဲ့ရမယ်။ ဈေးချိုချို လက်ကားဈေးလည်ရမယ်။ ပြီးရင် ကျွန်တော်တို့အိမ်နားမှာ ရောင်းမယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ ဖြန့်ခင်းပြီးရောင်းလိုက်မယ်။ တစ်ထုပ်ကုန်သွားရင် ကျွန်တော်တို့အတွက် သုံးထောင်လေးထောင် အမြတ်ကတော့ ကျန်မှာပဲ။
အဲဒီတော့ ဆိုလိုချင်တဲ့သဘောကတော့ အလုပ်တစ်ခုကို Parttime Job တစ်ခု လုပ်လိုက်မယ်။ ကျွန်တော် အလုပ်တစ်ခု လုပ်လိုက်တဲ့အတွက် တစ်နာရီကို ဘယ်နှထောင်ရမလဲ။ ဒါသည် အလွယ်တကူရနိုင်တယ်။ သို့မဟုတ် ကျွန်တော်က Skill ရှိတယ်။ စာတစ်ပုဒ်ရေးလိုက်မယ်။ Content Writing တစ်ပုဒ်ရေးမယ်။ Facebook Pageတစ်ခုကို ပြန်ရောင်းလိုက်မယ်။ ဒါမှမဟုတ် ကျွန်တော် စာမူတစ်ပုဒ်ရေးမယ်။ မဂ္ဂဇင်းတိုက်ကိုသွားပို့မယ်။ ဒီစာမူတစ်ပုဒ်သည် ကျွန်တော်တို့ရဲ့စာမူခသည် ဒီဘက်ခေတ်မှာ တစ်သောင်း၊ တစ်သောင်းခွဲ၊ နှစ်သောင်းအလွယ်တကူ ကျွန်တော်တို့က ပြန်ရနိုင်တယ်။
အဲဒီတော့ ဆိုလိုတာက ငွေငါးထောင်ကို ချွေတာလိုက်ဖို့နဲ့ ငွေငါးထောင်ကိုရှာဖို့ဆိုရင် ငွေငါးထောင်ရှာဖို့က အရမ်းလွယ်ကူ တယ်ဆိုတာကို သွားပြီးတွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းတွေကို ကိုယ်က အတွေ့အကြုံ ရင့်ရင့် ကျက်ကျက်နဲ့ မြင်နိုင်ဖို့တော့လိုအပ်တာပေါ့။
ခုန ကျွန်တော့် တပည့်တစ်ယောက်ရှိတယ်။ သူက ဘာလုပ်သလဲဆိုတော့ အွန်လိုင်းကနေပြီးတော့ ဖရီးရတဲ့ Video Editing ပညာလေးတွေ သူလေ့လာတယ်။ အဲဒီတော့ အရမ်းကြီး မကြာလိုက်ဘူး။ တစ်လလောက်ပဲရှိတယ်။ သူ Video Edit ပေါ့ နော်။ Video Edit ဆိုတာခု ကျွန်တော်တို့ပြောတဲ့ Video လေးတွေကို Video Edit ကောင်းကောင်းလုပ်နိုင်သွားတယ်။ အဲဒီ တော့ ကျွန်တော်က သူ့ကို အလုပ်စအပ်တယ်။ ဟုတ်ပြီ။ Video Edit လုပ်ပေးတဲ့အတွက် ဒီတစ်ပုဒ်ကို ဘယ်လောက်ရမယ်။ အဲဒီတော့ ပိုရှာတာက ပိုလွယ်တယ်ဆိုတာကို သွားတွေ့ရတယ်။ ပိုရှာဖို့အတွက် ကျွန်တော်တို့သည် Skill လေးတစ်ခု ထပ်ပေါင်းလိုက်ရုံ၊ အချိန်လေးနည်းနည်းပေးလိုက်ရုံ၊ အဆက်အသွယ်လေးတစ်ခုရှိရုံနဲ့တင် ကျွန်တော်တို့မှာ ပိုပြီးတော့ ရှာနိုင်တယ်။
ဆိုလိုတာက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေအားလုံးလည်း ပြည့်စုံရမယ်။ ငွေပိုလည်း ဘယ်လောက် ထွက်လာရမယ်ဆိုပြီး ချွေတာတာကပိုပြီးခက်ခဲပါတယ်။ နောက်တစ်ခုက ပိုပြီး ချမ်းသာချင်တယ်ဆိုရင် ကျွန်တော်တို့က တဖြည်းဖြည်းချင်း ကျုံ့ကျုံ့ ကျုံ့ကျုံ့ပြီးတော့ သွားလို့မရဘူး။ချွေတာလိုက်လို့ မရဘူး။ ပိုပြီး ကြီးထွားလာရမှာဖြစ်တယ်။ ကြီးထွား လာတဲ့ အရာတွေကို ကာဘာဖြစ်နိုင်ဖို့က ပိုရှာနိုင်ဖို့ လိုပါတယ်။ ဒါကြောင့်ကျွန်တော့်ကိုမေးတဲ့မေးခွန်းမှာ “ချွေတာမလား... ပိုရှာမလား”ဆိုရင် အမြဲတမ်း ပိုရှာနိုင်ဖို့ အခွင့်အလမ်းတွေကိုပဲ ရှာပါလို့ ကျွန်တော်က ပြောချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ။
Keep Reading