Author's Profile Photo

Kaung Hein Soe - Strategic

30/05/2025

မြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခု

8 mins read
Business
Career & Job Market
Self Improvement
မြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခု's photo

ကျွန်တော်တို့ရဲ့ လူငယ်တွေသည် ရှင်သန်ခွင့်ပဲရနေတယ်။ ကြီးထွားခွင့်ရမနေဘူး။ ဘယ်သူတွေကြောင့်လဲ။ များသောအားဖြင့် တစ်အချက်သည် မိဘ၊ နံပါတ်နှစ်သည် Relationship။ အဲဒီတော့ သူတို့တွေရဲ့ စိတ်မချဘူးဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ လူငယ်တွေရဲ့ဘဝ တော်တော်များများဟာ နစ်မွန်းသွားတာကို ခင်ဗျားတို့ သတိထားကြည့်ရင် အများကြီးတွေ့ရလိမ့်မယ်။

ကျွန်တော် ဒီနေ့ မျှဝေပေးချင်တဲ့အကြောင်းအရာတစ်ခုကတော့ ကျွန်တော့်ကို တော်တော်များများက စိတ်ဆိုးရင်ဆိုးကြလိမ့်မယ်၊ ဝိုင်းဆဲရင်လည်း ဆဲကြလိမ့်မယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော့် ပတ်ဝန်းကျင်မှာ ကျွန်တော့်ရဲ့ တပည့်တွေထဲမှာ ကြုံရတဲ့ဖြစ်ရပ်ကလေးတွေ များလာတော့ ဒီနေ့ ကျွန်တော် ဒီ Sharing လေးကို လုပ်မှဖြစ်မယ်လို့ တွေးမိတယ်ပေါ့နော်။

အဲဒီတော့ ဒီနေ့ ကျွန်တော် Sharing လုပ်ပေးချင်တဲ့အကြောင်းအရာက “ရှင်သန်ခြင်းနဲ့ ကြီးထွားခြင်း” လို့ အမည်ရတယ်။ သို့မဟုတ် မြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပိတ်ဆို့နေသောအရာ နှစ်ခုလို့ ကျွန်တော် ခေါင်းစဉ်တပ်ထားပါတယ်။ ဆက်ဖတ်ကြည့်ပါဦး ခင်ဗျ။

ကျွန်တော်တို့ဟာ သစ်ပင်လေးတစ်ပင် စိုက်မယ်ဆိုပါတော့ဗျာ။ ဒီသစ်ပင်လေးတစ်ပင်ကနေပြီး ကျွန်တော်တို့သည် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေပြန်ရချင်တယ်။ တစ်နည်းအားဖြင့် ကောင်းတဲ့ အသီးအပွင့်တွေ အရွက်တွေ အသီးတွေရချင်တယ်ဆိုရင် ဒီသစ်ပင်လေးကို အခွင့်အရေး နှစ်ခုပေးဖို့လိုတယ်။ ဒီအခွင့်အရေးနှစ်ခုက ဘာလဲဆိုတော့ ပထမတစ်ခုက “ရှင်သန်ခွင့်”ပေါ့နော်။ ဒီအပင်လေးကို ရှင်သန်ခွင့်ပေးဖို့လိုတယ်။ အပင်လေးကို ကျွန်တော်တို့က မြေကြီးမှာ ချစိုက်လိုက်မယ်။ ဒီတော့ သူ့ရဲ့အမြစ်တွေနဲ့ သူ့ဟာသူ အစာပံ့ပိုးမှုမလုံလောက်ခင်မှာ ကျွန်တော်တို့ သူ့ကို ဝိုင်းပြီး ပံ့ပိုးပေးဖို့လိုတယ်။ ဒါ “ရှင်သန်ခြင်း” ပေါ့နော်။

ဟုတ်ပြီ။ နောက်တစ်ခုက ဘာလဲဆိုတော့ “ကြီးထွားခွင့်” ကျွန်တော်တို့က ပေးဖို့လိုတယ်။ အပင်လေး စလိုက်လိုက်တဲ့အချိန်မှာ အရွက်လေးနှစ်ရွက်ထွက်လာမယ်။ အဲဒီကနေ သုံးရွက် လေးရွက် ငါးရွက် နဲ့ အပင်ကြီး အကြီးကြီးဖြစ်လာပြီးတော့ အရွက်ဘယ်လောက်ခူးခူး အပင်သေမသွားနိုင်တော့ဘူးဆိုတဲ့ အနေအထားရောက်တဲ့ “ကြီးထွားခွင့်” ကို ကျွန်တော်တို့ ပေးဖို့လိုတယ်။ အခွင့်အရေးနှစ်ခု။

အဲဒီတော့ ဒီအခွင့်အရေးနှစ်ခုမှာ တစ်ခုခုကိုမရခဲ့ရင် ဒီအပင်လေးကနေပြီးတော့ ကျွန်တော်တို့သည် မြန်မာစကားပုံဖြစ်တဲ့ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်”ဆိုတဲ့ အခြေအနေကို ဘယ်တော့မှ ရမှာ
မဟုတ်တော့ဘူး။ ဆိုပါတော့ ဒီအပင်လေးသည် တစ်ခါတည်း ကောင်းမွန်တဲ့ အသီးတွေ၊ အပွင့်တွေ၊ အရွက်တွေ မဝေနိုင်ဘဲနဲ့ လဲကျသေဆုံးသွားမှာဖြစ်တယ်။

အဲဒီတော့ ဆိုလိုတာက “ရှင်သန်ခြင်း” နဲ့ “ကြီးထွားခြင်း”ဆိုတာ မတူညီဘူး။ ဒါကိုသိဖို့လိုတယ်။ အဲဒီတော့ ရှင်သန်မယ်ဆိုတာ အပင်လေးကို ကျွန်တော်တို့က မသေရုံတမယ်လေး ထားထားလိုက်မယ်၊ အရွက်ကလေးထွက်လာမယ်၊ ခူးပြီးစားလိုက်မယ်။ နောက်အရွက်လေးထွက်လာမယ်၊ ခူးပြီးစားလိုက်မယ်။ အဲဒီတော့ ဒီအပင်လေးသည် ရှင်တော့ ရှင်သန်နေလိမ့်မယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့၊ ကြီးထွားတဲ့ အသီးအပွင့်တွေဖြစ်လာအောင် ပေးနိုင်မှာ မဟုတ်တော့ဘူး။

အဲဒီတော့ ဒါဆို ကျွန်တော်တို့ကဘာလုပ်ပေးရမလဲ။ သူ့ကို ရှင်သန်ခွင့်ရော၊ ကြီးထွားခွင့်ရော အရင်ပေးဖို့လိုပါတယ်။ 

အိုကေ...။ အဲဒီတော့ ပထမဦးဆုံး ကျွန်တော်က Example လေးတစ်ခု ပေးပေးချင်ပါတယ်။ တစ်ခါတုန်းက ကျွန်တော် ကုမ္ပဏီမှာ အလုပ်လုပ်တဲ့အချိန်မှာ ကျွန်တော့်ရဲ့ တခြားဌာနတစ်ခုက ဝန်ထမ်းပေါ့နော်။ တပည့်မလေးဆိုပါတော့။ သူက ကျွန်တော့်ဆီကိုဆက်သွယ်ပြီးတော့ အပိုဝင်ငွေလေးရအောင် လုပ်ချင်တယ်။ ကူညီပြီး လမ်းညွှန်ပေးပါလို့ပြောတယ်။ အဲဒီတော့ ကျွန်တော်က ကူညီပေးတယ်။ အပိုဝင်ငွေရအောင် ဘယ်လိုဘယ်လိုတွေလုပ် ဘာလေးတွေလုပ်ဆိုတဲ့အပြင် ကျွန်တော်က အရင်းအနှီးပါထုတ်ပြီးတော့ ချေးပေးလိုက်တယ်။

အဲဒီတော့ သူက ဘာလုပ်သလဲဆိုတော့ အွန်လိုင်းပေ့ချ်လေး တစ်ခုဖွင့်တယ်။ အဲဒီပေ့ချ်ကနေ သူ ပစ္စည်းလေးတွေရောင်းတာကို သူစပြီးတော့လုပ်တယ်။ စလုပ်တော့ တစ်လ နှစ်လ သုံးလ ကြာသွားတယ်။ 
ကျွန်တော်ပြန်တွေ့တော့မေးကြည့်တယ်။

“ညီမ.. ဘယ်လိုနေလဲ၊ နင်အဆင်ပြေလား” ပေါ့။
“ဆရာ၊ အရမ်းအဆင်ပြေတယ်၊ တစ်လကို အပိုဝင်ငွေ အသားတင် အမြတ် တစ်သိန်းလောက်ရှာနိုင်တယ်”
သူ့လစာက သုံးသိန်း လေးသိန်းလောက်ရှိတယ်။ အဲဒီအချိန်မှာ တစ်သိန်း အသားတင်အမြတ်ရတယ်ဆိုတာသည် အရမ်းကောင်းတဲ့ အပို Income တစ်ခုပဲ။ အဲဒီတော့ ဒီကနေပြီးတော့ သူပစ္စည်းလေးတွေ ထပ်ဝယ်မယ်၊ ထပ်ရောင်းမယ်၊ နောက် အပြင်မှာ ဆိုင်လေးဖွင့်မယ်။ ဒါသူ့အိပ်မက် စိတ်ကူးယဉ်အိပ်မက်လေးတစ်ခုကို ကျွန်တော်တွေ့လိုက်ရတယ်ပေါ့နော်။

အဲဒီတော့ ဟုတ်ပြီ၊ အဆင်ပြေသွားပြီပေါ့။ ဒါနဲ့ ကျွန်တော်တို့ မတွေ့ဖြစ်ကြတော့ဘူး။ ဒါပေမဲ့ နောက်တစ်နှစ်လောက်ကြာသွားတယ်။ သူနဲ့ပြန်တွေ့တဲ့အခါမှာ ကျွန်တော်ဘာမှန်းထားသလဲဆိုတော့ သူဆိုင်ကြီး
တစ်ဆိုင်မဟုတ်ရင်တောင်မှ အွန်လိုင်းရှော့ပင်ကြီးကြီးတစ်ခုကို သူ Run နေနိုင်လောက်ပြီပေါ့နော်။ ဒီလို ကျွန်တော်ကထင်ပြီးတော့ မေးမိတယ်။
“လုပ်ငန်းအခြေအနေ ဘယ်လိုလဲ”

အဲဒီတော့ သူက ဘာပြန်ဖြေသလဲဆိုတော့-
“ဆရာ.. တဲ့၊ သမီး ဘာမှ မလုပ်ဖြစ်တော့ဘူးတဲ့။ ဝန်ထမ်းပဲ၊
ဝန်ထမ်းလစာပဲရှိတော့တယ်”
“ဟာ... ဘာ့ကြောင့်လဲ၊ ဘာ့ကြောင့် ဒီလောက်ကောင်းတဲ့အလုပ်
ကို မင်းစွန့်လွှတ်လိုက်တာလဲ” ပေါ့။

သူက ဘာပြောလဲဆိုတော့ တစ်လတစ်လ မြတ်တဲ့ တစ်သိန်း အမြတ်ငွေလေးကို သူစုစုထားတယ်တဲ့။ စုထားတော့ လေးငါးလလောက် ရောက်တဲ့အခါမှာ ငါးသိန်းခြောက်သိန်းလောက် စုမိလာတယ်။ အဲဒီတော့ သူက အိမ်က သေတ္တာထဲမှာထားတယ်။ အဲဒီတော့ အိမ်ကအမေက ဒီပိုက်ဆံကို တွေ့သွားတဲ့အခါမှာ အတင်းယူသွားတယ်တဲ့။ ဘာလို့ အတင်း ယူသွားတာလဲပေါ့နော်။ ဒါ စီးပွားရေးလုပ်ဖို့လို့ အမေ့ကို ပြောမထားဘူးလားပေါ့။ ပြောတယ်တဲ့။

ဒါပေမဲ့ မရဘူး။ ဘာလုပ်ပစ်လိုက်လဲဆိုတော့ လောင်းကစားပေါ့နော်။ နှစ်လုံး သုံးလုံးထိုးပစ်လိုက်တယ်။ အဲဒီပိုက်ဆံ ကုန်သွားတယ်။ ပြန်ပေးမယ်လို့ပြောတယ်။ တကယ့်တကယ် ရှုံးသွားတော့ ပြန်မပေးနိုင်ဘူး။ နောက်ထပ် သုံးလေးလ သူထပ်ပြီးတော့ Run တယ်။ ပိုက်ဆံလေး ထပ်စုမိလာတယ်။ ဒီလိုဖြစ်မှာစိုးတော့ သူက အိမ်မှာမထားတော့ဘူး။ ဘဏ်ကတ်ထဲမှာ ထားထားတယ်။ ဒါပေမဲ့ သူ့သမီးက Business လုပ်နေတာကို သိတဲ့အမေက သုံးလေးလလောက် နေရင် ဒီလောက်ပမာဏတော့ ထပ်စုမိမှာပဲဆိုတာကို သိထားတော့ အတင်းတောင်းတယ်။ နောက်ဆုံး မိဘနဲ့သားသမီးလို့ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ ဒါ ဘယ်လိုပဲနေနေပေါ့နော် အလျှော့ပေးလိုက်ပြီးတော့ ဘဏ်ကတ်ထဲမှာရှိတဲ့ဟာကို ပေးလိုက်ရတယ်။

အဲဒီတော့ သူစိတ်ကူးယဉ်အိပ်မက်မက်ထားတဲ့ဆိုင်လေး နောက်တစ်နှစ် နှစ်နှစ်မှာဖြစ်ဖို့ဆိုတာ မဖြစ်တော့ဘူး။ သူ့အတွက် အရမ်းစိတ်ဆင်းရဲရတယ်။ အမေဖြစ်တဲ့အတွက် အမေ့ကို မပေးဘူးဆိုရင်လည်း အကုသိုလ်ဖြစ်မှာလား၊ ငရဲကြီးမှာလား၊ မိဘကိုစိတ်ဆင်းရဲအောင်လုပ်ရင် တစ်သက်လုံး မချမ်းသာတော့ဘူးလား အစရှိတဲ့ အတွေးအခေါ်တွေကြားမှာ သူလည်း လုံးဝ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ ငါဘာမှ မလုပ်တော့ဘူး။ ဒီလစာနဲ့ပဲနေတော့မယ်။ ဒီတော့ အရင်အတိုင်းပဲ။

ဒါ ကျွန်တော်ကြုံခဲ့ဖူးတဲ့ Story တစ်ခု ဖြစ်ပါတယ်။
အိုကေ.. နောက်တစ်ခုကကျတော့ ရယ်လည်းရယ်ရတယ်ပေါ့နော်။ ဘယ်လိုရယ်ရလဲဆိုတော့ ကျွန်တော်က ဌာန မန်နေဂျာအနေနဲ့ တာဝန် ထမ်းဆောင်နေရတဲ့အချိန်ပေါ့နော်။ လုပ်ငန်းအကြီးကြီးတစ်ခုမှာ။ အဲဒီအချိန်မှာ ကျွန်တော့်လက်အောက်မှာ ကျွန်တော်က ဝန်ထမ်းတစ်ယောက်ခန့်ဖို့ စပြီးတော့ ကျွန်တော်တို့ကြုံရတယ်။ အဲဒီတော့ HR က အင်တာဗျူးတွေလုပ်တယ်။ နောက်ဆုံး Final List ကျွန်တော့်ဆီရောက်လာပြီးတော့ ကျွန်တော်က လူတွေ့အင်တာဗျူးပြီးတော့ ခန့်လိုက်တယ်။ အဲဒီတော့ ခန့်လိုက်တဲ့အချိန်မှာ ဒီနေ့ပဲ အင်တာဗျူးအောင်ကြောင်း ကျွန်တော်က ပြောလိုက်တာပေါ့ဗျာ။ ဒါပေမဲ့ ဖြစ်ချင်တော့ ဒီ အင်တာဗျူးမှာ အောင်သွားတဲ့ဝန်ထမ်းသည် အမျိုးသမီးငယ်လေးဖြစ်နေတယ်။ အသက် ၂ဝ ကျော်ပဲရှိသေးတယ်။ ရုပ်ရည်လည်း ချောမောလှပတယ်။ ဒီလိုဆိုပါတော့။

အဲဒီတော့ ကျွန်တော်တို့က ခန့်လိုက်ပြီ။ လှမ်းပြီးတော့ အကြောင်းကြားလိုက်ပြီးတော့။ အဲတော့ ခန့်ပြီးသွားတဲ့ နောက်တစ်နေ့မှာ ဝန်ထမ်းကတော့ သူက အလုပ်မဆင်းသေးဘူး။ အလုပ်ကိုမရောက်သေးဘူး။ ကျွန်တော့်ဆီကို ဖုန်း Call တစ်ခုဝင်လာတယ်။ ဖုန်း Call တစ်ခုပေါ့နော်။
“ဟုတ်ကဲ့၊ ဘယ်သူပါလဲ” ပေါ့။

သူက
“ဦးကောင်းဟိန်းစိုးပါလား” တဲ့။
“ဟုတ်ပါတယ်၊ ကျွန်တော် ကောင်းဟိန်းစိုးပါ”
“ကျွန်တော်မေးချင်တာလေး ရှိလို့ပါ” တဲ့။
“ကဲ... ဟုတ်ပြီ၊ မေးပ” ပေါ့။

မေးတော့ “ခင်ဗျားတို့ဌာနမှာ လူဘယ်နှယောက်ရှိလဲ” တဲ့။
ဝန်ထမ်းဘယ်နှယောက်ရှိလဲ။ အဲဒီတော့ ကျွန်တော်ကလည်း ပြောတာပေါ့။ ဖြေမိတာပေါ့။ ကျွန်တော့ဌာနမှာ ဝန်ထမ်း ဘယ်နှယောက် ဘယ်နှယောက်ရှိပါတယ်။ 

အဲဒီတော့ သူက ဘာပြန်မေးလဲဆိုတော့-
“ယောက်ျားလေးဝန်ထမ်း ဘယ်နှယောက်ရှိလဲ” တဲ့။
“ခင်ဗျားက ဘယ်သူလဲ” ပေါ့။
သူက အဲဒီတော့မှ သူက ပြန်ပြောတယ်။
“မနေ့က ကျွန်တော့်ဌာနမှာ အင်တာဗျူးအောင်သွားတဲ့ ကောင်မ
လေးရဲ့ ရည်းစားပါ” တဲ့။

အခုခေတ် Relationship လို့ခေါ်ကြတဲ့ ရည်းစားပါ။ သူက ထပ်ပြီးတော့မေးတယ်။ ယောက်ျားလေး ဘယ်နှယောက်ရှိလဲတဲ့။ လူပျိုရော ဘယ်နှယောက်ရှိလဲတဲ့။ သူ့ကောင်မလေးနဲ့က ဘယ်သူနဲ့တွဲလုပ်ရမှာလဲတဲ့။ ယောက်ျားလေးတွေချည်းပဲရှိနေရင် စိတ်မချဘူးတဲ့။ အဲတော့ သူအလုပ်လုပ်ခိုင်းမှာ မဟုတ်ဘူးတဲ့။ အဲတော့ ယောက်ျားလေးနဲ့တွဲပြီးတော့ အလုပ်အဆိုင်းချရင်လည်း စိတ်မချဘူးတဲ့။ ခရီးတွေဘာတွေလည်း သူက ထွက်ခွင့်ပြုမှာ မဟုတ်ဘူးတဲ့။ နောက်ဆုံး ညဘက် Team Gathering လုပ်လို့ ညဘက်တွေဘာတွေ သောက်ရစားရမယ်၊ ပါတီတက်ရမယ် ဆိုလည်း ခွင့်ပြုမှာမဟုတ်ဘူးတဲ့။ အဲဒီတော့ ဒါတွေ မရှိဘူးဆိုတော့မှ သူ့ကောင်မလေးကို ဒီအလုပ်မှာ စိတ်ချလက်ချလုပ်နိုင်မှာပါလို့ သူက ပြောတယ်။

အဲဒီတော့ ကျွန်တော်ကလည်း စကားမြန်မြန်ဖြတ်လိုက်တာပေါ့ဗျာ။“ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ ဒါတွေ အကုန်လုံးသုံးသပ်ပေးပါမယ်”

ဖုန်းချလိုက်တယ်။ ဖုန်းချပြီးပြီးချင်းမှာ ကျွန်တော် HR ကို လှမ်းအကြောင်းကြားလိုက်ရတယ်။
“အင်တာဗျူးပြီး အလုပ်ခန့်ထားတဲ့တစ်ယောက်ကို အလုပ်မခန့်ပါနဲ့တော့၊ ချက်ချင်းဖြုတ်လိုက်ပါ”ဒီလိုမျိုး ကျွန်တော်တို့ ပြောလိုက်ရတယ်။

အဲဒီတော့ ဒါက ဒုတိယ Story တစ်ခုပါ။အိုကေ... အဲဒီတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ Story နှစ်ပုဒ်ကို ကျွန်တော်က ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့တွေ့ရတဲ့ ကျွန်တော်တို့ Culture(ယဉ်ကျေးမှု) ကျွန်တော်တို့လူမျိုးတွေရဲ့ ကျွန်တော်တို့မြန်မာပြည်ကလူတွေရဲ့ Culture မှာ ရှင်သန်ခွင့်နဲ့ ကြီးထွားခွင့်” ဆိုတာကို ရောထွေးနေကြတယ်။ သူတို့ မသိကြဘူး။ ဒီလိုဖြစ်နေတယ်နော်။

အဲဒီတော့ ဆိုလိုတဲ့သဘောက ပထမ Story မှာဆိုရင် ကျွန်တော့်ရဲ့ တပည့်မလေးသည် သူစီးပွားရေးလုပ်ငန်းတစ်ခု သူလုပ်တယ်။ ထူထောင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့သည် သူရှင်သန်နေပြီ။ သူ့ကို ကြီးထွားခွင့်လေး ကျွန်တော်တို့ ပေးလိုက်မယ်။ ဆိုင်ကြီး အကြီးကြီးဖြစ်လာမယ်။သူ သူဌေးမ ကြီးဖြစ်လာမယ်ဆိုရင် တစ်လကို နှစ်လုံး သုံးလုံး လေးငါးသိန်းထိုးဖို့လောက် မပြောနဲ့ဗျာ။ ပိုက်ဆံတွေ ဗုံးဗောလအော သူ့မိဘတွေရမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့သည် ဘာကို မတွေးတတ်ဘူးလဲ။ ရေရှည်ကိုမတွေးတတ်ဘူး။ ရှိတဲ့အရာလေးကို ကျွန်တော်တို့က သုံးပစ်လိုက်မယ်။

အဲဒီတော့ ငါသည် မိဘပဲ၊ ဒီလိုမျိုးပေါ့။ ငါပြောတာ လုပ်ရမယ်။အဲဒီတော့ ဆိုလိုတဲ့သဘောက ကျွန်တော်သည် အခု အသက်သုံးဆယ့်နှစ်နှစ်ရှိသွားပြီ။ ဒါပေမဲ့ ကျွန်တော်နဲ့ ငါးနှစ်ပဲကွာတဲ့ ကျွန်တော့်တပည့်တွေနဲ့ ကျွန်တော်နဲ့ဟာ အတွေးအခေါ် တော်တော်များများ မတူတော့ဘူး။ ဒါကို ကျွန်တော်တို့က Generation Gap လို့ ခေါ်တာပေါ့။
အဲဒီတော့ မိဘနဲ့သားသမီး ဆိုတာသည် အနည်းဆုံး ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်ကွာတယ်။ သူတို့ခေတ်တုန်းက ကောင်း ခဲ့တဲ့အရာတွေသည် ကျွန်တော်တို့ခေတ်မှာ မကောင်းတော့ဘူး။ သူတို့ခေတ်တုန်းကမှန်ခဲ့တဲ့အရာတွေ သည် ကျွန်တော်တို့ခေတ်မှာ မှားချင်မှားသွားနိုင်တယ်။

အဲဒီတော့ မိဘရဲ့ Authority ကို သုံးပြီးတော့ သူကလည်း လမ်းမှားနေတဲ့အချိန်မှာ သားသမီးတွေသည် ရှင်သန်ခြင်းပဲ ရတော့တယ်။ ကြီးထွားခြင်းကို မရတော့ဘူး။ သိပ်နှမြောစရာကောင်းတဲ့အနေအထား။

နောက်တစ်ခုကတော့ Relationship ပေါ့နော်။ကျွန်တော်တို့ အများကြီးကြုံဖူးတယ်။ လုပ်ငန်းခွင်ထဲမှာ အတွဲ
တွေရှိတယ်။ ကောင်မလေးကို အလုပ် ပိုပေးမိရင် သူ့ကောင်မလေးကိုဖိနှိပ်တယ်လို့ သူ့ရည်းစားက ယူဆတယ်။ ကောင်မလေးကို အလုပ်တွေလျှော့ပေးလိုက်ရင် သူ့ကောင်မလေးကို မန်နေဂျာက ဖွန်ကြောင်တယ်လို့ယူဆတယ်။ ဘာအလုပ်မှ မပေးတော့ဘူးဆိုရင်လည်း သူ့ကောင်မလေးကိုသက်သက်ငြိုးတယ်လို့ယူဆတယ်။ အလုပ်တွေအများကြီး ပေးပြန်ရင်လည်းတစ်မျိုးဖြစ်ပြန်တယ်။ ဟော... အဲဒီတော့ ဘယ်လိုမှ Relationshipတွေက အဆင်မပြေတော့ဘူး။ 

အဲဒီတော့ ခရီးသွားတဲ့အဖွဲ့တွေမလိုက်ဘူး၊ခရီးသွားတဲ့ Team တွေ Team Activities တွေ မလုပ်ဖြစ်ဘူး။ညစာ စားပွဲတွေ မလုပ်ဖြစ်ဘူး။ အဲဒီတော့ အမှတ်တွေလျော့တယ်၊ရာထူးတွေ မတိုးတော့ဘူး။ ဒီနေရာမှာပဲ ရှိနေတော့တယ်။

အဲဒီတော့ ခုနက ဒုတိယ Story က ဝန်ထမ်းမိန်းကလေးဆိုလည်းတစ်ခါတည်း အလုပ်ပြုတ်သွားတယ်။ ဘာ့ကြောင့်လဲ။ Relationshipရဲ့ ပိတ်ပင်ထားမှုကြောင့် ကြီးထွားခွင့်မရှိတာ။ အဲဒီတော့ ကျွန်တော်တို့သည် ဘာကိုသုံးသပ်ရမလဲဆိုရင် “ရှင်သန်ခြင်းနဲ့ ကြီးထွားခြင်း”ကိုသုံးသပ်ရမယ်။

အိုကေ... အဲဒီတော့ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ လုပ်ငန်းခွင်ရဲ့အယူအဆတွေပြောင်းလာတယ်။ Performance Managementပုံစံတွေပြောင်းလာတယ်။ လုပ်ငန်းခွင်က စီစဉ်ပေးတဲ့ Team Building တွေ သွားရတယ်။ Activitity တွေ သွားရတယ်။ Trip တွေထွက်ရတယ်။ ညစာစားပွဲတွေသွားရတယ်။ Training တွေ တက်ရတယ်။

အဲဒီတော့ ဒီဟာတွေကို Relationship က လိုက်ပိတ်ပင်တဲ့အချိန်မှာဘဝတက်လမ်းတွေ ပျောက်ကွယ်သွားတာကျွန်တော်တို့ အများကြီးကြုံရတယ်။

အဲဒီတော့ ကျွန်တော်တို့ ဘာကိုပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ ခုလက်ရှိ ကျွန်တော်ကြုံရသမျှ လူငယ်တွေရဲ့ ၆ဝ-၇ဝ ရာခိုင်နှုန်းကနေပြီး ၈ဝ ရာခိုင်နှုန်းလောက်အထိသည် နံပါတ်တစ် မိဘ၊ နံပါတ်နှစ် Relationship ကြောင့် ကြီးမားတဲ့ ဘဝအောင်မြင်မှုတက်လမ်းတွေကိုဆုံးရှုံးနေရတယ်။ အပြင်လောကမှာ လက်တွေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အများကြီး ကျွန်တော်တို့ ပြောပြလို့ရသေးတယ်။ မိဘက ပိတ်ပင်လိုက်တယ်။ ဒီအလုပ်ကြီးသည်မကောင်ဘူး၊ ဒီအလုပ် မလုပ်နဲ့တော့၊အိမ်ကိုပြန်လာခဲ့တော့။ မိဘနားမှာပဲနေ။ အဲဒါမျိုးကတစ်မျိုး။

ကျွန်တော် အမြဲတမ်း Train ပြီးတော့ လေ့ကျင့်ပေးထားတဲ့ အမျိုးသမီးဝန်ထမ်းလေး တစ်ဦးရှိသေးတယ်။ ကျွန်တော်တို့ စာတွေသင်ပေးတယ်။ အလုပ်တွေလုပ်ပေးတယ်။ အိမ်ကပြန်ခေါ်တယ်။ အတင်းပြန်လာခေါ်သွားတယ်။ ငိုပြီး ပါသွားတယ်။ ဘာကြောင့်လဲ။ သူတို့နား မှာနေတဲ့အစ်မပေါ့နော်၊ အစ်မက အိမ်ထောင်ကျသွားတယ်။ ယောက်ျားနောက်လိုက်သွားတယ်။ 

အဲဒီတော့ အိမ်မှာ လူမရှိတော့လို့ အဖော်မရှိတော့လို့တက်လမ်းတွေတလူလူနဲ့ မြို့မှာ အလုပ်လုပ်နေတဲ့ကလေးကို ရွာကိုပြန်ခေါ်သွားတယ်။ ရွာမှာ ဘာလုပ်ရမလဲ။ ဘာမှ မရှိဘူးပေါ့နော်။ မြို့ထက်စာရင် တက်လမ်းတွေပိတ်ကုန်တယ်။

အဲဒီတော့ ဆိုလိုတဲ့သဘောက ခုန ကျွန်တော် အစမှာ ပြောခဲ့သလိုပဲအခုပြောပြချက်များသည် ကျွန်တော့်ကို လူတွေ ဝိုင်းဆဲရင် ဆဲကြလိမ့်မယ်၊ဝိုင်းပြောရင် ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရဲရဲကြီးပြောချင်တာတစ်ခုက ကျွန်တော် တို့ရဲ့လူငယ်တွေသည် ရှင်သန်ခွင့်ပဲရနေတယ်။ကြီးထွားခွင့် ရမနေဘူး။ ဘယ်သူတွေကြောင့်လဲ။ များသောအားဖြင့် တစ်အချက်သည် မိဘ၊ နံပါတ်နှစ်သည် Relationship ဖြစ်ပါတယ်။

အဲဒီတော့ သူတို့တွေရဲ့ စိတ်မချဘူးဆိုတဲ့ စကားလုံးတစ်လုံးအောက်မှာ လူငယ်တွေရဲ့ ဘဝ တော်တော်များများဟာ နစ်မွန်းသွားတာကို ခင်ဗျားတို့ သတိထားကြည့်ရင် အများကြီးတွေ့ရလိမ့်မယ်။ စိတ် မချဘူး၊အိမ်က မလွှတ်ဘူး၊ နော်... အဲဒါနဲ့ပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်။ ကိုယ့်ကိုယ့်ကိုယ် လုပ်နိုင်ကိုင်နိုင်တဲ့စွမ်းရည်သတ္တိတွေ နည်းပါးလာတယ်။ အသိမိတ်ဆွေ တွေနည်းလာတယ်။အတွေ့အကြုံတွေ နည်းလာတယ်။

အဲဒီတော့ ကျွန်တော် ဒီနေ့ပြောချင်တာက အသိမိတ်ဆွေတွေကိုလည်း ပြောပြပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လည် ပြုပြင်ယူပါ။ ကိုယ်သည် ရှင်သန်ခွင့်ရော၊ ကြီးထွားခွင့်ရော နှစ်ခုစလုံးရှိနေသလား။ နှစ်ခုလုံးရှိနေမှသာ ကျွန်တော်တို့သည် အောင်မြင်တဲ့ဘဝတစ်ခုကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော် ကောင်းဟိန်းစိုးပါ ။







Keep Reading

မြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားကိုယ်ပိုင်လုပ်ငန်းအတွက် အရင်းအနှီးရှာနည်း ◾Personal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾စီးပွားရေးစလုပ်သူတိုင်း သတိထားရမည့်အချက်များOnlineပေါ်မှာ လူတွေ စိတ်ဝင်စားစေတဲ့ အချက်(၄)ချက်စျေးရောင်းမကောင်းဘူးဆိုရင် PAS နဲ့ စမ်းကြည့်စေချင်တယ်အားထုတ်လုပ်ဆောင်မှုအပေါ်မူတည်ပြီး ရလဒ်တွေကွာသွားတယ် ◾