ရိန်ဇော်

လူသားတယောက်က ဒီလိုတွေတွေးလားဆိုတာ တွေးမိရင်း အံ့ဩနေမိတယ်။
နေဆိုတဲ့ ကြယ်တလုံးကို လှည့်နေတဲ့ ဂြိုဟ်တလုံးပေါ်မှာ အထူးပြုလုပ်ထားတဲ့ လူသား ကျွန်တော်တို့ရှိတယ်။ DNA က ကျွန်တော်တို့လူသားမျိုးနွယ်ကို ကော်ပီပွားပြီး ဆက်လက် သယ်ဆောင်ပေးတယ်။ကြယ်တွေက အနန္တရှိတယ်။ စကြာဝဠာရဲ့ မရှိဘူးထင်ရလောက်အောင် သေးငယ်တဲ့ အမှုန်လေးတွေဟာ ကျွန်တော်တို့ပါပဲတဲ့။
ပြီးတော့ ဘုရားသခင်မရှိပါဘူးလို့ ယုံကြည်တယ်တဲ့။ စကြာဝဠာရဲ့ နိယာမတွေ (ပြဌာန်းထားတဲ့ ဥပဒေသတွေ)ကို မည်သူမှ ဝင်မစွက်ဖက်နိုင်ဘူးတဲ့။
ဘလက်ဟိုးလို့ခေါ်တဲ့ သေသွားတဲ့ ကြယ်တွေရဲ့ အဆုံးမဲ့ သိပ်သည်းနေတဲ့ တွင်းကြီးတွေ ရှိတယ်တဲ့။ အဲနေရာမှာ အမြန်ဆုံးအလင်းလည်း ထွက်မပြေးနိုင်ဘူးတဲ့။ အချိန်တွေ ဟင်းလင်းပြင်တွေဟာ ဒီဘလက်ဟိုးတွေမှာ မတည်ရှိတော့ဘူးတဲ့။ ကျွန်တော်တို့တွေဟာ ဘလက်ဟိုးထဲ ရောက်သွားရင် ပြန်ရှာမတွေ့တော့ဘူးတဲ့။
AI လို့ခေါ်တဲ့ ဉာဏ်ရည်တုတွေဟာ တိုးတက်နှုန်း ရှိနေတယ်။ တိုးတက်မှုဟာ လူတွေထက် သာသွားပြီး သူတို့ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသွားနိုင်တယ်တဲ့။ AI မှာသာ ဆန္ဒတခုရှိပြီး လူသားတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီခဲ့ရင် AI ကို ဘယ်လိုထိန်းချုပ်ရမလဲတဲ့။
စတီဖင်ဟော့ကင်းဟာ လူသားမျိုးနွယ်တွေအတွက် စိုးရိမ်နေရှာတယ်။ ဒိုင်နိုစောတွေ ပျောက်ကွယ်ခဲ့သလို ဂြိုဟ်သိမ်တွေနဲ့ တိုက်မိတာဟာ ဖြစ်နိုင်ခြေရှိပြီး လူသားတွေ မျိုးသုန်းသွားနိုင်ပါတယ်တဲ့။ လတ်တလောအနေနဲ့ကလည်း ကမ္ဘာကြီး ပူနွေးလာမှု သယံဇာတတွေ ကုန်ဆုံးသွားမှု လူဦးရေ များပြားလာမှု စတဲ့ အချက်တွေကလည်း လူတွေ အန္တရာယ်ကျနိုင်တယ်။ နူးကလီးယားစစ်ပွဲတွေ ရှိလာနိုင်တယ်တဲ့။ နေထိုင်ဖို့ သင့်တော်တဲ့ တခြားဂြိုဟ်တွေကို ရှာဖွေဖို့ ကိုလိုနီပြုဖို့ အားပေးပါတယ်တဲ့။ ( ဂရစ်ဖတီအပြင်ဖက် ခုန်ထွက်တဲ့အကြောင်းတွေလည်း ပါတယ်)
လုံးဝမတွေးမိတဲ့ ကျွန်တော်တို့အကြောင်းကို ဖတ်ရတာပါပဲ။ ဘာသာပြန်ပေးသူရှိလို့ ဖတ်ရတာလည်း ကံကောင်းတာပါ။ မေးခွန်းတွေက ဆက်လက် ရှိနေဆဲပဲတဲ့။ လူသားတွေရဲ့ အစကဘာလဲ။ Conscious ဆိုတာ ဘယ်လိုပေါ်လာတာလဲ။ ကြယ်တွေဆီ ကိုလိုနီ ပြုနိုင်မှာလား။ AI က လူထက် သာသွားမှာလား။ စတီဖင်ဟော့ကင်းက မှာထားတယ် ''ကြယ်တွေကို မော့ကြည့်ဖို့ သတိရကြပါ ခင်ဗျား ခြေထောက်တွေကိုပဲ ငုံကြည့်မနေပါနဲ့တဲ့''
20.3.2019.
#reinzaw
Keep Reading