စာကြမ်းပိုး
စာမျက်နှာ ၅၄၅
ဒုတိယအကြိမ်
ငါတို့စာပေ
မဂ္ဂဇင်းတွေမှာဖော်ပြခဲ့ပြီးတဲ့ ဆရာမင်းလူရဲ့ ဝတ္ထုတိုပေါင်း ၁၀၁ ပုဒ်ကိုအားရပါးရဖတ်ရှုလိုက်ရပါတယ်။
ကဗျာစာစုလေးတွေ သဘောကျတာ ဆိုတာ၊ ဥပမာ "နှင်းဆီပန်းလေးတွေဖျားတဲ့အခါ နေမင်းကဆေးကုပေးတယ်။ ကြယ်ကလေးတွေဖျားတဲ့အခါ လမင်းက ဆေးကုပေးတယ်။ ကိုယ့်နှလုံးသား ဖျားတဲ့အခါ မိကျော်က ဆေးကုပေးပါနော် "..တဲ့ ရည်းစားစာလေးတွေ။ ရှယ်ဖတ်လို့ကောင်း ပဲ :D ။
ဝတ္ထုနာမည်တွေမမှတ်မိတော့ ပဲ အထဲကအကြောင်းအရာတွေကို မှတ်မှတ်သားသားဖြစ်နေတာလေးတွေရှိတယ်။ဆေးရုံတခုမှာ ဗိုက်လာအပ်ကြသူတွေကိုပုံဖော်ထားတဲ့ ဝတ္ထုလေးဆို အတော်အသက်ဝင်တယ်။ ဟိုးအရင်က ကျွန်မနေတဲ့အိမ်အရှေ့မှာ သားဖွားမီးယပ်ဆောင်လေ။ ကျွန်မမြင်နေကျ ကိုယ်ဝန်ဆောင်သည်တွေရဲ့ ပုံစံကိုတောင် ပြန်မြင်ယောင်မိတယ်။
ရွာတွေမှာ အ သုံးလုံး သွားသင်တဲ့ ကျောင်းသားတယောက်ရဲ့ မျက်မှန်နဲ့ပတ်သက်တဲ့ အတွေ့အကြုံအကြောင်းကလည်း ရယ်ချင်ပြုံးချင်စရာ။ဝတ္ထုတို တပုဒ်ရဲ့အစပိုင်းမှာပါတဲ့ စာတခုဆို အခုထိမှတ်မိနေသေးတယ်။ "ယောကျ်ားတွေကမိန်းမယူချင်လို့ မင်္ဂလာဆောင်ပြီး မိန်းမတွေကတော့ မင်္ဂလာဆောင်ချင်လို့ ယောကျ်ားယူတာ " ပါတဲ့ :D
ဆရာမင်းလူရဲ့ အစ်ကိုဖြစ်သူ "ဦးသုမောင်" ရေးသားထားတဲ့ "ကွမ်းစကား ပေါင်းချုပ် " နဲ့ဆက်စပ်တွေးလို့ရတဲ့အကြောင်းအရာလေးတွေလည်းပါတယ်။ ဥပမာ - ဘကြီးတော်သူ "ဆရာမောင် ဆေးနီမှုန့် " ဆေးတိုက်ပိုင်ရှင်အကြောင်း ၊ ဖခင်ဖြစ်သူ "ဦးသာဓု" ရဲ့ ငယ်စဉ်ကရုန်းကန်ခဲ့ရပုံအကြောင်း ၊ မိခင်ဖြစ်သူရဲ့ သဘောကောင်းပုံအကြောင်း စသဖြင့်ပေါ့။
စက်ဘီးရယ် ၊ အချစ်ရယ် အရက်ရယ်မှာ တူညီတဲ့ အချက်တွေရှိတယ်တဲ့.အဲ့ဒီလို စာလေးတွေလည်း အများကြီးပဲ ဖတ်လိုက်ရတယ်။စိတ်ညစ်ရင် အရက်မသောက်ပဲ စာဖတ်တယ်တဲ့..အရက်က အပျော်သောက်တာအကောင်းဆုံးပဲ..တဲ့။
မှတ်မှတ်ရရ စာရေးဆရာတွေကိုသာ စာမူခမတိုးပေးတော့ရင် ဆိုပြီး သရော်တော်တော်ရေးထားတဲ့ "ရေးတော့အမှန်"ဆိုတဲ့ ဝတ္ထုလေးတပုဒ်ကိုတော့သိပ်သဘောကျတာပဲ။ သူနဲ့ခင်သမျှ စာရေးဆရာတွေ နာမည်နဲ့ ဇာတ်လမ်းလုပ်ထားတာ။ ရယ်နေရတယ် :D
နောက်ဆုံး ဝတ္ထု "ရတနာခုနစ်သွယ်" ကတော့ ရယ်လည်း ရယ်ရ ၊ ခံလည်း ခံစားရတဲ့ဝတ္ထုရှည်ပါ။ ရယ်ရတာကတော့ ဒီလို မီးတွေပျက် ၊ တိုင်တွေပတ်နေတဲ့အချိန်မှာ ဒါမျိုးအကြောင်းအရာတွေကို ဖတ်လိုက်ရလို့။ ခံစားရတာကတော့ ဦးနှောက်ထဲအကြိတ်ရှိနေရဲ့သားနဲ့တောင် စာနဲ့ရေး ၊ စာနဲ့မရေးနိုင်တော့လက်နှိပ်စက်နဲ့ရေး ၊ လက်နှိပ်စက်နဲ့ မရေးနိုင်တော့ပါးစပ်ကပြောပြီး ဆက်ရေးခဲ့တဲ့ ဆရာ့ရဲ့အားထုတ်မှုကို နင့်နင့်နဲနဲ ခံစားမှုတခုဖြစ်မိလို့ပါ။ ဆရာမ "ယုယ" က ဆက်ပြီးရေးပေးထားတာတွေ့ရပါတယ်။
ဒီနှစ်ထဲ ဆရာမင်းလူရဲ့အစ်ကိုဖြစ်သူ စွယ်စုံအနုပညာရှင် "သုမောင်" ရဲ့ "ကွမ်းစကားပေါင်းချုပ်" လည်းဖတ်ပြီးပြီ။ ဒီ "မင်းလူဝတ္ထုတိုပေါင်းချုပ် " ဖတ်နေရင်းနဲ့ ဆရာကြီး သုမောင် ပြောတဲ့ သူ့ညီအငယ်ဆုံးရဲ့အတွေးတွေက ဆန်းသစ်တယ်..ဆိုတာ တကယ်ပါပဲလား ..လို့ ပြန်တွေးမိသွားတယ်။ ဖတ်ရတာ နုသစ်လတ်ဆတ်နေတာပဲ။ ပေါ့ပေါ့ပါးပါး ပေမယ့် ပေါ့ပြက်ပြက်တော့လည်းမဟုတ်ပြန်ဘူး။ သိပ် နှစ်သက်စရာ ကောင်းတဲ့ ဝတ္ထုတိုတွေမို့ မှတ်မှတ်ရရ ဖြစ်နေတော့မှာပါ။
ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com
Keep Reading