Author's Profile Photo

စာကြမ်းပိုး

6/05/2024

ကိုယ်ကျင့်အဘိဓမ္မာ အရှင်ဇနကာဘိဝံသ

2 mins read
Book Review
ကိုယ်ကျင့်အဘိဓမ္မာ
အရှင်ဇနကာဘိဝံသ's photo


စာမျက်နှာ ၃၅၃
သတ္တရသမအကြိမ်
မဟာဂန္ဓာရုံစာပေ

ဆရာတော်ကြီးရဲ့ကျမ်းစာအုပ်တွေက Spoiled ဆိုတာမရှိပဲ ဖတ်ရင်ဖတ်သလောက် အကျိုးရတယ်လို့ ယူဆကာ မကြာခဏလည်း ပြန်ဖတ်သင့်တယ် လို့ထင်တာမို့ အညွှန်းကို များများလေးရေးပါ့မယ်နော်။ ဓမ္မဒါနလည်းဖြစ်အောင်ပါ။ လျှာရှည်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်ရှင့်။ပြီးတော့ ဒီလိုပြန်ရေးဖို့ဖတ်မှလည်းမှတ်မိလွယ်လို့ပါ။

ကျွန်မအနေနဲ့ ဒီစာအုပ်ကိုတော်တန်ရုံစိတ်နှစ်ပြီးဖတ်လို့မရခဲ့ဘူး။ ဖတ်ပြီးတာနဲ့ သဘောပေါက်အောင်ပြန်တွေးရတယ်။ ဥပမာ - ပရမတ္ထ တရား လေးပါးထဲက "စိတ်" ကိုပြောမယ်ဆိုရင် အဲ့ဒီ "စိတ်" အကြောင်းကို ဖတ်နေတဲ့အချိန်တရားမှတ်သလို လိုက်တွေးနေရတာ..အခြား ဇာတ်လမ်းတို့ဘာတို့ဆို ရင် ဘေးကအာရုံကို သတိပြုလိုက်တာနဲ့ စာအုပ်ထဲကအကြောင်းအရာနဲ့ ဝေးကွာသွားတာမျိုးမဖြစ်ဘူး။ဒီစာအုပ်ကျမရဘူး :D ။ ကျွန်မအနေနဲ့ တွေ့ကြုံရတာလေး ပြောပြတာပါ။ အထူးသဖြင့် လူခြေတိတ်ချိန်မှာ အချိန်ယူပြီး ထပ်ခါထပ်ခါ ဖတ်ခဲ့ရကာ ကုသိုလ်တွေလည်း အများကြီးရခဲ့ပါတယ် ??

နေ့စဉ်နေ့တိုင်းကိုယ်တွေးနေတဲ့ စိတ်တွေဟာ ကောင်းတဲ့စိတ်လား ၊ မကောင်းတဲ့စိတ်လား ခွဲခြမ်းစိတ်ဖြာပြီး ကောင်းတဲ့စိတ်လေးများများဖြစ်အောင် ဆောင်ရွက်ဖို့ သတိထားမိသွားပါတယ်။ကျွန်မ ပဋ္ဌာနပါဠိကိုရွတ်နေတာ ဆယ်ကြိမ်ရှိပြီ။ဒီစာအုပ်ဖတ်လိုက်မှပဲ အဟိရိက ၊ အနောတ္တပ္ပ စတာတွေဟာစေတသိက်တွေပါလား ..ဆိုတာနဲ့ စေတသိက် ၁၄ ပါးအကြောင်းကို သေချာသိသွားလို့အကျိုးကြီးလှပါတယ်။

အတ္တာနုဝါဒဘေး ၊ ပရာနုဝါဒဘေး ၊ ဒဏ္ဍဘေး ၊ ဒုဂ္ဂတိဘေး တို့ကိုလည်းတွေးကြောက်သွားတယ်။ မိမိမှာ မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်တဲ့လောဘ တရားဖြစ်တဲ့ သာဌေယျ အကြောင်းလည်းသိရှိလိုက်ရတယ်။ဇာတိမာန် ၊ ဓနမာန် ၊ ပညာမာန် ၊ အဆင်းမာန်တွေရဲ့အန္တရာယ်တွေအကြောင်း ၊ဣသာရဲ့ကြောက်စရာကောင်းပုံ ၊ အတ္တုက္ကံသန ပရဝမ္ဘန အကြောင်း ၊ မစ္ဆရိယငါးမျိုး အကြောင်း၊ ထိနမိဒ္ဓ အကြောင်း ၊ အကုသိုလ်ကိုခြယ်လှယ်တဲ့ စေတသိက် များအကြောင်း များစွာ သိရှိပြီး ဆင်ခြင်မိရပါတယ်။

ကုသိုလ်ကိုခြယ်လှယ်တဲ့ သဒ္ဓါ ၊ မေတ္တာ ၊ သတိ ၊ ကရုဏာမှစ သမ္မာအာဇီဝ အဆုံး စေတသိက်များအကြောင်း ၊ မုဒ္ဓပ္ပသန္တ ဆိုတဲ့ဖျင်းအသောကြည်ညိုမှုအကြောင်း ၊ ဟီရိ ဩတ္တပ္ပ အတုနှင့်အစစ်အကြောင်း ၊ ဝိရတိ ၃ ပါးအကြောင်း ၊ အရင်ဖတ်ဖူးခဲ့တဲ့ ပဋ္ဌာန်းစာအုပ်တွေထဲက ဝိတက် ၊ ဝိစာရ တို့ အကြောင်းတွေလည်းပြန်ဖတ်လိုက်ရပါတယ်။

သံဃိကဒါနနဲ့ ပုဂ္ဂလိက ဒါန ကွာခြားပုံ ၊ ပုဗ္ဗ မုဥ္စအပရစေတနာများ အကြောင်း ၊ ဒွိဟိတ် တိဟိတ် ကုသိုလ်အခွဲ ၊ ဟီန မဇ္ဈိမ ပဏီတ ဒါနများ ၊ဒါန သီလ ဘာဝနာတို့ရဲ့အကျိုးများ ၊ တရားဟောတဲ့နေရာမှာ အသံသာအောင်ဟောတဲ့အတွက် ဖြစ်ရတဲ့အပြစ်ငါးပါး ၊ ဓာတ်ကြီးလေးပါးအကြောင်းနဲ့ ဘုံများအကြောင်း စသည်တို့မှာလည်းမှတ်သားဖွယ်ရာဖြစ်ပါတယ်။

ဇနီးမောင်နှံ နှစ်ယောက်မှာ တယောက်ရဲ့ကုသိုလ်ကို တယောက်အားပေးပြီး တယောက်က အကုသိုလ်လုပ်ရင် တားမြစ်ဖို့ ၊ "ကံတူအကျိုးပေး အကြောင်း သာဓကများ ၊ ပယောကသမ္ပတ္တိအရေးကြီးပုံများ မှာလည်း လိုက်နာဖွယ် ဖြစ်ပါတယ်။

မကောင်းတာလုပ်ရင် မကောင်းတာလုပ်တဲ့သူရဲ့တာဝန်ပဲ။ သူမကောင်းတာ သူ့တာဝန်။သူမကောင်းလို့ ကိုယ်မကောင်းတာမျိုး ဖြစ်စရာမလိုပါလား။ အဲ့ဒါမျိုးလေးတွေ လည်း တွေးမိပါတယ်။

ဒီစာအုပ်ထဲမှာ ခေတ်ဆန်ဆန်တရားကိုနာမယ့်အစား ကျမ်းစာတွေဖတ်ပါဆိုပြီး ဆရာတော်ကြီးညွှန်းထားတဲ့ကျမ်းစာတွေရှိတယ်၊အဲ့ဒါတွေကတော့ ဇိနတ္ထပကာသနီ ၊ ဗုဒ္ဓဝင် ၊ သံဝေဂဝတ္ထု ဒီပနီ ၊ ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးများနဲ့ ရှေးဆရာတော်ကြီးတွေစီစဉ်တော်မူအပ်တဲ့ ကျမ်းစာများ ဖြစ်ပါတယ်။ ဖတ်ဖို့တိုးသွားတာပေ့ါ :D

အရမ်းကြီးခက်ခက်ခဲခဲမဟုတ်ပဲဖတ်နိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေဖတ်ကိုဖတ်သင့်တဲ့ ဆရာတော်ကြီးရဲ့ နာမည်ကြီးကျမ်းစာအုပ်သုံးအုပ်ရှိတယ်။ အားလုံးသိကြလောက်ပါတယ်။ ရတနာ့ဂုဏ်ရည်ရယ် ၊ ကိုယ်ကျင့်အဘိဓမ္မာရယ် ၊ အနာဂတ်သာသနာရေး ရယ် ။ ရတနာ့ဂုဏ်ရည်ဖတ်ပြီးပြီ။ အညွှန်းလေးလည်းရေးထားပေးတယ်။အခုကိုယ်ကျင့်အဘိဓမ္မာလည်းပြီးပြီ။ အနာဂတ်သာသနာရေးကတော့မဝယ်ရသေးဘူး။လကုန်မှဝယ်တော့မယ် :D ဖတ်ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။စျေးလည်းတော်တယ် ။ ဝယ်လို့လည်းလွယ်ပါတယ်။

သူတပါး အထင်ကြီးရုံကောင်းတဲ့ သူတော်ကောင်းမျိုးထက် မိမိကိုယ်မိမိ အထင်ကြီးတဲ့ သူတော်ကောင်းမျိုးအဖြစ်ကို နှစ်နှစ်ကာကာ အလိုရှိဖို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဖတ်ဖို့လိုအပ်တဲ့စာအုပ်တစ်အုပ်လို့ပြောပါရစေ။

အညွန်းကတော်တော်ရှည်သွားတယ်၊ကျွန်မပြန်ဖတ်ရင်လည်း ပြန်သတိရ ဆင်ခြင်နိုင်အောင်လို့ပါ ။

ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ