SarPhat Author
ဟိုင်းဝေးလမ်းက အလျှော့မပေး စောင့်ကြိုနေဆဲ။ဖြတ်သာ လာရသည်။အခုထိအဆုံးကိုမမြင်မိသေး။ အင်း အင်မတန် စိတ်ရှည်ပါပေ၏။စိတ်ထဲမှာအားကျချင်သလိုရှိပေမယ့် မှောင်လာတာနဲ့အမျှ မိုးကလဲဒီဘက်မှာမှသည်းချင်တိုင်း သည်းနေလေသည်။စိုးရိမ်မှုတွေတစ်ပုံတစ်ပင်နှင့် ရှည်သော လမ်းကိုသာဖြတ်လိုက်ချင်မိသည်။ဘေးတစ်ဖက်တစ်ချက် ကြည့်လိုက်တော့ ပန်းရောင်အပွင့်လေးတွေမြိုင်နေသည့်ကုက္ကိုပင်တွေ၊ခရေပင်တွေ၊ ပိတောက်ပင်များက ကားနှင့်အပြိုင်တရစပ်ပြေးလွှားနေကြသည်။သူတို့လေးတွေကိုမြင်ပြန်တော့လည်း ကိုယ့်မြို့ကလေးကိုလွမ်းဆွတ်လာ
လေသည်။သူတို့လေး တွေနဲ့ကိုယ့်အိမ်နဲ့ကနီးနီးလေးရယ်။ကုက္ကိုပင်ကအရိပ်အာဝါသကောင်း၍လမ်းသွားလမ်းလာများ၊ရပ်ကွက်ထဲမှလူကြီးများနှင့်စည်ကားနေတတ်သည်။ခရေပင်၌လည်းမနက်ပိုင်းဆိုလျှင် ရပ်ကွက်ထဲမှခရေပန်းလာကောက်သည့်ကလေးများနှင့်တစုရုံးရုံးဖြစ်နေတတ်သည်။
မိမိတို့ရပ်ရွာကိုတွေးမိပြန်တော့လည်းစိတ်ကအနည်းငယ်သက်သာရာရသွားသည်။တစ်နယ်တစ်ကျေးရောက်နေသူအဖို့
လူမဆိုထားနှင့်၊ရင်းနှီးသည့်သက်မဲ့အပင်ကလေးတစ်ပင်ကပင် နွေးထွေးလုံခြုံမှုပေးစွမ်းနိုင်ပေသည်။ဩော်...သံယောဇဉ်ဆိုသည်မှာလည်းအခက်သား။မမြင်ရရုံတမယ်။ရင်မှာတွယ်မိသည်၌ပြန်နှုတ်ရန်မစွမ်းသာတော့။ထိုစဥ် တီးတိုးသံတစ်ခုကြားနေမိသလိုခံစားရ၍ စိတ္တဇအတွေးတို့ရပ်တန့် ကာ ရှေ့တစ်ချက်မျှော်ကြည့်မိသည်။အဆုံးကိုမပြသေးသော်လည်း ဟိုင်းဝေးက သည်တစ်ခါတော့ထူးခြားနေလေ သည်။ရှေ့၌ရေအိုင်ကြီးတစ်အိုင်။သည်ဖက်မှ မျက်နှာလိုက် ရွာလေသောမိုး။ မဆိုင်ပါပဲနှင့် သူ့ကိုသာ အပြစ်ဖို့ချင်နေမိ တော့သည်။ထိုစဉ် ရေအိုင်ကြီးအရောက် "ချွတ် ချွတ် ချွတ်" "သောဘဂဝါဣတိပိအရဟံ " နှုတ်မှရွတ်ခနဲထွက်သွားသည် ။ အင်း...တီးတိုးသံက သည်တစ်ခါတော့လည်း ပြတ်သားလွန်းလှပါ၏။ "အရဟံဝတ္တသောဘဂဝါ..." မျက်လုံးအစုံကိုမှိတ်လိုက်ရင်း " ဂုဏ်တော်ကွန်ချာ" ကိုကျွန်မဆက်ရွတ်နေမိသည်။မိုးသံလေသံဆက်မကြားတော့ဘဲ ကလေးငယ်များ၏ရယ်သံများကအစားထိုးလာသည်။ဟိုတစ်စု သည်တစ်စုထိုင်ကာ စကားပြောနေကြသောရပ်ကွက်မှလူကြီးများကိုမြင်ယောင်လာရာ အင်း...ခုမှစိတ်ကလေးအနည်းငယ်တည်ငြိမ်သွားတော့သည်။
Keep Reading