Hein Zaw

ဘ၀မှာ ငွေရှာဖို့တင် အရေးကြီးတာမဟုတ်ဘဲ ရှာထားတဲ့ ငွေကြေးကို စီမံခန့်ခွဲတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့်တော့ Personal Finance ကို နားမလည်ရင် ငွေရှာရင်း ငွေကြေးအကျပ်အတည်းကြုံရင်း ဖြစ်နေနိုင်ပါတယ်။
Personal Finance ဆိုတာ
Personal Finance ဆိုတာကတော့ အလွယ်ကူဆုံးပြောရရင် ကိုယ့်မှာရှိတဲ့ငွေကြေးကို ကိုယ့်အတွက်၊ ဒါမှမဟုတ် ကိုယ့်မိသားစုအတွက် စီမံခန့်ခွဲခြင်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။ ဘတ်ဂျက်ရေးဆွဲခြင်း၊ ငွေစုခြင်း ကနေ ရင်းနှီးမြှုပ်နှံခြင်း၊ အငြိမ်းစားအစီအစဉ်၊ အခွန် စတာတွေအထိ အကျုံးဝင်ပါတယ်။ Personal Finance နဲ့ပတ်သက်ရင် ပြောစရာအပိုင်းတွေ အများကြီးရှိပေမဲ့ ဒီ ၅ ပိုင်းကိုနားလည်ထားရင် ခြုံငုံမိတယ်လို့ဆိုတယ်။
ဝင်ငွေ (Income)
Income က Personal Finance ရဲ့ အခြေခံပဲ။ ဝင်ငွေဆိုရာမှာ ကိုယ့်ရဲ့ လစာ၊ ပင်စင်ငွေ၊ လူမှုဖူလုံရေး၊ ရင်းနှီးမြုပ်နှံမှုကနေရတဲ့ငွေ စသဖြင့် Cash Inflow တွေအကုန်ပါပါတယ်။
ပိုက်ဆံရဖို့ ပိုက်ဆံရှာဖို့လိုမယ်။ ဝင်ငွေဆိုတာ ကိုယ်ရှာနိုင်ရင်ရှာနိုင်သလာက်ရနိုင်သလို တစ်ယောက်နဲ့တစ်ယောက်လည်းမတူကြပါဘူး။ လူတချို့ ဝင်ငွေပုံမှန်ရဖို့ခက်ခဲနေချိန်မှာ တချို့ကတော့ ဝင်ငွေလမ်းကြောင်းတစ်ခုမကဆီကနေ သောက်သောက်လဲဝင်နေကြတာရှိပါတယ်။
အသုံးစရိတ် (Spending)
Spending ကတော့ ကိုယ့်သုံးလိုက်တဲ့ အသုံးစရိတ်မှန်သမျှကို ဆိုလိုတာပါ။ အခြေခံစားဝတ်နေရေးကုန်ကျစရိတ်ကနေ ရှော့ပင်ထွက်တာ၊ ခရီးသွားတာ၊ Entertainment အတွက်သုံးတာတွေအထိပေါ့။ သတိပြုစရာက အသုံးစရိတ်ကို ထိန်းချုပ်နိုင်လေ အနာဂတ်အတွက် ငွေပိုစုနိုင်လေဖြစ်ပါတယ်။
စုငွေ (Saving)
သင့်ဝင်ငွေထဲကနေ အနာဂတ်အတွက်ရည်ရွယ်ပြီးမသုံးဘဲချန်ထားတဲ့ ငွေဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနာဂတ်မှာ သုံးစရာအကြီးကြီးမားမားအတွက်ဖြစ်စေ၊ အရေးပေါ်အတွက်ဖြစ်စေ ရည်ရွယ်ပြီးစုထားသင့်ပါတယ်။
.
ရင်းနှီးမြုပ်နှံခြင်း (Investing)
ရင်းနှီးမြုပ်နှံတာနဲ့ ငွေစုတာ မတူပါဘူး။ Saving က သင့်ရဲ့ Income ထဲကကျန်တဲ့ငွေဖြစ်ပေမဲ့ Investment ကတော့ အနာဂတ်ဝင်ငွေ ဒါမှမဟုတ် စုငွေရအောင် Asset တစ်ခုခုဝယ်ယူတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုထဲမှာ စတော့၊ ဘွန်း၊ အိမ်ခြံမြေ စသဖြင့်ဖြစ်နိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုက အနာဂတ်ပိုင်ဆိုင်မှုအတွက် ပြင်ဆင်မှုကောင်းဖြစ်သလို Risk လည်းရှိပါတယ်။
အကာအကွယ် (Protection)
ငွေကြေးဆိုင်ရာအန္တရာယ် (Financial Risk) တွေကနေ ကာကွယ်တယ်ဆိုရာမှာ Property Insurance, Life Insurance, Health Insurance စတဲ့ Financial Product မျိုးစုံပါဝင်ပါတယ်။ ဒါတွေက မမျှော်လင့်ဘဲဖြစ်လာနိုင်တဲ့ Financial Cost တွေကနေ ကာကွယ်မှုပေးနိုင်ပါတယ်။
Ref; annuity.org, clevergirlfinance.com, investopedia.com
#HeinZaw
#PersonalFinance
Keep Reading