Author's Profile Photo

Nicolette

29/04/2024

ကျောင်းပုံပြင် [အပိုင်း 1 - ဘာသာပြန် ဝတ္ထုတို]

3 mins read
ကျောင်းပုံပြင် [အပိုင်း 1 - ဘာသာပြန် ဝတ္ထုတို]'s photo

မိတ်ဆွေနှစ်ယောက်ဖြစ်ကြတဲ့ ဂျွန်နဲ့ အက်ဂါတို့ဟာ ညတစ်ညမှာ ညစာအတူတူစားကြရင်းနဲ့ စကားစမြည်ပြောနေကြတယ်။


ထွေရာလေးပါးပြောရင်းနဲ့ ငယ်ငယ်ကျောင်းတက်ခဲ့တုန်းက အကြောင်းတွေ ပြောဖြစ်ကြတယ်။


ဒီအခါမှာ ဂျွန်က သူကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းသော ကိုယ်တွေ့ပုံပြင်တစ်ပုဒ်ကို ပြောပြပါတော့တယ်။


“1870 စက်တင်ဘာလတုန်းက ငါ ကျောင်းအိပ်ကျောင်းစားသွားနေရတယ်၊


ကျောင်းစတက်တဲ့နေ့မှာပဲ မခ်လော့ဒ်ဆိုတဲ့ စကော့တလန်လူမျိုး တစ်ယောက်နဲ့ အရမ်းခင်သွားကြတယ်၊


ကျောင်းက အကြီးကြီးပဲ ကျောင်းဆရာ/ဆရာမတွေလဲ ခဏခဏ ပြောင်းတယ်၊


စာသင်နှစ်တစ်ဝက်လောက်မှာ ဆမ်ဆွန်ဆိုတဲ့ ဆရာအသစ်တစ်ယောက် ရောက်လာတယ်၊


သူက ငါတို့ကို လက်တင်ဘာသာသင်ပေးတာ၊ အရပ်မြင့်မြင့်နဲ့ မုတ်ဆိတ်မွေးအရှည်ထားတယ်၊


နိုင်ငံပေါင်းစုံဆီ သူခရီးသွားတဲ့အကြောင်းတွေကို အမြဲတမ်းအသေးစိတ်ပြောပြတတ်တာကြောင့် ကျောင်းသားတွေက သူ့ကို အရမ်းသဘောကျကြတာ၊


ဆရာဆမ်ဆွန်က တူရကီကို ရောက်တုန်း သူရှာတွေ့ခဲ့တဲ့ ရှေးဟောင်းရွှေပြားလေးတစ်ပြားကို အမြဲတမ်းအိပ်ကပ်ထဲ ထည့်ထားတတ်တယ်၊


ငါ့ကို အဲ့ရွှေပြားလေး တစ်ခါပေးကြည့်ဖူးတယ်၊


ရွှေပြားတစ်ဖက်မှာက ဘုရင်တစ်ယောက်ရဲ့ဦးခေါင်းပုံစံပါတယ်၊ ဘယ်ဘုရင်လဲတော့ ငါမသိဘူး၊


နောက်တစ်ဖက်မှာက G.W.S ဆိုတဲ့ ဆရာဆမ်ဆွန်ရဲ့ နာမည်အတိုကောက်နဲ့တူတဲ့စာတန်းရယ် 24 ဇူလိုင် 1865 ဆိုတဲ့နေ့စွဲရယ် ထွင်းထားတယ်၊


ငါတို့အားလုံးက ဆရာဆမ်ဆွန် စာသင်တာကို အရမ်းသဘောကျကြတာကွ၊


သူသင်တာ တခြားဆရာတွေလို ပျင်းစရာမကောင်းဘူး၊


သဒ္ဒါစာအုပ်ထဲက ခက်ခက်ခဲခဲလေ့ကျင့်ခန်းတွေကို မသင်ဘဲ ငါတို့ကို ကိုယ့်ဘာသာ လက်တင်စာကြောင်းတွေ ရေးတတ်အောင် သင်ပေးတယ်၊


ငါတို့လဲ အဲ့လိုသင်ရတာကို ပျော်တယ်၊


တစ်ရက်မှာတော့ {သတိရပါ} ဆိုတဲ့ လက်တင်စကားလုံးကို ဝါကျဖွဲ့ခိုင်းတယ်လေ၊


ကျောင်းသားတွေ အကုန်လုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝါကျရေးကြတာပေါ့၊


ဆရာက ကျောင်းသားတစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး မှားနေရင် ပြင်ပေးတယ်၊


ငါ့သူငယ်ချင်း မခ်လောဒ့်က ဒီစကားလုံးကို ဝါကျဖွဲ့ဖို့ တော်တော်လေး စဉ်းစားနေရရှာတယ်၊


အတန်းခဏနားဖို့ ခေါင်းလောင်းတီးတဲ့အချိန်ရောက်မှ သူတစ်ခုခုကို ခပ်မြန်မြန်ချရေးနေတာ ငါတွေ့တယ်၊


ဆရာဆမ်ဆွန်လဲ သူ့နားရောက်လာပြီး သူ့ဝါကျကို စစ်ပေးတယ်၊


အတန်းထဲက ကျောင်းသားတွေအားလုံးအပြင်ထွက်လာကြပြီ၊


မခ်လော့ဒ်က အခန်းထဲမှာ နောက်ဆုံးကျန်တဲ့ကျောင်းသားပဲ၊


ငါလဲ အတန်းအပြင်ထွက်ပြီး မခ်လော့ဒ်ကို စောင့်နေတာပေါ့၊


မခ်လော့ဒ်ရဲ့ ဝါကျကို ဆရာဖတ်နေတာ အကြာကြီးဖြစ်နေပြီ၊


ဒီကောင်တော့ ဒုက္ခရောက်ပြီထင်တယ်လို့ ငါတွေးနေမိတယ်၊


မခ်လော့ဒ်အတန်းအပြင်ကို ထွက်လာတဲ့အခါ သူ့မျက်နှာက တစ်ခုခုကို လေးလေးနက်နက်စဉ်းစား‌‌နေသလို ဖြစ်နေတာမို့


‘ဘာဖြစ်တာလဲ ဆရာစိတ်ဆိုးသွားတာလား’ ငါ သူ့ကိုမေးလိုက်တယ်၊


‘ဆရာ စိတ်မဆိုးပါဘူး ငါရေးလိုက်တာလဲ မှန်တယ်ထင်တာပဲ
{Memento putei inter quattuor taxos} လို့ ငါရေးလိုက်တာလေ’ မခ်လော့ဒ်က ပြန်ပြောတယ်၊


“အဲ့တာ ဘာအဓိပ္ပာယ်လဲ’ ငါမေးလိုက်တယ်၊


‘ရယ်တော့ ရယ်ရတယ်ကွ ဘာလို့အဲ့လို ရေးမိမှန်းကို ငါမသိဘူး၊

ဆရာ ငါ့နားရောက်မလာခင် တစ်ခုခုရေးရမယ်ဆိုပြီး ငါအသည်းအသန်ကိုတွေးနေတာကွာ၊

အဲ့စာကြောင်းကြီးက ငါ့ခေါင်းထဲပေါ်လာတော့တာပဲ၊ အရမ်းထူးဆန်းတယ် စာကြောင်းကြီးကို ငါမြင်လိုက်ရသလိုကို ခံစားလိုက်ရတာ၊

အဓိပ္ပာယ်က { သစ်ပင်လေးပင်ကြားထဲမှာရှိတဲ့ ရေတွင်းကို သတိရပါ} လို့ ထင်တာပဲ၊

ဆရာက အဲ့စာကြောင်းကို ဖတ်ပြီးတော့ ဘာမှဆက်မပြောတော့ဘူး စာကြောင်းကို စိုက်ကြည့်နေတာ၊

နည်းနည်းကြာမှ ငါဘယ်က လာတာလဲ မိသားစုတွေက ဘယ်ကလဲဆိုပြီး ငါ့အကြောင်းတွေ လျှောက်မေးပြီးမှ အတန်းလွတ်ပေးလိုက်တာ’ မခ်လော့ဒ်က ရှင်းပြတယ်၊


နောက်နေ့ကျတော့ မခ်လော့ဒ်နေမကောင်းလို့ ကျောင်းကို တစ်ပတ်လောက်မလာနိုင်တော့ဘူး၊


ငါလဲ အဲ့အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်လေ၊


????????????????


တစ်လလောက်ကြာတဲ့အထိ ဘာမှမထူးခြားပါဘူး၊


တစ်ရက်မှာတော့ ထုံးစံအတိုင်း ဆရာဆမ်ဆွန်က ငါတို့ကို ဝါကျတွေဖွဲ့ခိုင်းပြန်တယ်၊


ဒီတစ်ခါတော့ ဆရာလိုက်မစစ်တော့ဘူး ကျောင်းသားတွေက စာရွက်မှာရေးတယ် ပြီးတော့ စုပြီး ဆရာ့ဆီ ပို့ပေးရတယ်၊


ငါတို့ပို့ထားတဲ့ စာရွက်တွေကို ဆရာဆမ်ဆွန်က တစ်ရွက်ချင်းသေချာ ကြည့်ပေးတယ်၊


စာရွက်တစ်ရွက်ကို ကြည့်မိသွားတဲ့အခါမှာတော့ ဆရာရဲ့မျက်နှာက ကြောက်လန့် ဖြူဆုတ်သွားပြီး စာသင်ခန်းထဲကနေ ထထွက်သွားတော့တာပဲ၊


ငါတို့လဲ ဆရာဘာဖြစ်သွားတာမှန်း မသိဘဲ အခန်းထဲမှာ ကြောင်တောင်တောင်နဲ့ ထိုင်နေရတယ်၊


ဆရာက ပြန်မလာဘူး ဒါနဲ့ ဆရာချန်သွားတဲ့ စာရွက်တွေကို ငါသွားကြည့်ကြည့်တယ်၊


စာရွက်တွေထဲက တစ်ရွက်က မှင်နီနဲ့ရေးထားတယ် ‘Si tu non veneris ad me, ego veniam ad te’

{ငါ့ဆီမင်းမလာရင် မင်းဆီငါလာခဲ့မယ်} တဲ့၊


ငါတို့ကျောင်းမှာ ကျောင်းသားတွေကို မှင်နီမသုံးခိုင်းဘူး တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်၊


ကျောင်းသားတွေအားလုံးကို အဲ့စာရွက်ကို လာကြည့်ကြပြီး ဒါသူတို့ရေးတာမဟုတ်ဘူး သူတို့စာရွက်မဟုတ်ဘူးလို့ ငြင်းကြတယ်၊


စာရွက်တွေကို ရေတွက်ကြည့်လိုက်တော့ 17 ရွက်ဖြစ်နေတယ်၊


အတန်းထဲမှာက ကျောင်းသား 16 ယောက်ပဲ ရှိတာလေ၊


ဒီစာရွက်က ဘယ်ကရောက်လာတာမှန်း ဘယ်သူမှ မသိကြဘူး၊


စာရွက်ကို ငါယူပြီး အိတ်ကပ်ထဲထည့်သိမ်းထားလိုက်တယ်၊


ဒါပေမယ့် ညနေမရောက်ခင် ထုတ်ကြည့်တော့ စာရွက်က ဗလာကြီးဖြစ်နေတယ်၊


ဘာမှရေးထားတာ မရှိတော့ဘူး၊


ဟိုမင်နီစာရွက်ပဲဆိုတာ သေချာပါတယ်၊ ငါကိုင်ထားတဲ့ ငါ့လက်ရာတွေတောင် စာရွက်မှာ ထင်နေသေးတာကို၊


စာရွက်ထဲက စာတွေက လုံးဝကို မရှိတော့တာ၊


ကျောင်းဆင်းချိန်မရောက်ခင် ဆရာပြန်လာပြီး ငါတို့ကို သွားလို့ရပြီလို့ပြောတယ်၊


ဆရာကတော့ အတန်းထဲမှာနေခဲ့ပြီး စာရွက်တွေကို သေသေချာချာ ပြန်ကြည့်နေတယ်၊


သူအမြင်မှားတာလို့ ထင်နေပုံရတယ်၊ သူ့ပုံစံကြည့်ရတာလဲ ဖြူဖျော့ပြီး စိတ်သောကရောက်နေပုံပဲ၊


နောက်တစ်နေ့မှာ ကျောင်းကို ဆရာဆမ်ဆွန် ဘာမှမဖြစ်တဲ့ပုံစံနဲ့ ပြန်ရောက်လာတယ်၊


ဒါပေမယ့်လဲ ညဘက်ရောက်တော့ ထူးဆန်းတာတစ်ခုထပ်ဖြစ်ပြန်ရော၊…………


????????????????


M. R. James ရေးသားထားတဲ့ A School Story ကို ဘာသာပြန်ဆိုပါတယ် ?


အပိုင်း (2) ကို ဆက်လက်ရေးသားသွားပါမယ်နော်
✌?


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading