SarPhat Author
?မည်သည့်ဘာသာစကားကို လေ့လာလိုက်စားသည်ဖြစ်စေ ကျွမ်းကျင်မှုလေးမျိုးအနက် Writing Skill (စာရေးစွမ်းရည်) မှာ အခက်ဆုံးဖြစ်ပါသည်။ ဘာသာစကားတစ်ခုကို ရေးသားနိုင်သည့် စွမ်းရည်ကို ရရှိပြီဆိုပါက ယင်းဘာသာစကားကို တက်မြောက်ပြီဟုဆိုနိုင်ကြောင်း ပြောစမှတ်ပြုုကြပါသည်။ အင်္ဂလိပ်ဘာသာ စကားကိုရေးသာရန် ကြိုးစားမည်ဆိုပါလျှင် ပထမဦးစွာသိထားရမည်က ဝေါဟာရ (Vocabulary) ဖြစ်ပါသည်။ ဝေါဟာရစုဆောင်းနည်းအကြောင်းရှေ့တွင် ဖော်ပြထားသည့်အတိုင်း ကြိုးပမ်းလေ့လာပါ။ အင်္ဂလိပ်ဝေါဟာရများကို အတန်အသင့်သိနားလည်ပြီး အင်္ဂလိပ်စာအုပ်များကိုလည်း ဖတ်ရှုပြီးဖြစ်ပါက အင်္ဂလိပ်စာအရေးအသားအတွက် စတင်လေ့ကျင့်နိုင်ပါပြီ။
အင်္ဂလိပ်စာအရေးအသားကို အခြေခံကျကျဆန်းစစ်ကြည့်လျှင် Words(စကားလုံး)များကို ပေါင်းစပ်သောအခါ Sentence(ဝါကျ) များဖြစ်လာပါသည်။ Sentence များကို ပေါင်းစပ်သောအခါ Paragraph(စာပိုဒ်)များ ဖြစ်လာပါသည်။ Paragraph များပေါင်းစပ်သောအခါ Passage(စာပိုဒ်)များ ဖြစ်လာပါသည်။ Essay များဖြစ်လာပါသည်။ Book(စာအုပ်)များ ဖြစ်လာရပါသည်။ သုတအကြောင်းရေး လျှင် Non-Fiction Book(သုတ စာအုပ်)များဖြစ်လာ၍၊ ရသဖန်တီးထားပါက Fiction Book (ရသစာအုပ်) များ ဖြစ်ပေါ်လာပါသည်။ အင်္ဂလိပ်ဘာသာစကား (Language)ကို ပိုင်ပိုင်နိုင်နိုင် သိနားလည်ပြီဆိုပါက မိမိ၏ ခံစားမှုများပေါင်းစပ်ကာ Literature(စာပေ) ဖန်တီးမှုကိုပင် လုပ်နိုင်ပါသည်။ မိမိအာရုံကျရာအတိုင်း Poem (ကဗျာ)၊ Short Story(ဝတ္ထုတို)၊ Novel (ဝတ္ထုရှည်) နှင့် Play(ပြဇာတ်)များကိုပင် ဖန်တီးရေးသားနိုင်ပါသည်။ အင်္ဂလိပ် လူမျိုးတစ်ယောက်မဟုတ်ပါက ရသစာပေကို ရေးသားနိုင်ပါ့မလားဟု သံသယမရှိပါနှင့်။ ဇွဲကြီးလျှင် ဝါသနာ ထက်သန်လျှင် မည်သူမဆို အင်္ဂလိပ်ဘာသာစကားဖြင့် ရသစာပေဖန်တီးနိုင်ပါသည်။ ပိုလန်လူမျိုး Joseph Conrad မှာ အသက်ကြီးမှ အင်္ဂလိပ်စာကို လေ့လာသင်ယူခဲ့ရပါသည်။ အင်္ဂလိပ်ဘာသာစကားတတ်မြောက်သောအခါ သူ၏ သဘေင်္ာသားဘဝ၊ ပင်လယ်ပြင်ခရီးအတွေ့အကြုံများကို ဝတ္ထုတို၊ ဝတ္ထုရှည်များအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရာမှ ကမ္ဘာသိ စာရေးဆရာတစ်ဦးအဖြစ် နာမည်ကျော်ကြားခဲ့ပါသည်။
အင်္ဂလိပ်စာရေးသားရန် လေ့ကျင့်နည်းနောက်တစ်နည်းမှာ Diary (နေ့စဉ်မှတ်တမ်း) ရေးခြင်းပင် ဖြစ်ပါသည်။ နေ့စဉ်မှတ်တမ်းစာအုပ်ထားကာ နေ့စဉ်ဖြစ်ပျက်သမျှကို အဖြစ်အပျက်အသေးအဖွဲ့ဖြစ်စေ ထူးထူးခြားခြားဖြစ်ရပ်များဖြစ်စေ နေ့စဉ်ကြုံရသမျှကို အင်္ဂလိပ်လိုနေ့စဉ်မှတ်တမ်းရေးပါ။ မိမိရေးလိုသော အကြောင်းအရာအတွက် စကားလုံးအစရှာမရပါက အင်္ဂလိပ်-မြန်မာ အဘိဓာန် သို့မဟုတ် မြန်-အင်္ဂလိပ်အဘိဓာန်ကို ကိုးကားကာ စကားလုံးရှာဖွေရေးသားပါ။ အစပိုင်းတွင်အခက်အခဲ အနည်းငယ်တွေ့နိုင်သော်လည်း နေ့စဉ်အင်္ဂလိပ်စာရေးသားသည့် အတွေ့အကြုံများလာပါက မိမိရေးလို သော စကားလုံးများကို အထူးတလည်ရှာကြည့်နေစရာမလိုဘဲ ရေးသားနိုင်လာပါလိမ့်မည်။ ရေးကာစတွင် အင်္ဂလိပ်သဒ္ဒါမှန်ပါ့မလား ဝါကျတည်ဆောက်ပုံမှားများသွားမလား စိုးရိမ်ပူပန်ခြင်းမရှိပါနှင့်။ မိမိရေးလိုသည်ကိုသာ ရဲရဲချရေးပါ။ Free Wrtiting ဟုခေါ်သော စိတ်ထဲရှိသမျှ လွတ်လွတ်လပ်လပ်ရေးပါ။ ပြီးမှ စာလုံးပေါင်း၊ ဝါကျအထားအသိုကို မှန်-မမှန်နောက်မှ ပြန်စစ်ပါ။
နေ့စဉ်မှတ်တမ်းမရေးလိုပါက Vocabulary Building (ဝေါဟာရတည်ဆောက်နည်း)တွင် ဖော်ပြထားသည့်အတိုင်း ဝေါဟာရချည်း သက်သက်မှတ်သားခြင်းမပြုဘဲ ယင်းဝေါဟာရကို ဝါကျအဖြစ် အသုံးပြုထားသည့် Example Sentecne (နမူနာဝါကျ)များကိုပါ ကူးယူရေးသားပါ။ ဤသို့ လေ့ကျင့်ပါက အင်္ဂလိပ်ဝေါဟာရများကိုသာမက ထိုဝေါဟာရများကို အသုံးပြုရေးသားထားသည့် Sentence Pattern (ဝါကျပုံစံ)များကိုပါ ရင်းနှီးကျွမ်းဝင်လာပါလိမ့်မည်။
Keep Reading