Default Profile Photo

SarPhat User

28/04/2024

မပုကြွယ်နှင့် ခရုငယ်

2 mins read
Book Review
Education
General Knowledge
မပုကြွယ်နှင့် ခရုငယ်'s photo

ဓနိတောရွာတွင် မပုကြွယ် အမည်ရှိသော မိန်းကလေး တစ်ယောက် ရှိလေသည်။
မပုကြွယ်သည် ဓနိတောရွာရှိ အစိုးရကျောင်း တစ်ကျောင်းတွင် စတုတ္ထတန်း၌ ပညာသင်ကြားနေသူ ဖြစ်သည်။ သူသည် ကျောင်းသွားရန် မပျင်းသော်လည်း စာကျက်ရန် အလွန်ပျင်းသည်။ ထို့ကြောင့် အတန်းထဲတွင် အပျင်းဆုံး ဖြစ်သည်။ ဆရာမ၏ အဆိုအမြည်ကို နေ့ရှိသမျှ ခံရသည်။

တနေ့သောအခါ ဆရာမက တတန်းလုံးကို နက်ဖြန်ခါ မင်္ဂလသုတ် နှစ်ပုဒ် ရအောင် ကျက်ခဲ့ရမည်ဟု မှာလိုက်သည်။ အကောင်းဆုံး ဆိုပြနိုင်သူကို ဗလာစာအုပ် တဒါဇင်နှင့် ခဲတံ ခြောက်ချောင်း ဆုချမည်ဟုလည်း ပြောသည်။

ထို့ကြောင့် တတန်းလုံး အားတက်ကြသည်။ ဆရာမ၏ ဆုကို အရယူမည်ဟု နှုတ်ကထုတ်ဖော် မပြောကြသော်လည်း စိတ်ထဲက ကြိတ်၍ ကြံနေကြသည်။ ထိုအထဲတွင် မပုကြွယ် တယောက်လည်း ပါသည်။

မပုကြွယ်သည် ထိုဆုကို အလွန် လိုချင်လာသည်။ ထို့ကြောင့် မင်္ဂလသုတ် ကို အရ ကျက်မည် ဟု ဆုံးဖြတ်လိုက်သည်။

ထိုနေ့ ညနေတွင် မပုကြွယ်သည် အိမ်သို့ ရောက်လျှင်ရောက်ခြင်း ရေချိုးသည်။ ထမင်း စောစော စားသည်။ ပြီးလျှင် အိမ် နောက်ဖေး ခြံစည်းရိုး နားသို့ သွား၍ စာကျက်သည်။ ဆယ်ခေါက် ကျက်သော်လည်း အလွတ်မရနိုင်ချေ။ နောက်ဆုံးတွင် သူသည် စိတ်ပျက်လာသည်။ ထို့ကြောင့် လက်မှိုင်ချကာ ခြံစည်းရိုးကို ငေး၍ ကြည့်နေမိသည်။

ထိုသို့ ကြည့်နေခိုက် ခြံစည်းရိုးပေါ်သို့ တရွေ့ရွေ့ တက်လာသော ခရုငယ် တစ်ကောင်ကို သူမြင်ရသည်။ ခရုငယ် တစ်ကောင်သည် အလွန် နှေးကွေးလှသည်။ ခြံစည်းရိုးပေါ်သို့ တော်တော်နှင့် ရောက်နိုင်မည် မဟုတ်ဟု မပုကြွယ် ထင်မိသည်။ သို့ရာတွင် နောက်ဆုံး၌ ထိုခရုငယ်သည် ခြံစည်းရိုး၏ထိပ်သို့ ရောက်သွားလေသည်။

မပုကြွယ်သည် ထိုခရုငယ်ကို ကြည့်ရင်း အားကျလာသည်။ ခရုငယ်ကဲ့သို့ မရောက်မခြင်း မနားမနေကြိုးစားလျှင် နောက်ဆုံး၌ အောင်ရမည် ဟု မြင်လာသည်။

ထို့ကြောင့် မပုကြွယ်သည် စိတ်တင်းကာ သည်းသည်းမဲမဲ ကြိုးစား၍ ကျက်ပြန်သည်။

မိုးချုပ်သော်လည်း စာကျက်မရပ်သေး။ မိုးချုပ်၍ အိမ်ထဲသို့ ဝင်လာပြီးသည့်နောက် ဆက်၍ ကျက်ပြန်သည်။ ည ၉ နာရီထိုးသောအခါ သူသည် အတော်အတန် ဆိုနိုင်လာသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် အိပ်ရာသို့ ဝင်သည်။

နံနက်မိုးလင်းလျှင် လင်းခြင်း မပုကြွယ်သည် အိပ်ရာမှထ၍ ကျက်ပြန်သည်။ ကျောင်းသွားချိန် မရောက်မီ မင်္ဂလသုတ် နှစ်ပုဒ်ကို အထစ်အငေါ့ မရှိ ဆိုနိုင်လာသည်။

မပုကြွယ်သည် နံနက် ၉ နာရီထိုးသောအခါ ကျောင်းသို့ သွားသည်။ ကျောင်းတက်လျှင် တက်ခြင်း ဆရာမက အတန်းသားအားလုံးကို
ရှေ့သို့ တစ်ယောက်စီ ခေါ်၍ မင်္ဂလသုတ် ၂ ပုဒ်ကို အဆိုခိုင်းသည်။

ကျောင်းသူ ကျောင်းသားအများပင် ဆိုနိုင်ကြပါ၏။ သို့ရာတွင် စာတစ်လုံးစ နှစ်လုံးစ မေ့တတ်ကြသဖြင့် ဆရာမက သူတို့ကို ထောက်ပေးရသည်။

နောက်ဆုံး၌ မပုကြွယ် အလှည့်သို့ ရောက်လာသည်။ ထိုအခါ အတန်းသားများက ဝိုင်း၍ ရယ်ကြသည်။ မပုကြွယ်သည် သူတို့ကဲ့သို့ ဆိုနိုင်လိမ့်မည်ဟု မထင်ကြချေ။

မပုကြွယ်သည် ဘာမျှပြန်မပြော။ မိမိ၏နေရာမှ အသာထ၍ ဆရာမရှေ့သို့ သွားသည်။ ထို့နောက် မင်္ဂလသုတ် ၂ ပုဒ်ကို စာတစ်လုံးမကျန် ဆိုပြသည်။ ဆရာမသည် အတော်အံ့ဩသွားသည်။
တတန်းလုံးလည်း အံ့အားသင့်၍ အားပါးတရ လက်ခုပ်တီးကာ ဩဘာပေးကြသည်။

ဆရာမက ယနေ့ အလွတ်ဆိုကြသူများတွင် မည်သူသည် အတော်ဆုံးနည်း ဟု အတန်းသားများကို မေးလိုက်သည်။

မပုကြွယ် အတော်ဆုံးဟု တစ်တန်းလုံးက ဖြေကြသည်။ ထိုအခါ ဆရာမသည် စာတလုံးမကျန် အလွတ်ရအောင် မပုကြွယ်စာကျက်ပုံအကြောင်း အတန်းသားအားလုံးသိရန် ပြောပြစေသည်။

မပုကြွယ်သည် ခရုငယ်ထံမှ သူ အတု ရခဲ့ကြောင်းကို ရှင်းပြသည်။ မပုကြွယ်သည် အတန်းထဲတွင် အတော်ဆုံးဖြစ်သဖြင့် ဆရာမ ပေးသောဆုကို ရလေသည်။
——————————————————————-

ဒီသင်ခန်းစာလေးကတော့ မယ်ရေးငယ်ငယ်တည်းက နှစ်သက်မိတဲ့ ကျောင်းဖတ်စာလေးပဲ ဖြစ်ပါတယ်။

( ဖတ်စာထဲက သတ်ပုံတွေကိုတော့ ၁၉၇၄ ခုနှစ်ထုတ် စတုတ္ထတန်း ဖတ်စာထဲကအတိုင်း ဖော်ပြထားပါတယ်။)

စာပေမိတ်ဆွေတို့ရဲ့ အကြိုက်ဆုံး သင်ခန်းစာရှိလဲ မန့်မှာ ရေးသွားပေးပါအုံးနော်။

#ရေးမယ်ထရိန်နင်
#မပုကြွယ်နှင့်ခရုငယ်

မယ်ရေးတို့ ဝေမျှ​နေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။

?Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q

?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5

?Telegram channel
https://t.me/yaymaltraining

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ