SarPhat Author

Vocabulary Building - ဝေါဟာရတည်ဆောက်မှု
ဝေါဟာရတည်ဆောက်မှုဟာ ဘာသာစကားလေ့လာမှုမှာ ပထမဦးဆုံးအဆင့်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို ယခုမှစတင်လေ့လာမယ်ဆိုပါက အင်္ဂလိပ်ဝေါဟာရတွေကို လေ့လာကျက်မှတ်ရပါမည်။ အင်္ဂလိပ်စကားလုံးတွေကို တစ်နေ့ ၅ လုံး သို့မဟုတ် ၁၀ လုံး မိမိကျက်မှတ် နိုင်သလောက် စတင်လေ့လာကျက်မှတ်ရပါမည်။ စတင်လေ့လာစဉ်မှာ အင်္ဂလိပ်-မြန်မာအလဘိဓာန် စာအုပ်ကောင်းကောင်းကို လက်စွဲပြုပြီး မှတ်စုစာအုပ် တစ်အုပ်ထဲတွင် နေ့စဉ်တစ်နေ့ ၅ လုံး သို့မဟုတ် ၁၀ လုံးကူးရေးပါ။
ထိုသို့ ကူးရေးသည့်အခါ အက္ခရာစုံလင်အောင် ဒီနေ့ A ၅လုံး၊ ၁၀ လုံး ကူးရေးပါက နောက်နေ့တွင် B ၅လုံး၊ ၁၀ လုံးကူးရေးပါ။ နောက်တစ်နေ့တွင် C ၅လုံး၊ ၁၀လုံး စသည်ဖြင့် အက္ခရာစုံအောင် နေ့စဉ်ကူးရေးပါ။ ရေးပြီးသမျှစကားလုံးများကို ပြန်မထပ်စေရန်ခဲတံဖြင့် အမှန်ခြစ်ခြစ် မှတ်ထားပါ။ Z အထိရောက်ပါက A မှပြန်စ၍ ထိုနည်းအတိုင်းကျန်စကားလုံးများကို နေ့စဉ်ပြန်ကူးရေးပါ။ ရေးပြီးသမျှစကားလုံးများကိုလည်း နေ့စဉ်အချိန်ရတိုင်း ပြန်လည်ဖတ်ပေးပါ။
ကျောင်းသား၊ ကျောင်းသူ ဖြစ်ပါက ကျောင်းသွားစဉ်ကားပေါ်တွင် သို့မဟုတ် ဖယ်ရီကားပေါ်တွင်စီးသွားစဉ် အချိန်ရလျှင်ရသလို ပြန်ဖတ်ပါ။ အလုပ်ခွင်ထဲရောက်နေသူဖြစ်ပါက ထိုနည်းသူ အလုပ်သွားစဉ် ဘတ်စ်ကားပေါ် သို့မဟုတ် ဖယ်ရီကားပေါ်တွင် မှတ်စုစာအုပ်ကို ပြန်ဖတ်ပေးပါ။ ဤသို့ မှတ်စုစာအုပ်တွင် အင်္ဂလိပ်စကားလုံးများ ရေးမှတ်ပါက တဖြည်းဖြည်းနှင့်အင်္ဂလိပ်စကားလုံးများစွာကို ရိပ်ဖမ်းသံဖမ်း သိလာပါလိမ့်မည်။
အင်္ဂလိပ်ဝေါဟာရစုဆောင်းသည့် ကာလတစ်ခုကြာရှည်လာသည့်အခါ လေ့လာမှုကို စကားလုံး အဆင့်လေ့လာမှုမှ ပိုကျယ်ပြန့်သောဝေါဟာရစု၊ ပုဒ်စု(Phrase)လေ့လာမှုအဆင့်သို့ ကူးပြောင်းလေ့လာရ ပါမည်။ စင်စစ်အင်္ဂလိပ်ဝေါဟာရများသည် တစ်လုံးစီသီးခြားသုံးရသည်မဟုတ်။ သက်ဆိုင်ရာစကားလုံး တွဲအလိုက် ပြောဆိုရေးသားရသည်ဖြစ်ရာ စကားစု၊ ပုဒ်စု(Phrase)အလိုက် လေ့လာထားမှသာ အင်္ဂလိပ် ဘာသာစကားကို သဘာဝကျကျပြောဆို၊ ရေးသား၊ နားလည်နိုင်ပါမည်။ တဖန် အင်္ဂလိပ်ဝေါဟာရတို့၏ အနှစ်ချုပ်မှာ အဓိပ္ပာယ်တူဝေါဟာရများ (Synonym) နှင့် အဓိပ္ပာယ်ဆန့်ကျင်ဖက် ဝေါဟာရများ (Antonym)တို့ဖြစ်ပါသည်။ အင်္ဂလိပ်ဝေါဟာရများ၏ စကားပရိယာယ်ကို သိနားလည်လိုပါက Sysnonym များကိုလေ့လာရပါမည်။ အင်္ဂလိပ်ဝေါဟာရများ၏ အဓိပ္ပာယ်တူသော်လည်း အသုံးကွဲပုံအမျိုး မျိုးကိုလေ့လာထားပါမှ အင်္ဂလိပ်ဘာသာစကားကို ကောင်းစွာနားလည်သဘောပေါက်ပါလိမ့်မည်။
Keep Reading