Reviews by Benevolent
စာမျက်နှာ ၄၈၈ နဲ့ အတိတ်တစ်လှည့် ပစ္စုပ္ပန်တစ်ဖန် အလှည့်အပြောင်းတွေရဲ့ကြားမှာ တွေ့ကြုံရတဲ့ ဘဝအဖုံဖုံကို နှလုံးသားနဲ့ ခံစားပြီးဖတ်ရမည့်စာအုပ်လို့ ပြောချင်ပါတယ်။ဓနရှင်စနစ်၊ မြေရှင်ပသေသရာဇ်စနစ် ကြားမှာလယ်သမားတွေအပေါ် လယ်ခွန်တွေ ၊သီးစားခတွေယူ ခေါင်းပုံဖြတ်၊ ကိုယ့်ရဲ့ယုတ်မာကောက်ကျစ်မှုတွေကို အပေါ်ယံဂုဏ်ပကာသနတွေနဲ့ ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးစွပ် ငွေရှင်ကြေးရှင်၊ ဓနရှင်လူတန်းစားအကြောင်း ထပ်လေ့လာခွင့်ရတဲ့ စာအုပ်လေးပါ။
ဒီဝတ္ထုက လီယိုတော်စတွိုင်း(Leo Tolstoy)ရဲ့' ရီဆာရက်ရှင်း(Resurrection)' စာအုပ်ကိုမှီငြမ်းရေးသားထားပြီး ဆရာသိန်းဖေမြင့်က ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွန်းရေးထားတဲ့ဖိုင်ကို ဆရာမြသန်းတင့်ကို ဝတ္ထုအဖြစ်ပြန်လည်အသက်သွင်းစေခဲ့တဲ့စာအုပ်ပါ။ ပြန်ရေးသားသူကိုယ်တိုင် ရသစာပေခံစားမှု အပြည့်ပေးသောကြောင့် နှလုံးသားကိုထိရှစေတယ်။ဒီစာအုပ်ဟာ ဆရာမြသန်းတင့်ရဲ့ မြသန်းဆိုတဲ့ အမည်ကနေ မြသန်းတင့်လို့ပြောင်းလိုက်တဲ့ ပထမဆုံးစာအုပ်လို့လည်းသိရပါတယ်။ဝမ်းထဲက တမာလိုခါးတာကို အပြင်မှာပျားရည်လိုချိုဟန်ဆောင်တယ်၊ မနာလိုတာကို နာလိုဟန်ဆောင်တယ်၊မချစ်တာကို ချစ်ဟန်ဆောင်တယ်တဲ့ မျက်နှာဖုံးတချို့ကိုလည်း တွေ့မြင်ရမယ်။
နောက်တစ်ချက်ကစာအုပ်ခေါင်းစဉ်ပါ၊ စာအုပ်ဖတ်နေစဉ်အတွင်း အဖုံးကို ပြန်ပြန်ကြည့်မိတယ်၊ အတော်လိုက်ဖတ်တဲ့အပြင် ဇာတ်ရှိန်တတ်လာတိုင်း " နွံထဲကကြာ " ဆိုတဲ့ဝေါဟာရကို တိုးတိုးရေရွတ်မိတယ်။ကျွန်တော်တို့လူမျိုးက ကြာပန်းကို တော်တော် နှစ်သက်ပုံရတယ်၊ ရှေးက သလွန်တွေမှာလဲ ကြာပါတယ်၊အနုပညာရေးကြ၊ခြယ်ကြတဲ့ အရာတွေထဲမှာလဲ ကြာပါတာပဲ၊ စကားပုံတွေ ၊ ဘာသာရေးအခန်းအနားတွေမှာလည်း ကြာ ပါတယ်။လူတိုင်းက ကြာ ကိုတော့လိုချင်တယ်၊ နွံ၊ရွံ့ဗွက် အနံဆိုးကိုတော့ အော်ကလီဆန်ကြတယ်။
သတိထားမိတဲ့နောက်တစ်ချက်က မြေရှင်တွေရဲ့ကြီးစိုးမှု ၊အခွန်အခတွေကြောင့် ဆင်းရဲနွမ်းပါးလှတဲ့လယ်သမားတွေကို တချို့ဓနရှင်တွေက အသိတရားရပြီး ပိုင်ဆိုင်ထားသောမြေယာများကို လူတန်းစားညီမျှအောင် ပေးလှူသော်လည်း အလုပ်ရှုပ်တယ်၊ တာဝန်ကြီးတယ်ဆိုတဲ့အမြင်နဲ့ လက်မခံရဲတဲ့ လယ်သမားများကို တွေ့ရတယ်။ဆရာသိန်းဖေမြင့်က လက်ဝဲဝါဒ ဆုပ်ကိုင်ထားသူတစ်ယောက်ဖြစ်ပေမယ့် ကြုံတွေ့ရနိုင်သည့်အခက်အခဲများကို မျှတစွာ တင်ပြထားတယ်၊ အရှေ့ကနေဝန်းထွက်သည့်ပမာ စာအုပ်ထဲမှာလည်း သခင်တင်ထွန်းက ဦးဖေကို မဲဆွယ်တဲ့အခန်းမှာ လက်ဝဲဝါဒ အားနည်းချက်ကိုထောက်ပြထားပြန်တယ်။
စစ်တောင်းမြစ်တစ်ဖက်ကမ်း ဖြူးမြို့ အငွေ့အသက်(atmosphere)နဲ့ ဇာတ်အိမ်တည်ထားတဲ့ဒီဝတ္ထုထဲတွင် သတင်းထောက်မောင်မောင်သန်း ၊ပြည့်တန်ဆာမ၊ ခိုးမှု၊ လူသတ်မှုတွေနဲ့ ထောင်ကျတော့မည့်တရားခံရွှေတင် ၊ အတိတ်တစ္ဆေခြောက်လှန့်ခြင်းခံနေရသော ဂျူရီလူကြီး ခင်မောင်ဝင်း ၊နေရောင်ခြည် ၊လေညှင်းတို့ကို ဘယ်သူကမှပိုင်လို့မရသလို မြေကြီးကိုလည်း ဘယ်သူကမှ ပိုင်ဖို့မကောင်းပါဘူးဆိုပြီး လယ်သမားတွေ အလုပ်သမားတွေဘက်မှ အမြဲ ခေါင်းဆောင်ရပ်တည်ပေးနေတဲ့ သခင်တောက်ထွန်း ၊ အနစ်နာခံ ပေးဆပ်သူ ညိုလေး စသည့် ဇာတ်ကောင်များနဲ့အစားထိုးဖန်တီးပြီး နိုင်ငံရေးစနစ်၊ ဥပဒေစနစ်၊ လူ့သဘောနိယာမ ၊ ဖိုမဝါဒ ပြဿနာများကို အနီးကပ်ပြောပြထားတဲ့ စာအုပ်လို့ ယူဆမိတယ်။
ဝတ္ထုရဲ့အဓိကဇာတ်လိုက်(protagonist )ရွှေတင် ခေါ် အရွှေ က ဆူကြုံနိမ့်မြင့် ကြုံရတဲ့ဘဝအခြေအနေတွေကြောင့် နွံထဲကျသွားတဲ့ ပတ္တမြားဖြစ်လိုက်၊ နွံထဲကျသွားတဲ့ အပုတ်ကောင် ၊ အားလုံးဒုက္ခရောက်အောင် မီးမွှေးပေးတဲ့သူ ဖြစ်လိုက်နဲ့ ဘဝဟာ အရွယ်နဲ့သောကမမျှတသူ တစ်ယောက်လို့ ကျွန်တော်မြင်မိတယ်။မမြဲခြင်းသဘောတရာအမျိုးမျိုးကို ခံစားမိစေတယ်။လောကကြီးကို မတရားစိုးမိုးနေသည့် နိယာမတရားများက လိမ်လည်ခြင်းနှင့် သစ္စာမဲ့ခြင်းများလားလို့ ထင်မိတယ်။
"ငါတို့နေတဲ့ ပတ်ဝန်းကျင်ဟာ မကောင်းဘူး ၊အမှောင်တွေ ဖုံးနေတယ် ၊မတရားမှုတွေ လွှမ်းမိုးနေတယ်၊ ရာဇဝတ်မှု ကျူးလွန်ပေမဲ့ ထောင်ထဲကို ရောက်ချင်မှရောက်တယ်၊ မကျူးလွန်ပေမဲ့ ထောင်ထဲ ရောက်နေရတယ် ၊ရာဇဝတ်မှု ကျူးလွန်တာချင်းတူတူလဲ ထောင်ထဲရောက်တဲ့ လူက ရောက်ပြီး တချို့ကျတော့ အပြင်မှာ သူလို ငါလို လွတ်လပ်တဲ့လူအဖြစ် ရှိနေကြတယ်၊အကျင့်စာရိတ္တပျက်တာချင်းအတူတူ ဘာလို့ တချို့က ထောင်ထဲရောက်ပြီး တချို့က အပြင်မှာလွတ်နေရတာလဲ"
ခင်မောင်ဝင်းရဲ့စကားကို မှတ်သားထားမိတယ်။
လူ့ပတ်ဝန်းကျင်မှာ မကောင်းသူတွေကိုလျော့ပါးစေဖို့ မကောင်းမှုမလုပ်ဝံ့စေဖို့ ရည်ရွယ်ပြီး ဥပဒေတွေနဲ့အုပ်ချုပ်ကြတယ် အဲ့ ဥပဒေ ကြောင့်ပဲ ကောင်းမွန်မှန်ကန်တဲ့သူတွေ အပြစ်ပေးခံရပြန်ရော။လူတွေဟာ အမှန်တရားကို ရင်မဆိုင်ရဲလို့ ၊ကိုယ့်ကိုယ်ကို ရဲရဲပြန်မကြည့်ရဲကြလို့ ဒီလိုဖြစ်နေကြတာ၊အမှန်တရားဟာ ကြမ်းတမ်းတယ်၊ ပြင်းထန်တယ်၊ခါးသီးတယ်။လူတွေက နူးညံ့တာ၊ ပျော့ပြောင်းတာ၊ ချိုမြန်တာတွေကိုသာ တောင့်တနေကြတယ်၊ ဒီတော့ လူတွေဟာ အမှန်တရားကို ရင်မဆိုင်ရဲတာဟာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ မြေနိမ့်ရာမို့ လှံစိုက် ချင်တဲ့စိတ်တော့ ဖျောက်ဖျက်ဖို့လိုအပ်မယ်ထင်တယ်။
အပြစ်ရှိသူက တရားသူကြီးဖြစ်နေဖြစ်ပြီး အပြစ်မဲ့သူက တရားခံဖြစ်နေရသော လူ့အဖွဲ့အစည်း၊ အပြစ်မဲ့သူတစ်ဦးကို အပြစ်မရှိမှန်းသိပါလျက် ပြစ်ဒဏ်ပေးလေ့ရှိသည့် တရားဥပဒေစနစ်တို့ကို ဝေဖန်ထားသည့်ဝတ္ထုကြီးဖြစ်တယ်။
ဆရာသိန်းဖေမြင့် ၊ဆရာမြသန်းတင့် စာအုပ် ကြိုက်သူဆို လက်မလွှတ်သင့်တဲ့စာအုပ်လို့ ပြောပါရစေ။ အချိန်ပေးရကျိုးနပ်တဲ့ စာအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေဗျာ...
Please YouTube ?
https://youtube.com/@ReviewsbyBenevolent?si=qC3khif67WoxcAxE
စာဖတ်ခြင်းက အတွေးကို လန်းဆန်းစေတယ်။?
Benevolent Guy
Keep Reading