Author's Profile Photo

စာကြမ်းပိုး

21/04/2024

ဆုံနေရက်နဲ့လွမ်းလေခြင်း - ဂျူး

1 min read
Book Review
ဆုံနေရက်နဲ့လွမ်းလေခြင်း - ဂျူး's photo


စာမျက်နှာ ၄၂၄ ၊ ပထမအကြိမ် ၊ ဂျူးစာပေ
မျက်နှာဖုံး - ပန်းချီနေမျိုးဆေး

အင်ကြင်းဝေဆိုတဲ့အမျိုးသမီးလေးတယောက်နဲ့ ငယ်ငယ်ကတည်းကချစ်ခင်လာခဲ့ ရတဲ့ သက်ဝေဆိုတဲ့ကောင်လေးတယောက်တို့ကြားက ချစ်ခြင်းမေတ္တာတွေ ၊ မာနတွေ ၊ သံယောဇဉ်တွေကို အခြေတည်ကာရေးသားထားတဲ့ စာအုပ်တအုပ်ပါ။

လာဗင်ဒါပန်းခင်းကြီး အကြောင်းဖတ်ရတော့ ကျွန်မသွားခဲ့ဖူးတဲ့ နှင်းဆီခင်းတွေ အကြောင်း သတိရမိခဲ့တယ်။ ကိုယ်တကယ် ရူးသွပ်ပြီး နှစ်သက်တဲ့ ပန်းပွင့်တွေကြားထဲရောက်သွားရတဲ့ ခံစားချက်က ဘယ်လောက်တောင် အိမ်မက်ဆန်မလဲဆိုတာ ကိုယ်တိုင်ခံစားဖူးမှ သိမှာမျိုးပါ။ အဲ့ဒီလို ခံစားချက်ကို အပြည့်အဝ ရရှိအောင်အသက်သွင်းထားတဲ့ ဆရာမရဲ့ စာအရေးအသားတွေကို လေးစားပြီးရင်း လေးစားမိပါတယ်။ ဒါကြောင့် ဒီစာအုပ်ကိုဖတ်ဖူးသူတိုင်းလိုလိုက လာဗင်ဒါပန်းခင်းကြီးထဲ ရောက်သွားချင်ကြတာမဟုတ်လား။

ကျွန်မသဘောအကျဆုံး အပိုင်းက တော့ ကလေးကဗျာတွေနဲ့ပတ်သက်လို့ သရုပ်ခွဲပြောပြထားတဲ့အပိုင်းပါ။ စာမျက်နှာ ၅၉ ကနှင်းဆီကဗျာလေးလည်း သိပ်သဘောကျ တာပဲ။ ဇာတ်လမ်းသဘောအရ ဒီလို နိုင်ငံခြားအထိသွားပြီးစာတမ်းဖတ်ရလောက်အောင် ပြီးတော့ သာမန်ဘွဲ့ရကောင်လေးတယောက်က ရနံ့ကုထုံးပညာရှင်ဖြစ်သွားလောက်အောင် ဆိုတာမျိုးက လက်တွေ့နဲ့ နည်းနည်း အလှမ်းကွာနေသလို ခံစားမိခဲ့ပေမယ့် ကဗျာနဲ့ပတ်သက်လို့ ရေးထားတာလေးတွေ သိပ်ကြိုက်ပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာလေးဆို ကျွန်မ မကြာမကြာ သားသားကိုရွတ်ပြတဲ့တပုဒ်မို့ အလွတ်ရနေတဲ့ကဗျာလေးပါ။ ( YouTube မှာတော့ ထည့်ရွတ်ပေးထားပါတယ်)

ဒီစာအုပ်ကို ကြိုက်မိတာက ဒီစာအုပ်ထဲက မောင်သက်ဝေအော်ဆိုလိုက်တဲ့ တွံတေးသိန်းတန်သီချင်းကအစ မင်းသုဝဏ်ကဗျာအလယ် ဘလက်ခ်မိုးစ်နိုက်တ် ရဲ့ The clock ticks on သီချင်းအဆုံး အကုန်လုံးက ကျွန်မအကြိုက်ဆုံး ကျွန်မအလွတ်ရနေတဲ့အရာတွေဖြစ်လို့လည်းပါမယ်ထင်ပါတယ်။

၂၀၀၉ ခုနှစ်တုန်းက အဲဖရန့်စ်လေယာဉ်တစီး အတ္တလန္တိတ် သမုဒ္ဒရာထဲ ပျက်ကျဖူးတဲ့အကြောင်းပြောတာတို့ ၊ Steam distillation တို့ Solvent Extraction အကြောင်းတို့ ၊အင်ကြင်းဝေငယ်ငယ်က ရေးခဲ့တဲ့ သတင်းစာ Scrap Book လေးအကြောင်း idea ၊ ပြင်သစ်စကားလုံး များ ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ကမ္ဘာကုန်ကျယ်သရွေ့ဝယ်စာအုပ်ထဲက ရေနံမြေသပိတ် စသည်စသည်ဖြင့် အကြောင်းအရာမျိုးစုံကို ကလေးကဗျာသုံးသပ်ချက်များ ၊ စမတ်ကျပြီးရင့်ကျက်တဲ့ ဇာတ်ကောင်များ နဲ့အတူ ဗဟုသုတ ရသစုံလင်စွာ ဖတ်ရှုလိုက်ရတဲ့ စာအုပ်ကောင်းတအုပ်ပါ။

ဝတ်မှုံလေး (စာကြမ်းပိုး)
21.4.2023( Fri)
11:44 AM
https://youtube.com/@user-zj4sj8hc7b

Keep Reading

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ