SarPhat Author
?ကိုယ့်ရဲ့အကြောင်းကိုယ် သေချာသိရဲ့လား?
သူများရဲ့အကြောင်းတွေကို နောက်ထား၊ ကိုယ့်အကြောင်းကိုယ် အရင်ဆုံး သေချာသိအောင်လုပ်ထားသင့်တယ်နော်။ ဒါမှ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်က ဘယ်လိုအလုပ်မျိုး၊ ဘယ်လိုနေရာမျိုးနဲ့ ကိုက်ညီမလဲဆိုတာကို သေချာရွေးချယ်နိုင်ပြီး ဘဝမှာ အောင်မြင်ပျော်ရွှင်နိုင်မှာပါ။ ဒီအတွက် ကိုယ့်အကြောင်းကိုယ် သေချာသိထားသင့်တဲ့ (၇) ချက်ကို ပြောပြပေးသွားပါမယ်။
(၁) ဘယ်အရာတွေက ကိုယ့်ကို စိတ်ရှုပ်စေသလဲ?
လူတိုင်းမှာ ကိုယ်သည်းမခံနိုင်တဲ့အရာတွေ၊ စိတ်ရှုပ်စေတဲ့အရာတွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ - တချို့အတွက် ကားကြပ်တာက စိတ်ရှုပ်စရာဖြစ်မယ်၊ တချို့အတွက် လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတာကို စိတ်ရှုပ်တာမျိုးဖြစ်မယ်။ ဒီလိုမျိုး ကိုယ့်ကိုစိတ်ရှုပ်စေတဲ့အရာတွေကို သေချာသိထားသင့်ပါတယ်။ ဒါမှ ကိုယ့်အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ပျော်ရွှင်မှုအတွက်ပဲဖြစ်ဖြစ် ဘယ်အရာတွေကို ရှောင်ရှားရမလဲဆိုတာကို သိနိုင်မှာပါ။
(၂) ကိုယ့်မှာ အသားတင်ပိုင်ဆိုင်မှု ဘယ်လောက်ရှိသလဲ?
ကိုယ့်ရဲ့ အသားတင်ပိုင်ဆိုင်မှုကို သိထားဖို့ကလည်း ဘဝအတွက် အရေးကြီးပါတယ်။ အသားတင်ပိုင်ဆိုင်မှုဆိုတာကတော့ ကိုယ့်မှာရှိတဲ့ ငွေကြေး၊ ပစ္စည်းတွေရဲ့ တန်ဖိုးအပြင် ချေးငွေတွေကိုပါ ထည့်ပြီး တွက်ထားတဲ့ စုစုပေါင်းတန်ဖိုးပါ။
ဥပမာ - ကိုယ့်မှာ စုထားတဲ့ငွေ ဆယ်သိန်းနဲ့ ပြန်ပြီးရောင်းထုတ်နိုင်တဲ့ ပစ္စည်းတန်ဖိုး ဆယ်သိန်း၊ စုစုပေါင်းသိန်းနှစ်ဆယ်ရှိတယ်ဆိုပါစို့။ ဒါပေမဲ့ ကိုယ့်မှာ ချေးထားတဲ့ငွေက ဆယ့်ငါးသိန်းရှိတယ်ဆိုရင် ဒီအကြွေးကိုပြန်ဆပ်ရမှာဖြစ်တဲ့အတွက် အသားတင်ပိုင်ဆိုင်မှုက ငါးသိန်းပဲရှိပါတယ်။ ဒီလိုသေချာသိထားခြင်းအားဖြင့် ကိုယ့်အခြေအနေကို ကိုယ်သိနိုင်ပြီး မလိုအပ်တဲ့သုံးဖြုန်းတာတွေကို ရှောင်ရှားဖို့ အသိဝင်နိုင်ပါလိမ့်မယ်။
(၃) တခြားသူတွေအတွက် ကိုယ်ဘာလုပ်ပေးနိုင်သလဲ?
လူတိုင်းမှာ ကိုယ်ပိုင်ကျွမ်းကျင်မှု၊ ကိုယ်ပိုင်စွမ်းရည်နဲ့ သိထားတဲ့နယ်ပယ်တွေက မတူညီကြပါဘူး။ ကိုယ်က ဘယ်နေရာမှာ ကျွမ်းကျင်သလဲ၊ ဘယ်နယ်ပယ်ကို ရင်းနှီးသလဲ၊ ဘယ်နေရာမှာ ကူညီနိုင်တဲ့ မိတ်ဆွေတွေရှိလဲဆိုတာကို သေချာသိထားသင့်ပါတယ်။ ဒီလိုသိထားမှ ကိုယ့်အတွက် ဘယ်အလုပ်က အဆင်အပြေဆုံးဖြစ်မလဲဆိုတာကို သေချာရွေးချယ်နိုင်မှာဖြစ်သလို တခြားသူတွေကိုလည်း ငွေအား၊ လူအား၊ ဉာဏအား စသည်ဖြင့် ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။
(၄) ကိုယ်ဘာတွေကို မသိသေးဘူးလဲ?
ပညာရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို ကိုယ်က အများကြီးသိထားပြီလို့ ယူဆတာဟာ အင်မတန်မှားယွင်းပြီး အန္တရာယ်များတဲ့ အတွေးအခေါ်ပါပဲ။ ကမ္ဘာလောကကြီးမှာ သင်ယူလို့ ကုန်ခမ်းသွားတယ်ဆိုတာ မရှိနိုင်ပါဘူး။ နယ်ပယ်တိုင်းက ကျယ်ပြန့်သလို အသစ်အသစ်တွေလည်း အချိန်နဲ့အမျှ ထွက်ပေါ်နေတာမျိုးပါ။ ဒါကြောင့် ကိုယ်ဘာတွေကို မသိသေးဘူးလဲဆိုတာကို သေချာသိထားရင် ထပ်ပြီးလေ့လာဖို့ တွန်းအားဖြစ်စေမှာပါ။ ဒီလိုကနေ ပိုပြီး ကျွမ်းကျင်သိတတ်တဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါစေလိမ့်မယ်။
(၅) ကိုယ့်အတွက် ဘယ်သူတွေက အရေးအကြီးဆုံးလဲ?
လူတိုင်းအပေါ်ကို ကောင်းပေးတယ်၊ လူတိုင်းနဲ့ ကောင်းကောင်းမွန်မွန် ပေါင်းသင်းဆက်ဆံနိုင်တယ်၊ လူတိုင်းကို ကူညီတယ်၊ နားလည်ပေးနိုင်တယ်၊ စတာတွေဟာ အပေါ်ယံကြည့်ရင် ကောင်းတဲ့အနေအထားတစ်ခုလို့ ထင်ရနိုင်ပါတယ်။ တကယ်တမ်းတော့ အဲဒီလို လူတိုင်းက ကိုယ့်အတွက် အရေးပါနေတာမျိုးက ဘယ်သူကမှ ကိုယ့်အတွက်အရေးမပါဘူးဆိုတဲ့ သဘောကိုလည်း သက်ရောက်စေပါတယ်။ ဒါကြောင့် ဘယ်သူတွေက ကိုယ့်အတွက် အရေးအပါဆုံးလဲ၊ ဘယ်သူတွေက ကိုယ့်အတွက် အမြဲရှိနေမယ့်သူတွေလဲ၊ ဘယ်သူတွေက ကိုယ့်ကို အတွင်းကျကျ ချစ်ခင်သူတွေလဲဆိုတာ ရှိထားဖို့လိုသလို သိထားဖို့လည်းလိုပါတယ်။ ဒါမှ အရေးကြုံတဲ့အခါ အပြန်အလှန်ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် အသင့်ရှိနေနိုင်မှာပါ။
(၆) ကံတရားက ကိုယ့်ဘက်မှာ ဘယ်လောက်ရှိလဲ?
တချို့လူတွေက ကံကိုယုံပြီး ဆူးပုံနင်းတတ်ကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကံကောင်းမှုခြင်းမတူညီကြပါဘူး။ တချို့က ကံမကောင်းတတ်တဲ့အတွက် ဉာဏ်နဲ့ ဝီရိယကို အများကြီးအားစိုက်ထုတ်ရလေ့ရှိပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံတွေအရ ကံတရားက ကိုယ့်ဘက်မှာ ဘယ်လောက်ထိရှိတတ်လဲဆိုတာကို သိထားခြင်းအားဖြင့် ကံကိုယုံပြီး ဆူးပုံနင်းတဲ့အလုပ်မျိုးတွေ မလုပ်မိအောင် ထိန်းနိုင်မှာဖြစ်သလို ကံကိုအသုံးချပြီး အောင်မြင်မှုကိုလည်း ရယူနိုင်ပါသေးတယ်။
(၇) ကိုယ့်ကို ဘယ်အရာတွေက ပျော်ရွှင်စေနိုင်သလဲ?
ပထမဆုံးအချက်မှာ စိတ်ရှုပ်စေတဲ့အရာတွေကို သိထားဖို့ ပြောပြခဲ့သလိုပဲ အခုကတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုလည်း သိထားသင့်ပါတယ်။ တချို့အတွက် ဇိမ်ခံပစ္စည်းတွေ၊ ပွဲတော်တွေက ပျော်စရာဖြစ်ပေမယ့် တချို့တွေအတွက်တော့ သာမန်ရိုးရိုးရှင်းရှင်းဘဝလေးမှာ တိတ်တိတ်ဆိတ်ဆိတ်နေရတာက ပျော်စရာဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်လိုဘဝမျိုးမှာ ပျော်နိုင်မလဲ၊ ဘယ်လိုအရာတွေရှိထားရင် ပျော်ရွှင်စေမလဲဆိုတာကို သေချာသိထားပြီး အဲဒါတွေနဲ့ နီးစပ်တဲ့လမ်းကို ရွေးချယ်သင့်ပါတယ်။ ဂုဏ်တွေ၊ ငွေတွေထက် ဘဝမှာအရေးကြီးတာက ကျန်းမာပျော်ရွှင်ဖို့ပဲမဟုတ်လားနော်။
ဒါဆိုရင်တော့ ကိုယ့်အကြောင်းကိုယ်ပြန်လည်ဆန်းစစ်ဖို့ အချိန်ရောက်ပါပြီ။ သူများအကြောင်းတွေ မစပ်စုခင် ကိုယ့်အကြောင်းကိုသေချာသိဖို့ ဒီ(၇)ချက်ကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြရအောင်နော်။
Ref: TrackingHappiness
Keep Reading