Author's Profile Photo

စာကြမ်းပိုး

17/04/2024

တပြည်သူမရွှေထား တက္ကသိုလ်ဘုန်းနိုင်

1 min read
Book Review
တပြည်သူမရွှေထား
တက္ကသိုလ်ဘုန်းနိုင်'s photo


စာမျက်နှာ ၃၃၉
ပဉ္စမအကြိမ်
ကံ့ကော်ဝတ်ရည် စာပေ

ပြည်မြို့ကိုနောက်ခံပြုရေးဖွဲ့ထားတဲ့ ဆရာကြီးရဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အချစ်ဝတ္ထု ဆိုတာထက် မေတ္တာဖွဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်လို့တောင် တင်စားချင်ပါတယ်။ ဒီလို ဗဟုသုတ ၊ ဒီလို အရေးအသား ၊ ဒီလို ဖွဲနွဲ့မှုတွေက ဆရာကြီးရဲ့ ဝတ္ထုတွေထဲမှာပဲရှာတွေ့နိုင်တာမျိုးမဟုတ်လား။

မိုးကျရွှေကိုယ် ရဲ့အပြောအဆိုလေးတွေ မြန်မာပြည်ကိုချစ်စိတ်လေးတွေ အကင်းပါးမှုလေး သဘောကျ မိသလို ထားရဲ့ စိတ်ဓာတ်မာကျောမှု ၊ အယုံမလွယ်မှု အနောက်တိုင်း ဆန်မှုတွေကိုလည်း အပြစ်မမြင်မိပါဘူး။ ဒီလို အသိုင်းအဝိုင်း မှာ ဒီလို စိတ်ထားမျိုးလေးပဲ ရှိလာနိုင်မှာမဟုတ်လား။ ကျွန်မစိတ်ထင် စာအုပ်ထဲမဖော်ပြထားပေမယ့် ထားမှာလည်း မိသားစုနဲ့ပတ်သက်လို့ စိတ်ဒဏ်ရာတခုခု ရှိပုံရပါတယ်။ အဲ့ဒါကို ထား တခါတလေပြောမိတဲ့စကားလုံးလေးတွေမှာ ရှာတွေ့နိုင်တယ်လို့ထင်ပါတယ်။ ကျွန်မအထင်ပါ။

အင်္ဂလိပ် ၊ ဂျပန် နဲ့ မြန်မာတွေ အရောရောအနှောနှော ဖြစ်နေတဲ့ ကာလများဆီက နိုင်ငံရေးအခြေအနေ ၊ ခေတ်အခြေအနေတွေကို ခံစားသိရှိရမှာ ဖြစ်သလို နတ်သျှင်နောင် ၊ ရှင်မဟာရဋ္ဌသာရတို့ ရဲ့ ကဗျာတွေ နဲ့ အခြား ဂန္ထဝင်ကဗျာများစွာကို အလျဉ်းသင့်သလိုဇာတ်အိမ်နဲ့ ဇာတ်ကောင်များနဲ့ လိုက်ဖက်စွာ ဖော်ပြပေးထားလို့ ဗဟုသုတရဖွယ် လေ့လာဖတ်ရှုရမှာပါ။

အကြိုက်ဆုံးကတော့ ကိုမြင့်ဆွေ မယ်ဒလင်လေးနဲ့တီးတဲ့ "ဂုဏ်မြင့်သူ" သီချင်းပဲ။ အဖေ့မယ်ဒလင်သံလေးလွမ်းလို့ ရှာပြီးတော့တောင် နားထောင်ဖြစ်တယ်။ "မောင့်အပေါ်ဝယ် ဂုဏ်ရည်မတူ လို့ လား...ရွှေစံပယ်ဖြူ ပန်ချင်သူ ကများ.." ဆိုတဲ့အပိုဒ်လေးဆို သိပ်ကြိုက်တာပဲ။ ဆရာ တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ဖတ်ရင်း နဲ့ပဲ အဲ့ဒီလို မြန်မာသံစဉ်တွေကို ပိုပိုမြတ်နိုးတတ်လာတာ အနှစ်သာရပဲ လို့ထင်တယ်။

အချစ်ဝတ္ထုတွေ နဲ့ ဘာသာပြန်တွေဆိုရင် ဘာသာပြန်တွေပဲ ကောက်ကိုင်မိတာများပါတယ်။ဒါပေမယ့် ဆရာ့ စာအုပ်တွေကိုင်မိပြီဆိုရင်တော့ တလေးတစား နင့်နင့်နဲနဲ ခံစားပြီး သီချင်းတွေကအစ လိုက်နားထောင်ဖြစ်တာကိုက ဆရာ့ရဲ့ အနုပညာပြောင်မြောက်မှုပဲထင်ပါရဲ့။ ချစ်ခြင်းမေတ္တာကို သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့လေး ဖော်ပြသွားတာများ သိပ်ကိုလေးစားဖို့ကောင်းတာပါပဲရှင်။

ချစ်ရတဲ့အစ်မကြီးက ထီပေါက်လို့ ဆိုပြီးလက်ဆောင်ဝယ်ပေးထားတာပါ။ ဒီထက်ပိုပြီး သိန်းဆုပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ အစ်မရေ..။

စာချစ်သူများ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။

ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com

Keep Reading

တောရိုင်းမြေမိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။Ernest Hemingway ဘဝဟာသများဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ ပင်လယ်ဝံပုလွေThe Gentleman in the Parlourဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာသည်းခြေကြိုက် စာအုပ် ၆ အုပ်နိုးတစ်ဝက်အိပ်မက်