SarPhat Author
?နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်ပြီး အလုပ်လုပ်နေကြတဲ့ ခေတ်မှာ ဘာသာစကားဟာ အရေးပါတဲ့ စွမ်းရည်တစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် အခွင့်အလမ်းတွေရဲ့ တံခါးပေါက်လို့ ဆိုနိုင်သလိုပဲ၊ ဘာသာစကား ကျွမ်းကျင်စွမ်းရည်တစ်ခုကိုသာ ပိုင်ဆိုင်ထားရင် အဲ့ဒီအခွင့်အလမ်းတွေကို ဖမ်းဆုပ်ဖို့ အလှမ်းမဝေးတော့ပါဘူး။
?ဒါကြောင့် ဒီတစ်ပတ် "သင်ယူလေ့လာ" အစီအစဉ်မှာ ဘာသာစကားအသစ်တစ်ခုကို လေ့လာဖို့ ဟန်ပြင်နေတဲ့သူတွေအတွက် ဘယ်က စတင်ထိတွေ့လေ့လာသင့်သလဲ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ကဲ ... အဆုံးထိ ဖတ်ကြည့်ပြီး ဘာသာစကား လေ့လာရေးခရီးစဉ်ကို ဒီကနေ စတင်လိုက်ကြစို့လေ။
1️⃣ ဗျည်း၊ သရ၊ အက္ခရာ
"ဘာသာစကားအစ အက္ခရာက" ဆိုတဲ့အတိုင်း ဘာသာစကားတိုင်းရဲ့ အခြေခံအုတ်မြစ်ဟာ ဗျည်းသရအက္ခရာတွေပါပဲ။ ဗျည်းသရအက္ခရာတွေက ဘာတွေလဲဆိုတာ သိတော့မှ စာလုံးတွေကို ဘယ်လို ပေါင်းစပ်ထားတယ်၊ အဲ့ဒီကမှတဆင့် ဝါကျတွေကို ဘယ်လို ဖွဲ့ရမယ်ဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာစကားအသစ် လေ့လာတော့မယ်ဆိုရင် ဗျည်း၊သရ၊အက္ခရာတွေကို အရင်ဆုံး ကျေညက်အောင် လေ့လာပါ။ ဥပမာ - ငယ်ငယ်က က၊ ခ၊ ဂ နဲ့ A၊ B၊ C တို့ကို အရင်ဆုံး သင်ယူရသလိုပေါ့။
2️⃣ အသံထွက်
ဘာသာစကားအသစ် လေ့လာခြင်းမှာ နောက်ထပ် အခြေခံအကျဆုံး တစ်ချက်ကတော့ "အသံထွက်" ပါပဲ။ စကားပြော လေ့ကျင့်တော့မှ အသံထွက်ကို လေ့ကျင့်တာထက် စလေ့လာကတည်းက အသံထွက်စည်းမျဉ်းတွေကို စလေ့လာထားမယ်ဆိုရင် သင်ယူမှုတလျှောက်လုံး မှန်ကန်စွာ ဖတ်ရှုတတ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ ဗျည်းနဲ့သရတွေကို ဘယ်လို အသံထွက်သလဲ၊ သူတို့ကို ပေါင်းစပ်လိုက်ရင် ဘယ်လိုအသံပြောင်းသွားသလဲ တစ်ခါတည်း လေ့လာပါ။ ဒါက နောင်မှာ စကားပြော လေ့ကျင့်တဲ့အခါ ပိုလွယ်ကူအဆင်ပြေစေပါလိမ့်မယ်။
3️⃣ အခြေခံဝါကျတိုတွေ
ဗျည်းတွေ၊ သရတွေကိုလည်း ကောင်းကောင်း သိပြီ၊ ဘယ်လိုပေါင်းစပ်ပြီး အသုံးပြုရမလဲ ဆိုတာကိုလည်း အနည်းအကျဉ်း ထိတွေ့မိထားပြီဆိုရင်တော့ အခြေခံဝါကျတိုတွေကို စလေ့လာဖို့ အကောင်းဆုံး အချိန် ရောက်လာပြီ။ အခြေခံဝါကျတိုတွေဟာ ဘာသာစကားဆိုတာကို စတင်ထိတွေ့မိပြီ ဆိုနိုင်တဲ့ အဆင့်ပါပဲ။ ဒါကြောင့် "ကျေးဇူးတင်ပါတယ်" ၊ "တွေ့ရတာ ဝမ်းသာပါတယ်" ၊ "ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ပါစေ" စတဲ့ အခြေခံဝါကျတိုလေးတွေကို လေ့လာပါ။
4️⃣ အဓိကကြိယာတွေ
ဘာသာစကားမှာ အခြေခံအကျဆုံးဟာ အက္ခရာတွေ ဖြစ်တယ်ဆိုရင် အရေးပါဆုံးကတော့ "ကြိယာ" တွေပါပဲ။ ကြိယာတွေကို မသိဘဲ ဘာတွေ လုပ်နေတယ်၊ ဘယ်လိုတွေ ခံစားနေရတယ်၊ ဘာတွေ ဖြစ်တယ်ဆိုတာတွေကို ပြောပြရေးပြလို့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာသာစကားတစ်ခုမှာ အသုံးများတဲ့ အဓိကကြိယာတွေကို လေ့လာဖို့ လိုအပ်ပါတယ်။ ဥပမာ - ရှိသည်၊ ဖြစ်သည်၊ သွားသည်၊ လာသည်၊ နေသည်၊ အိပ်သည်၊ စားသည် စသဖြင့်ပေါ့
5️⃣ အသုံးများတဲ့ ဝေါဟာရတွေ
နောက်ဆုံးတစ်ချက်ကတော့ ဝေါဟာရတွေကို စုဆောင်းဖို့ပါပဲ။ ဝေါဟာရ ကြွယ်ဝရင် ကြွယ်ဝသလောက် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် တိုးတက်လာနိုင်ခြေ ပိုများပါတယ်။ ဒီအတွက် အရင်ဆုံး လုပ်ရမှာ အသုံးများတဲ့ ဝေါဟာရတွေကို နားလည်အောင်၊ အသုံးပြုတတ်အောင် လေ့လာဖို့ပါ။ ဝေါဟာရတွေကို လေ့လာတဲ့ နေရာမှာ အလွတ်ကျက်တာမျိုးထက် ဘယ်လိုအချိန်၊ ဘယ်လိုနေရာမျိုးမှာ ဆီလျော်အောင် အသုံးပြုသလဲ နမူနာဝါကျတွေနဲ့ လေ့လာရင် ပိုထိရောက်မှု ရှိနိုင်ပါတယ်။
ဒီလောက်ဆိုရင် ဘာသာစကားအသစ်တစ်ခုကို ဘယ်လို စတင်ထိတွေ့ပြီး လေ့လာရမလဲဆိုတာကို မြေစမ်း ခရမ်းပျိုးမိလောက်ပြီ ထင်ပါတယ်။ ကဲ ... ဒီဆောင်းပါးလေး ဖတ်ပြီးတာနဲ့ ကိုယ် လေ့လာချင်တဲ့ ဘာသာစကားကို စတင်လေ့လာဖို့ ပြင်ဆင်လိုက်တော့နော်။ ဒါနဲ့ ဘယ်ဘာသာစကားကို လေ့လာဖို့ စိတ်ကူးထားလဲဆိုတာ မျှဝေပေးခဲ့ပါဦး။
Keep Reading