စာကြမ်းပိုး
စာမျက်နှာ ၁၀၂၉
ပထမအကြိမ် ၊ ၅ တွဲပေါင်းရိုက်နှိပ်ခြင်း
စိတ်ကူးချိုချို
ကွမ်းစကား စာစုပေါင်း ၁၉၈ ပုဒ်ကို တစုတစည်းတည်း ပြန်လည်ထုတ်ဝေထားတာဖြစ်ပြီး ဒီလို သင်္ကြန်ပိတ်ရက်တွေမှာ အားပါးတရ အရသာရှိရှိ ဖတ်ရှုလိုက်ရတဲ့ စာအုပ်ကြီးတအုပ်လည်းဖြစ်ပါတယ်။
လူတွေဟာ ကွမ်းစားတဲ့အခါ အရည်လည်း မရ အဖတ်လည်းမရပေမယ့် ဝါးနေရတာကိုက တစုံတရာ အရသာရှိနေပါတယ်..တဲ့။ ဆရာကြီး သုမောင်က ဒီစာစုတွေကို ကွမ်းဝါးသလို ရေးခဲ့တာပါ..လို့ ပြောထားပေမယ့် သူ့မိသားစုနဲ့ သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင် အကြောင်းတွေဖတ်ပြီး ရင့်ကျက်မှု တစုံတရာ ရရှိသွားနိုင်ကြလိမ့်မယ်လို့တော့ထင်မိပါတယ်။
မိသားစုအဖြစ်အပျက်လေးတွေရေးထားတာတော့အများကြီးပဲ။ အငယ်ဆုံးမောင်ဉာဏ်ပေါ် (ဆရာမင်းလူ) ခါးပိုက်နှိုက် ခံရချိန်မှာ ပြန်ပြီး ပညာပေးပုံလေး ကိုတော့ မှတ်မှတ်ရရဖြစ်နေတယ်။ စာရေးသူက အမေအရွယ်မှန်သမျှကို အမေလို့ပဲသုံးတတ်ပြီး အန်တီလို့သုံးတာမကြိုက် တာလည်းသဘောကျမိတယ်။ စာအုပ်ကြီးကအထူကြီး ဆိုတေယ့ ရှေ့အပုဒ်မှာ ပြောပြီးသားအကြောင်းအရာတွေ နောက်အပုဒ်တွေမှာ ပြန်ပါလာတာမျိုးတော့တွေ့မိတယ်။ နှစ်နဲ့ချီပြီး မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ စာစုတွေ မဟုတ်လား။
ကျွန်မသဘောကျမိတာကတော့ စာရေးဆရာရဲ့ ရိုးသားမှု ၊ အကောင်းမြင်တတ်မှု ၊ နှိမ့်ချမှုနဲ့ ပရိတ်သတ်အပေါ်လေးစားမှုတွေကို စာစုတွေဖတ်ရင်းခံစားမိလာရတာကိုပါ။ သူ့မကောင်းတဲ့အချက်ကို ဝန်ခံဖို့ ဝန်မလေးသလို အခြားလူတွေရဲ့ ကောင်းတဲ့အချက်လေးတွေကိုပဲ လူ့သဘာဝနဲ့ကိုက်ညီအောင်ရေးထားတာတွေ့မိပါတယ်။ဆောင်းပါးမှာ ပါတဲ့ရိုင်းတဲ့ စကားလုံးလေး တလုံးအတွက်တောင် ပရိတ်သက်ကို စာကြွင်းနဲ့ တောင်းပန်သူ တယောက်ပါ။
ကောလိပ်ဂျင်နေဝင်းရဲ့ ရိုးသားပုံ နဲ့ အမှတ်တရတွေကိုမှတ်မှတ်ရရဖြစ်မိ သလို မောင်ဝဏ္ဏရေးတဲ့အမေအကြောင်း စာစီစာကုံး ကိုလည်း သဘောကျမိတယ်။
အနုပညာသည်ချင်းအတူတူ ရုပ်ရည်ကိုရှေ့တန်းတင်ရသူနဲ့ ဦးနှောက်ကို အလေးပေးရသောသူ ကွာခြားပုံ ကိုရှင်းထားတာလည်း သိပ်သဘောကျတာပဲ။သူ့ရဲ့စာရေးဆရာဘဝကို အလွန်ကျေနပ်ဂုဏ်ယူခဲ့ပြီး စာပေ ရုပ်ရှင် ဂီတ သုံးခုမှာ စာပေကို ရှေ့တန်းတင်ခဲ့ကြောင်းကို စာဖတ်ကြည့်တာနဲ့ သိနိုင်တာမျိုးပါ။
ဒီထဲက အချို့ဟာလေးတွေ ဖတ်ဖူးတယ် ..ဘယ်တုန်းက မှန်းမသိဘူး မှတ်နေတာ ဆရာကြီး သာဓုရဲ့ "လူဝါးဝတယ် " စာအုပ်ထဲက တိုက်ဆိုင်တာလေးတွေ ဖြစ်နေတာနေမှာ ။ ဥပမာ -"ဝန်ကတော် တကျပ် ၊ ဝန်ကြီး တမတ် "လိုအသုံးနှုန်းလေးတွေ..သခင်ဖေသန်း ဗိုလ်ချုပ်တို့နဲ့ နိုင်ငံခြားခရီးတခုသွားတုန်းက ဒေါသဖြစ်စရာကိစ္စတခုကြုံပေမယ့် ကံကောင်းလို့အကျယ်အကျယ်မဖြစ်ခဲ့တာတွေ စသဖြင့်ပေါ့။
ဒီနှစ်ထဲဖတ်ပြီးတဲ့အမေလူထုဒေါ်အမာရဲ့ "အမေ့ရှေးစကား" အကြောင်းလည်းပြောထားတာတွေ့မိတယ်။
နိုင်ငံခြားအကောက်ခွန်ကလူနှစ်ယောက်က မုန့်ကုလမဲကို မယုံသင်္ကာဖြစ်နေလို့ ဘာလုပ်ရမှန်းမသိတာနဲ့မုန့်ထုပ်ကိုဖောက်ပြီး ကိုက်စားပြလိုက်တာတော့အတော်သဘောကျတယ်။ (အဲ့ဒီလိုအချက်လေးတွေ အများကြီးရှိသေးတယ်။ အညွှန်းက ရှည်နေပြီမို့လို့)
ကျွန်မစိတ်ထင်တော့ စာတွေက တစစီပြန့်ကျဲနေတယ်..ဒီအကြောင်းပြောရင်းတန်းလန်း ဟိုအကြောင်းရောက်သွားတယ်။ နောက်ဆုံးမှ ပြောလိုတဲ့အကြောင်းကိုပြန်ရောက်ပြီး အဆုံးသတ်လိုက်တယ်။ ဒါပေမယ့် ထူးဆန်းတာက ဖတ်ရတာ ချောနေတယ်။ ငြီးငွေ့မသွားဘူး..စိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးသားထားနိုင်တယ် လို့ထင်မြင်မိပါတယ်။
ကျွန်မတော့ ဆရာကြီးသုမောင်စာအုပ်ကြီးကို စာမျက်နှာ ၁၀၀၀ ကျော်လောက်ဖတ်ပြီးသကာလမှာတော့ စကားပြောရင်တောင် "ဪ..ဒါနဲ့ ..စကားမစပ်..သင်္ကြန်တောင်ရောက်ပါပေါ့လား.." ဖြစ်သွားလေရဲ့..
လူ့သဘာဝကို ပတ်ဝန်းကျင်အဖြစ်အပျက်ကနေပြီး လေ့လာလို့ ရတယ် ဆိုတဲ့အသိတခု ကိုပေးနိုင်ရုံသာမက စိတ်ကို အတိုင်းအတာတခုအထိ ရင့်ကျက်မှုရရှိစေတဲ့ စာကောင်းပေမွန် စာစုတွေပါ။
ငှားဖတ်တာပါရှင့်။ အချိန်တွေအကြာကြီး ငှားပေးထားလို့ ငှားပေးတဲ့မောင်လေးကို ကျေးဇူးအထူးပါရှင်။
နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး ဘေးဘယာဝေးကွာကြပါစေ။
ဝတ်မှုံလေး (စာကြမ်းပိုး)
www.wuthmonelay.blogspot.com
Keep Reading