Author's Profile Photo

Youth’s Book Reflections

6/05/2026

ခန်းဆောင်နီအိပ်မက်-မြသန်းတင့်

9 mins read
Book Review
ခန်းဆောင်နီအိပ်မက်-မြသန်းတင့်'s photo


ဒီစာအုပ်ကို စဖတ်ဖို့ ကြိုးစားနေတဲ့သူတွေကို စိတ်ထိခိုက်လွယ်မလွယ် အရင် မေးရလိမ့်မယ်ထင်တယ်။ ဒါမှသာ မဖတ်ခင် အချိန်မီတားနိုင်မှာ။

ငိုရတယ်ဆိုတဲ့ဝတ္ထုတွေဖတ်ပြီး တစ်နေကုန်စိတ်လေးလံထိုင်းမှိုင်းသွားတဲ့အထိ ရသကိုခံစားခဲ့ကြဖူးမှာပဲ။ ဒီဝတ္ထုကတော့ အဲ့ဒီထက်ကို သာသာထိုးထိုးပိုလိမ့်ဦးမယ်။နင့်ခနဲနေအောင် ရင်ထဲ မချိတင်ကဲ ခံစားသွားရအောင် လုပ်နိုင်တာက ခန်းဆောင်နီ ပဲ။ ချိုချဉ်ငန်စပ် ရသာစုံ ဟင်းမယ်တစ်ပွဲကို စားလိုက်ရသလို ရသမျိုးစုံထိတွေ့နိုင်ရုံတင်မကပဲ သံဝေဂပါရစေမယ့် ဝတ္ထု။ ဒါကြောင့်မလို့ စိတ်ခံစားချက်နုတဲ့သူတွေ၊စိတ်ကူးယဉ်တတ်တဲ့သူတွေ ဒီဝတ္ထုကို အစမလုပ်မိဖို့ အကြံပေးရခြင်းပါ။ ရသမြောက်အဖွဲ့အနွဲ့တွေကြားထဲကနေ တော်တော်နဲ့ move onနိုင်မှာမဟုတ်ဘူး။

အတွဲကိုးတွဲပါတဲ့ ဒီတရုတ်ဂန္တဝင် ခန်းဆောင်နီအိပ်မက် ဝတ္ထုရှည်ဟာ တစ်နေကုန်တစ်နေခမ်း အချိန်ပေးနိုင်လို့ ဖတ်မယ်ဆိုတောင် တစ်ရက်တည်းပြီးဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို အချိန်ပေးရမယ့်စာအုပ်ကိုမှ ရွေးပြီးဘာကြောင့်​ဖတ်ကြသလဲ။ ဖတ်ဖို့ညွှန်းကြသလဲ။ဘာကြောင့် ကမ္ဘာကျော်ရသလဲ။

ယဉ်ကျေးမှု မြင့်လှပါတယ်ဆိုတဲ့ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်ပြည်ရဲ့ ဘယ်လို မြင့်ခဲ့လဲ။ ဘယ်လောက်ခမ်းနားခဲ့သလဲဆိုတဲ့ အဖြေက ဒီစာအုပ်ထဲမှာရှိပါတယ်။ တရုတ်ပြည်ရဲ့ ရှေးခေတ် ရွှေထီးဆောင်းကာလ၊အတိအကျပြောရရင် ချင်မင်းဆက် ကျိန်းလုံးမင်းလက်ထက် မြန်မာမှာတော့ ကုန်းဘောင်မင်းဆက်ပေါ့ အဲ့ဒီကာလမှာ ပဒေသရာဇ်မဆိုနဲ့ဦး၊ မင်းမျိုးမင်းနွယ် မိသားစုတစ်စုနဲ့တင် သူတို့ရဲ့ကြွယ်ဝချမ်းသာမှုကို ဒီစာအုပ်မှာခံစားသိမြင်နိုင်တယ်။ဒီဝတ္ထုကို ပညာရှင်တွေက တရုတ် ယဉ်ကျေးမှု၊ တရုတ်တို့ရဲ့ ဓလေ့ ထုံးစံတွေကို ဖော်ပြတဲ့ ဂန္ထဝင် ဝတ္ထုကြီးလို့ ဆိုကြတယ်။

ဒီဝတ္ထုမှာ တရုတ် အမျိုးသားတို့ရဲ့ ဗိသုကာမှု၊ တရုတ်တို့ရဲ့ လူ့ကျင့်ဝတ်၊ တရုတ်တို့ရဲ့ စာပေ အရသာခံနည်း၊ ပန်းချီအရသာခံနည်း၊ လက်ဖက်ရည်သောက်နည်း၊ အရက် ချို သောက်နည်း၊ သားသမီးနဲ့ မိဘ ဆက်ဆံရေး၊ အထက် အရာရှိနဲ့ အောက်လက်ငယ်သားတို့ရဲ့ ဆက်ဆံရေး၊ ကွန်ဖြူဇီရဲ့ အဆုံးအမတွေနဲ့ အညီ နေထိုင်ရေး၊ တရုတ်တို့ရဲ့ ဒဿနဆိုင်ရာအမြင်၊ တရုတ်လူမျိုးတို့ရဲ့ ဆိုထုံး စတဲ့ အရာတွေ အများကြီးပါတဲ့အတွက် ဒီဝတ္ထုကြီးဟာ တရုတ် အမျိုးသားတို့ ယဉ်ကျေးမှု အစဉ်အလာတွေကို ဝေဝေဆာဆာခမ်းခမ်းနားနား တင်ပြထားတယ်။

ဇာတ်ကောင်တွေ မြောက်မြားစွာပါဝင်တဲ့အတွက် နာမည်မှတ်ရရှုပ်မယ်လို့မထင်လိုက်ပါနဲ့။နှစ်လုံးသုံးလုံး တရုတ်နာမည်လှလှတွေကဇာတ်ကွက်တွေ၊စရိုက်တွေနဲ့ ချိတ်ဆက် မှတ်မိနေမှာမလို့ မေ့ချင်တောင် မေ့လို့ရမယ်မထင်ဘူး။စာဖတ်တိုင်း ဒဿန အတွေးအခေါ်တွေ ကောက်နုတ်တတ်တဲ့သူတွေအတွက်လည်း ဒီစာအုပ်က မှတ်ကျောက်တင်စစ်ဆေးဖို့ အရသာခံဖတ်ဖို့အတွက် ရတနာသိုက်ပါပဲ။ မဟာခုန်ပျံကျော်လွှားစီမံကိန်း၊ ယဉ်ကျေးမှုတော်လှန်ရေး စတာတွေနဲ့ တရုတ်နိုင်ငံ သမိုင်းသစ်ရေးခဲ့တဲ့ ဥက္ကဌကြီး မော်စီတုန်းက ဒီဂန္တဝင်ထဲက စကားပုံတွေ ဆိုရိုးတွေကို အစည်းအဝေးတွေ၊ဟောပြောပွဲတွေမှာ ထုတ်နှုတ်သုံးခဲ့ဖူးတယ်လို့ ဆရာမြသန်းတင့်က ဆောင်းပါးနဲ့တကွ ကိုးကားရှင်းပြထားတယ်။

ဝတ္ထုကြီးထဲမှာပါတဲ့ ကျိဆွေမျိုးစု၊ ချိဆွေမျိုးစု၊ ဝမ်ဆွေမျိုးစုနဲ့ ဆွေ့ဆွေမျိုးစုဆိုတဲ့ ဆွေမျိုးစုကြီးလေးခုဟာ တရုတ်ပဒေသရာဇ် လူ့အဖွဲ့ အစည်းရဲ့ ကျောထောက်နောက်ခံအင်အားစုတွေဖြစ်ကြတယ်။ ဒီဆွေမျိုးစုကြီး လေးခု ရဲ့ ကြီးစိုးချယ်လှယ်မှုဟာ ပဒေသရာဇ်စနစ်ကြီးရဲ့ ကြီးစိုးချယ်လှယ်မှုဖြစ်ပြီး ဒီဆွေမျိုးစုကြီးလေးစုရဲ့ ကျဆုံးမှုဟာ ပဒေသရာဇ်စနစ်ကြီးရဲ့ ကျဆုံးမှု ဖြစ်တယ်လို့ သူတို့က အနက်ဖွင့်ကြတယ်။ ကျိဆွေမျိုးစုထဲက စံအိမ်ဝင်းကြီး ထဲမှာ သူတို့တစ်တွေ နေထိုင် စားသောက်ကြပုံ၊ ဇိမ်ခံကြပုံ၊ ကာမဂုဏ် အာရုံတွေကို လိုက်စားကြပုံတို့ဟာ အဲဒီခေတ်က တရုတ် ပဒေသရာဇ် လူတန်းစားများကို ကိုယ်စားပြုနေပြီး စံအိမ်ဝင်းကြီး အပြင်ဘက်က ပြည်သူ ပြည်သားတွေ ဆင်းရဲဒုက္ခရောက်ကြရပုံ၊ ဖိနှိပ် သွေးစုပ်ခံရပုံတွေဟာ အဲဒီ ခေတ် ပြည်သူတွေရဲ့ဘဝကို ကိုယ်စားပြုနေတယ်။

ဒီဝတ္ထုကြီးရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ကြတဲ့ ပေါက်ယုဆိုတဲ့ သူငယ်ကလေးနဲ့ ပေါက်ကြည်၊ထိုက်ယုဆိုတဲ့ သူငယ်မကလေးတွေကလည်း ရှေးပဒေသရာဇ် ထုံးတမ်းစဉ်လာဟောင်းတွေ၊ အယူအဆဟောင်း တွေကို သူ့နည်းသူ့ဟန် ဆန့်ကျင်ကန့်ကွက်နေကြတယ်။ ဒါကြောင့်လည်း ဒီဝတ္ထုကြီးဟာ အခြေခံအားဖြင့် တရုတ်ပဒေသရာဇ်စနစ်ကို ဆန့်ကျင် ကန့်ကွက်လိုက်တဲ့ ဝတ္ထုကြီး ဖြစ်တယ်လို့ ပညာရှင်တွေက ဝေဖန်အကဲဖြတ်ကြတယ်။

ချင်မင်းဆက်ဟာ တရုတ်ပြည်မှာ နှစ်ထောင်ချီပြီး အုပ်စိုးလာခဲ့တဲ့ ဧကရာဇ် ဘုရင်တို့ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တယ်။ တရုတ် သမိုင်းမှာတော့ ချင်မင်းဆက် ကာလဟာ အတော်အတန် ငြိမ်သက် အေးချမ်းတဲ့ကာလ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် တရုတ် ပဒေသရာဇ်စနစ်ဟာ ပြိုလဲစပြုနေပြီး ပဒေသရာဇ်စနစ်အတွင်းမှာ ပဋိပက္ခတွေနဲ့ ပြွမ်းတီး နေတဲ့ကာလ ဖြစ်တယ်။ တရုတ် မှန်နန်းရာဇဝင်တွေထဲမှာတော့ ချင်မင်းဆက် အလယ်ခေတ်လို့ ခေါ်နိုင်တဲ့ ကျိန်းလုံမင်း လက်ထက်တော်ကို ရွှေခေတ်ကြီးနဲ့ တူတယ်လို့ တင်စားရေးခဲ့ကြတယ်။ ထိုမင်းလက်ထက်မှာ စက်မှုလုပ်ငန်း၊ လက်မှုလုပ်ငန်းတွေ တိုးတက်ပြီး အရှိန်ကောင်း လာခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ်က ပြည်သူတွေဟာ ငတ်ပြတ် ဆင်းရဲ နေကြရဆဲ သွေးစုပ်တာကို ခံနေကြရဆဲပါပဲ။

ဒါကတော့ ကျိန်းလုံမင်းလက်ထက်မှာ ဖြစ်ပျက်နေတဲ့ နောက်ခံ ကားချပ်ပါပဲ။ မူရင်းစာရေးဆရာ ဆောင်ဇူချင်းရဲ့ အဆက်အနွယ်များဟာ ချင်မင်းဆက် ဘုရင်တွေထံမှာ ခစားခဲ့သူတွေဖြစ်တယ်။စာရေးဆရာ ဆောင်ဇူချင်းကိုယ်တိုင်ဟာ အဲဒီခေတ်ကိုမီ ခဲ့သူလည်းဖြစ်၊ပဒေသရာဇ်အဖွဲ့အစည်းနဲ့လည်း မကင်းသူဖြစ်တာကြောင့်သူ့ဝတ္ထုကြီးမှာလည်း ဒီသဘောတရားအငွေ့အသက်တွေ ထင်ဟပ်နေတာ ကို တွေ့နိုင်ပါတယ်။

အနုပညာအဆင့်အတန်း၊လက်ရာပစ္စည်းအသုံးအဆောင်၊ တရုတ်ရိုးရာပန်းချီပန်းပုဗိသုကာ၊ စာပေကဏ္ဍအသီးသီးရဲ့ ဖွံ့ဖြိုးမှုတွေ၊ ဇာတ်သဘင်ဂီတသုခုမအပြင် တခြားဘာသာရပ်ဆိုင်ရာ အတွေးအခေါ်၊သဘောတရား၊အဘိဓမ္မာ၊ နိုင်ငံတဝှမ်း စီးပွါးရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေးယန္တရား၊လူမှုရေး၊မိသားစုဆက်ဆံရေး၊ တရုတ်ရိုးရာ ထုံးတမ်းအစဉ်အလာဓလေ့တွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ ရိုးရာကစားနည်း၊ ချက်နည်းပြုတ်နည်း၊စားနည်းသောက်နည်းတွေကအစ ဒါတွေရဲ့ ခေတ်ရေစီးကိုစာရေးဆရာရဲ့ ဇာတ်ကောင်ပြောစကားတွေကတဆင့် အကဲခတ်လို့ရတယ်။

ဧကရာဇ်ရဲ့ မြောက်နန်းမိဖုရားတစ်ပါး၊ ကျိမိသားစုရဲ့သမီးတော်သူ အတွက် ပြင်ဆင်ပေးထားတဲ့ မဟာနန္ဒာ အမည်ရှိတဲ့ဥယျာဉ်ရဲ့ အလှအပကြီးကျယ်ခမ်းနားပုံကို အသေးစိတ်ဖော်ပြရာမှာ ပဒေသရာဇ်စနစ်ရဲ့ ကြွယ်ဝချမ်းသာမှုတွေ၊ စည်းစိမ်ခံစားမှုတွေနဲ့ဆက်စပ်ပြီး ချင် မင်းဆက်ခေတ်မှာ ပေါ်ခဲ့တဲ့ တရုတ် ဗိသုကာ အတတ်ပညာ၊ ပန်းချီ၊ပန်းပု၊ပန်းမော့၊ပန်းတမော့ စတဲ့ ပန်းဆယ်မျိုးအတတ်ပညာ၊ပန်းအလှစိုက်ပညာ၊ ကျောက်ပန်းအလှ ပညာ၊ အိမ်တွင်းအလှပြင်တဲ့ပညာ တရုတ် ရှုခင်း ဗိသုကာအကြောင်းတို့ကိုလည်း စာရေးဆရာက အကျယ်တဝင့် အကွက်ကျကျရုပ်လုံးပေါ်အောင် ဖော်ပြသွားတယ်။

ကဗျာခံစားတတ်သူတွေအနေနဲ့လည်း ဆရာမြလက်ရာ ဘာသာပြန်ကဗျာတွေကို ဖတ်ရှူရမယ့်အပြင် ကဗျာနဲ့ပတ်သက်ပြီး မူလစာရေးဆရာကြီးရဲ့ အာဘော်၊ တရုတ်တွေရဲ့ ကဗျာအပေါ်ခံယူမှုသဘောထားတွေကိုလည်း အလျဉ်းသင့်သလို ဖတ်ရှူရမယ်။ ဥယျာဉ်တော်မှာ နာမည်တွေပေးရာမှာ ကဗျာရဲ့ကကဏ္ဍ၊ကဗျာဝိုင်း စတင်ဖြစ်ပေါ်လာပုံ၊အပြိုင်အဆိုင် ကဗျာစပ်ကြတာမှာ ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာတွေ၊ ပတ်ဝန်းကျင်သာယာပုံတွေအပြင် ကဗျာစပ်နေစဉ် အခိုက်အတန့်ကာလ အခြေအနေတွေကို ထင်ဟပ်စေတဲ့ ကဗျာတွေပါဝင်ပြီး စာဖတ်သူရဲ့ ကဗျာဉာဏ်ကိုပါ နှိုးဆော်ထားတယ်။

ဒီဝတ္ထုထဲ ကဗျာနဲ့ပတ်သက်လို့ စိတ်ထဲစွဲစွဲထင်ထင် အမှတ်ရခဲ့တာကတော့ ဒီနေရာလေးပါပဲ။

“ကဗျာစပ်ရာမှာ ကဗျုပဒေသဟာ လက်အောက်ခံကိစ္စသာ ဖြစ် တယ်။ အတွေးအခေါ်ဟာ အဓိကဖြစ်တယ်။ ခံစားမှုရှိရင် စာလုံးတွေ က မလှတောင်မှ အဲဒီကဗျာဟာ ကဗျာကောင်းတစ်ပုဒ် ဖြစ်နိုင်တယ်။’အဓိပ္ပာယ်ကို စာလုံးတွေ ဝင်မနှောင့်ယှက်ရဘူး’ဆိုတဲ့စကား ရှိတယ်။ကဗျာစပ်ရာမှာ အဓိက အရေးကြီးဆုံးက ဘာလဲ။ ဘယ်အကြောင်း အရာကိုပဲ ရေးရေး၊ သူများ မတွေးဖူးသေးတဲ့ ကိုယ်ပိုင်အတွေးအခေါ် ကို ဖော်ပြနိုင်ဖို့ အရေးကြီးတယ်။ တခြားသူတွေရဲ့နောက်ကို လိုက် နေရင် စာလုံးတွေ ဘယ်လောက်ပဲလှလှ ဒုတိယတန်းစားပဲ ဖြစ်နေမှာ ပဲ။ ဘယ်တော့မှ ကဗျာကောင်းတစ်ပုဒ် ဖြစ်မလာနိုင်ဘူး။”

~ခန်းဆောင်နီအိပ်မက်၊မြသန်းတင့်

ဝတ္ထုထဲမှာ ‘ကျိ’ဆွေမျိုးစု၊ ‘ရှိ’ဆွေမျိုးစု၊ ‘ဝမ်’ဆွေမျိုးစုနှင့် ‘ဆွေ့’ဆွေမျိုးစုဆိုတဲ့မှူးမတ်ပဒေသရာဇ် ဆွေမျိုးစုကြီးလေးစုကို နောက်ခံအနေနဲ့ထားပြီး ဇာတ်လမ်းဖော်ထားတယ်။ ပေါက်ယု၊ ထိုက်ယုနှင့် ပေါက်ကြည်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်၊ ပဒေသရာဇ်စနစ်ရဲ့သွေးစုပ်မှုနှင့် ပေါက်ယုဆိုတဲ့ လူငယ်ကလေးတစ်ယောက်ရဲ့ လောကကြီးထဲ စည်းစိမ်ချမ်းသာတွေ ခံစားခဲ့ရပြီး နောက်ဆုံးမှာ လောကကြီး၊ ဘဝရဲ့အကျိုးမဲ့ အချည်းနှီးဖြစ်ပုံတွေကိုသိမြင်သွားတဲ့ဇာတ်လမ်း။

ဝတ္ထုဖွင့်ဖွင့်ချင်း နတ်ဘုံမှာရောက်နေတဲ့ ရဟန်း နှစ်ပါးနဲ့ ဂန္ဓာရဆန်ဆန် စတယ်။ ကောင်းကင်ကြီးကို ပြင်ဖို့ ကျောက်တုံးတွေ စုဆောင်း ရာက ကျောက်တုံးတစ်တုံးဟာ ကောင်းကင်ကြီးပြင်ရာမှာ အသုံးပြုမခံရဘဲ တစ်နေရာမှာ လွင့်ကျနေတယ်။ ဒါကို ရဟန်းနှစ်ပါးက သွားတွေ့ကြတယ်။ ကျောက်တုံးကို ကောက်ကြည့်လိုက်တော့ ကျောက်တုံးပေါ်မှာ ကမ္ပည်း ထိုးထားတာကို တွေ့ရတယ်။ အဲဒီကမ္ပည်းမှာ ကျောက်တုံးက သူဟာ လူဝင်စားအဖြစ်နဲ့ လူ့ပြည်ကို ရောက်သွားခဲ့ကြောင်း၊ လူ့ဘဝမှာ သူ တွေ့ ကြုံခဲ့တာတွေကို မှတ်တမ်းတင်ထားတာ ဖြစ်တဲ့အကြောင်း ကျောက်တုံး ပေါ်မှာ ရေးထားတယ်။ကျောက်စိမ်းတုံးက သူ့အဖြစ်အပျက်ကို ပြောပြတဲ့ အချိန်ကစပြီး လူ့ပြည်ကဇာတ်လမ်း စတော့တာပဲ။

ဒီဝတ္ထုရဲ့ ဇာတ်ရှိန်ကိုထိန်းထားပေးတဲ့ကျောရိုးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပဲ။ အချစ်ဇာတ်လမ်းလေးက ဝတ္ထုတစ်ခုလုံးကို အသက်သွင်းပေးထားတာ။ သခင်လေး ကျိပေါက်ယု မွေးကတည်းက ကျောက်စိမ်းတုံးငုံပြီးမွေးလာတဲ့ကလေး။လိုလေးသေးမရှိ ဘွားအေရဲ့ အလိုလိုက်ခံရတယ်။ ဒါပေမဲ့ သူက စည်းစိမ်းတွေ၊ဂုဏ်ဒြပ်တွေကို ငယ်ကတည်းက မမက်မောဘဲ ကဗျာ နဲ့ မိန်းမလှလေးတွေကို ပိုခုံမင်လေ့ရှိတယ်။ သူ့လက်သုံးစကားက မိန်းမတွေဟာ အလွန်အပြစ်ကင်းသန့်ရှင်းတယ်။မိန်းမဟာ ရေလိုသန့်ရှင်းပြီး ယောက်ျားဟာ ရွံ့လိုညစ်ပတ်တယ်လို့ သူခံယူထားတယ်။

သူမိန်းမတောမှာပျော်တာ မရိုးမသားစိတ်မျိုးနဲ့မဟုတ်ဘဲ လေးစားချစ်ခင်တဲ့ပုံစံမျိုး ထင်ဟပ်တယ်။ သူတို့ဆွေမျိုးစုပိုင်တဲ့ ဥယျာဉ်ကြီးဉ်ထဲက အဆောင်တွေထဲက တစ်ဆောင်မှာနေပြီး သူ့အစ်မ ညီမတွေနဲ့တူတူ အားအားရှိ ကဗျာတွေစပ်၊စပျစ်ချိုတွေသောက်၊စရင်းနောက်ရင်း အပူအပင်မရှိ ပျော်ပျော်ကြီး ဘဝကိုဖြတ်သန်းချင်ပေမယ့် လောကဓံရှစ်ပါးလှိုင်းဒဏ်တွေကိုတော့ ရှောင်လွဲလို့မရခဲ့ရှာဘူး။ ကျွန်လူတန်းစားကို သနားတယ်၊ နတ်ကိုးကွယ်မှုတွေ အယူသီးမှုတွေကို ဆန့်ကျင်ရှုံ့ချတတ်တဲ့စိတ်ကောင်းရှိပြီး သနားကြင်နာတတ်တဲ့ ဇာတ်ကောင်အဖြစ် ပေါက်ယုကို ပုံဖော်ထားတယ်။ ဇာတ်သိမ်းမှာ သူ့မွေးမိဘတွေနဲ့ သူ့ဆွေမျိုးကို ကျေးဇူးဆပ်ခဲ့ပုံကတော့ တကယ့်ကို ကြက်သီးထရလောက်တဲ့အထိ ခံစားခဲ့ရပါတယ်။

ပေါက်ယုရဲ့ အချစ်ဦး လင်ထိုက်ယု ဆိုတဲ့ မိန်းကလေးကတော့ ပိုးပုဝါစထဲသိမ်းထုပ်ထားတဲ့ ပန်းပွင့်ရွက်ကြွေခြောက်လေးတွေလို ဉာဏ်ရည်ထက်မြက်လှပပေရဲ့ အထိခိုက်လွယ် တဲ့မိန်းမလှလေး။ ဂုဏ်ရှိပေမယ့် ဆင်းရဲနွမ်းပါးတဲ့ အရာရှိမိသားစုက ဆင်းသက်လာပြီး မိဘတွေမရှိရှာတော့တဲ့တစ်ကောင်ကြွက်လေးမလို့ အလိုလိုက်ကြပေမယ့် နဂိုအခံက စိတ်အားငယ်နေတတ်တယ်။ ဒီစရိုက်နဲ့တွဲပြီး လူတွေအပေါ် အယုံအကြည်
နည်းတယ်၊သံသယထားတယ်၊ အနိုင်ယူချင်တဲ့စိတ်လေးရှိတယ်။တစ်ဖက်မှာလည်း ဉာဏ်ပညာထက်မြက်ပြီး စိတ်ရင်းစေတနာကတော့ ကောင်းရှာတယ်။

ကိုယ်ကနုနယ်သလို စိတ်ကလည်းနုတယ်။ ရောဂါဖြစ်ပြီးချူချာနေတဲ့ သူ့ကို လူကြီးသူမတွေဘက်က ပေါက်ယုနဲ့အိမ်ထောင်ချပေးဖို့ မရွေးချင်ကြဘူး။ သူကတော့ ပေါက်ယုကို မေတ္တာသက်ဝင်နေပြီး ပေါက်ယုအချစ်ကို သံသယဝင်နေတတ်တယ်။ အများအမြင်မှာ မြှူဆွယ်နေတယ်လို့လည်း အထင်မခံချင်ဘူး။ ကဗျာတွေစပ်ရင်း ဂီတတီးခတ်ရင်း သူ့အချစ်ကို နိမိတ်ပုံပြတတ်တယ်။ သနားစရာဆယ်ကျော်သက် မိန်းမလှလေးတစ်ယောက်ရဲ့ အတွင်းစိတ်ပဋိပက္ခကလည်း ဒီဝတ္ထုဇာတ်လမ်းမှာ အရေးပါတယ်။

ထိုက်ယုနဲ့လားလားမှမတူ ဆန့်ကျင်တာကတော့ ဆွေ့ပေါက်ကြည်။ ပါးနပ်လိမ္မာပြီး အရိပ်အကဲခတ်တဲ့နေရာမှာ လူကြီးတွေကတောင် လက်ဖျားခါရတယ်။ ပေါက်ယု ထိုက်ယုတို့ထက် တစ်နှစ်ပိုကြီးတယ်။ ခွင့်လွှတ်တတ်တယ်၊ သဘောထားကြီးတယ်။အနုပညာဝါသနာထုံတယ်။ မိန်းမတွေကို စာသင်ဖို့ အားမပေးတဲ့ခေတ်မှာ စာပေကျမ်းဂန် အထွေထွေဗဟုသုတ နှံ့စပ်တယ်။ “ဥစ္စာပေါ၊ရုပ်ချော၊အလိမ္မာ အိမ်ပါ အမေတည့်” ဆိုတဲ့ မိန်းကလေးမျိုးဖြစ်တာကြောင့် ဆွေမျိုးချွေးမတော််ချင်ကြတဲ့ ဆွေကြီးမျိုးကြီးထဲကသမီးထွေး။ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပညာဉာဏ်ရင့်သန်ထက်မြက်တဲ့ စံပြမိန်းမလှလေးအဖြစ် စာရေးဆရာက ပုံသွင်းထားတယ်။

ပေါက်ယုကို ချစ်သည့်တိုင် ကိုယ့်ကို ပြန်မချစ်ဘဲ ထိုက်ယုကိုသာ ချစ်မှန်းသိတဲ့အခါ ခံစားချက်ကို မျိုသိပ်ထားနိုင်တယ်။ ထိုက်ယုကို ပြိုင်ဘက်လိုအနိုင်ယူဖို့မကြိုးစားဘဲ သနားကရုဏာသက်ပြီး အနစ်နာခံပေးခဲ့တယ်။ ဝတ္ထုကိုဖတ်တဲ့အခါမှာလည်း တအံ့တဩဖြစ်ရမယ့်အထိ သူ့ရဲ့ ပေးဆပ်မှု၊သဘောထားကြီးမှုတွေကို ထပ်မြင်တွေ့ရမှာပါ။ ထိုက်ယုနဲ့ ပေါက်ယုကို နုနယ်တဲ့ လူငယ်ဘဝ ကိုယ်စားပြုအဖြစ်၊ ပေါက်ကြည်ကိုတော့ ရင့်ကျက်ပြည့်ဝတဲ့ လူငယ်ဘဝ ကိုယ်စားပြုအဖြစ် သရုပ်ဖော်ထားတယ်။

ဇာတ်ကောင်တွေနဲ့ပတ်သက်လို့ ဆရာမြသန်းတင့်က ဒီလိုဆိုထားတယ်။

““ခန်းဆောင်နီ”ဆရာက ပေါက်ယုကို မေတ္တာနဲ့ ဖွဲ့တယ်။ ထိုက်ယု ကို ကရုဏာနဲ့ ဖွဲ့တယ်။ ပေါက်ကြည်ကိုတော့ ဥပေက္ခာနဲ့ ဖွဲ့တယ်လို့ ဆို ချင်ပါတယ်။”

~မြသန်းတင့်၊ ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း

ပြီးရင် သုံးပွင့်ဆိုင်ဇာတ်လမ်းအပြင် စံအိမ်ကြီးကို ကြက်မကြီးသဖွယ် ပိပိပြားပြားနဲ့ ဘေးဘယာက လုံခြုံအောင်ဝပ်ထားပေးတဲ့ မယ်မယ်။ စံအိမ်ကြီးတစ်ခုလုံးမှာ သူ့လက်သူ့ခြေချည်းပဲ။ အိမ်ထောင်စုကြီးနှစ်စုရဲ့ ဦးစီးဦးဆောင်သူမှာ ရှိထိုက်တဲ့ အရည်အချင်းတွေ၊အရေးကြုံရင် ကြံတတ်ဖန်တတ်ပုံ၊ အထားအသို စီမံစနစ်ကျပုံတွေကို မယ်မယ်ဇာတ်ကောင်မှာ မြင်ရမယ်။ ကွန်ဖြူးရှပ်ဝါဒ အားကောင်းချိန်ကာလဆိုတော့ လူကြီးမိဘအပေါ် ဘယ်လောက်ရိုသေကြရသလဲဆိုတာ စံအိမ်ကြီးနဲ့သက်ဆိုင်သူတွေနဲ့ မယ်မယ်ရဲ့ ဆက်ဆံရေးကိုကြည့်ရင်သိသာနိုင်ပါတယ်။ အသက်ကြီးလို့ ချောင်ထိုးခံရတဲ့ အမယ်အိုမဟုတ်ဘဲ သေသည့်တိုင် မိသားစုကြီးကောင်းစားဖို့အရေး စီမံအုပ်ချုပ်သွားခဲ့တယ်။ စာရေးဆရာရဲ့ အမယ်အိုဟာ ဇရာနဲ့တွေ့ပေမယ့်လည်း စိတ်ကျမနေဘူး။ အကောင်းမြင်စိတ်နဲ့ အမြဲရှင်သန်နုပျိုနေတဲ့ အဘွားအိုပဲ။ လောကဓံကို ရင်ဆိုင်နိုင်တဲ့ ခံနိုင်ရည်ရှိတဲ့ အဘွားအို၊ တရားသဘောကို သေချာနှလုံးသွင်းနိုင်တဲ့အဘွားအိုအဖြစ် ပီပြင်အောင်သရုပ်ဖော်ပြသွားတယ်။

ဒါတင်မက စံအိမ်ကြီးနှစ်အိမ်လုံးအကြောင်းမှာ မပါမဖြစ်ကတော့ အပီအပြင်ဆုံး၊ရုပ်လုံးအကြွဆုံး ဇာတ်ကောငဖြစ်တဲ့ ‘နတ်ငှက်မယ်’။ ရုပ်ရည်မှာလည်း အကြည့်ခံ ပညာဉာဏ်ရည်အရာမှာလည်း တော်တော့ ယောက်ျားမယှဉ်နိုင်တဲ့ သခင်မလေး။ သူ့ရဲ့ မာယာ၊စကားအပြောအဆိုဆက်ဆံပုံ၊ လုပ်ရည်ကိုင်ရည်၊ ဉာဏ်နီဉာဏ်နက်တွေ၊ ထက်မြက်သွက်လက်ချက်ချာရှိပုံတွေကတဆင့် အအုပ်အထိန်းကောင်းပြီး အကင်းပါးတဲ့ အိမ်ရှင်မကောင်း၊ ရှေးခေတ်ဇနီးမယားကောင်းတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ထင်ဟပ်စေတယ်။ မယ်မယ်က စံအိမ်ကြီးမှာ သူ့လက်သူ့ခြေချည်းပဲဆို နတ်ငှက်မယ်က မယ်မယ်ရဲ့ခြေသည်းလက်သည်းလို့ ပြောရမယ်။ စံအိမ်ကြီးမှာ ‘မရှိမဖြစ်’ နတ်ငှက်မယ်ပဲ။ စာရေးဆရာကတော့ ယင်နဲ့ယန် သဘောတရားအတိုင်း နတ်ငှက်မယ်ရဲ့ အမှောင်ခြမ်းအဖြစ် မနာလိုဝန်တိုစိတ်ကြီးသူ၊လက်စားချေတတ်သူ၊ အထက်ဖားအောက်ဖိလုပ်တတ်တဲ့သူ၊အပြောချိုသလောက် ကောက်ကျစ်ရက်စက်တတ်တဲ့သူအဖြစ်လည်း ရေးခြယ်ထားတယ်။

ဇာတ်ကောင်အဖွဲ့တွေက သူ့ဇာတ်ကောင်အလိုက် ပုံဖော်ထုဆစ်ထားတာပီပြင်ပြီး သူတို့အသက်ရှူသံတွေကို ကြားယောင်နေရသလား ထင်ရလောက်အောင် အသက်ဝင်ပီပြင်တယ်။ မင်းခမမြဲတဲ့အနိစ္စသဘော၊လက္ခဏာရေးသုံးပါးအပါအဝင် ယောက်ျား ကမ်းနားသစ်ပင် ဆိုတဲ့သဘောကိုလည်း တရားလက်လွတ်မဖြစ်အောင် ဝတ္ထုနဲ့ သံဝဂေတရားဟောသွားတယ်။ မိန်းမယုတ်၊ မိန်းမမြတ်၊ မိန်းမလတ်၊ယောက်ျားယုတ်၊ ယောက်ျားမြတ်၊ ယောက်ျားလတ်တို့ရဲ့ လူ့သဘာဝစရိုက်တွေကို သပ်ရပ်ပိုင်နိုင်စွာ ဖော်ပြရင်း ဝတ္ထုရှည်ကြီးကို စာဖတ်သူ မပျင်းမရိစေဘဲ လက်ကမချချင်အောင် ပျော်တော်ဆက်ပေးသွားတယ်။

ပထမ စာရေးဆရာ ဆောင်ဇူချင်း က အခန်း၁၂၀ရှိတဲ့ ဒီဝတ္ထုကို အပြီးမသတ်နိုင်ခဲ့ဘဲ အခန်း ၈၀ မှာရပ်သွားခဲ့တယ်။ ကျန်ရှိတဲ့ အခန်းလေးဆယ်ကို ကောက်ငို က အပြီးသတ်ခဲ့တယ်တဲ့။ အဲ့ဒီ ကောက်ငို အကြောင်း ဘာမှ ရေရေရာရာမရှိလှဘဲနဲ့ အဆုံးသတ်ကို ပထမစာရေးဆရာအာဘော်နဲ့ ညီအောင် အဖုအထစ်မရှိ ပြေပြေပြစ်ပြစ် သူရေးနိုင်ဖြည့်သွားနိုင်ခဲ့တယ်။ ပျောက်နေတဲ့ မူရင်းတွေပဲ ရှာတွေ့ထားလို့လား ဒါမှမဟုတ် တကယ်ကိုပဲ ဝတ္ထုကို နှိုက်နှိုက်ချွတ်ချွတ်ခံစားပြီး အဆုံးသတ်ကို ချိတ်ဆက်နိုင်ခဲ့တာလား။ စဉ်းစားစရာပါပဲ။ ကျွန်တော့်အမြင်အရတော့ ဆီလျော်တဲ့ အဆုံးသတ်ဇာတ်သိမ်းပါပဲ။

ဒီစာအုပ်ကိုလေ ကျွန်တော့်အမြင်အရတော့ ဖတ်ပြီးပြီးသွားမယ့်စာအုပ်မျိုးမဟုတ်တာ အသေအချာပဲ။ ကျိမိသားစုဆိုပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့မိသားစုတစ်စု။ သူတို့ပိုင်ခဲ့တဲ့ဥယျာဉ်ကြီးလည်း ပြာပုံဖြစ်သွားပြီ။ ဇာတ်လမ်းကိုဖတ်မယ့်အစား သင်ခန်းစာတစ်ခုအနေနဲ့နှလုံးသွင်းကြည့်မယ်ဆိုရင်တောင် တော်တော်အဖိုးတန်တဲ့စာအုပ်ပါ။ စာရေးဆရာဖန်တီးထားတဲ့ စာအုပ်ထဲက ကမ္ဘာငယ်လေးမှာ နွေးထွေးကြင်နာမှုနဲ့အတူ ရက်စက်ကြမ်းကြုတ်မှုတွေကို ရောနှောထားပြီး တကယ်ဖြစ်ခဲ့သလားတောင် အောက်မေ့ရတယ်။ ဒါကြောင့် တရုတ်မှာ ရှေးလူကြီးတွေက စိတ်ကူးယဉ်သူတွေ ဒီ’ခန်းဆောင်နီအိပ်မက်’ကိုမဖတ်နဲ့လို့တောင် ပြောစမှတ်ပြုကြတယ်။စာနုကိုလည်းမချစ်နဲ့၊ သူဇာကိုလည်း မပစ်နဲ့ဆိုတာနဲ့ ဆင်တူပါလိမ့်မယ်။

စာအုပ်ရဲ့ နောက်ဆုံးအတွဲကိုရောက်တဲ့အခါမှာ ပိုလွန်းပါတယ်လို့ပြောလည်းခံရမယ်ထင်တာပဲ။ စာအုပ်ကောင်းဖတ်ဖူးသူတိုင်းတော့ ဒီခံစားချက်ကို သေချာနားလည်လောက်မယ်။ သိချင်စိတ်ထက် နှမြောစိတ်က အနိုင်ရသွားတယ်။ စာရွက်လှန်ဖို့အားတောင်မရှိချင်တော့ဘူး။ အပြီးမသတ်ချင်တော့ဘူး။ အဆုံးသတ်ရောက်ပြီး သူတို့လောကထဲကိုယ်မရှိတော့မှာကို မဆီမဆိုင်ကြောက်လာမိတယ်။

ဖတ်ကြည့်ပါလို့ တကူးတက မပြောလိုပါဘူး။ ပြောစရာလည်းမလိုတဲ့စာအုပ်မလို့ပါ။ ဒီစာအုပ်က ပန်းသတင်း လေညှင်းဆောင်၊ စာပေသတင်း ဝါသနာတူချင်း ဆောင်ပြီးသားဖြစ်မှာပါ။ ပြီးပြည့်စုံတဲ့ ရသမြောက် ကမ္ဘာကျော် တရုတ်ဂန္တဝင်ဝတ္ထုကြီးလည်းဖြစ်တယ်၊ ဖတ်ဖို့လည်း ဆရာမြသန်းတင့်ရဲ့ ပေါင်းကူးတံတားသဖွယ် ဘာသာပြန်ကလည်း အဆင်သင့်ရှိတာမလို့ ဘဝမှာ တစ်ခေါက်လောက်တော့ ဝါသနာတူတွေကို ဖတ်ကြည့်စေချင်တာပါပဲခင်ဗျာ။

(စာအုပ်ကတော့ ပြန်မထုတ်သေးပါဘူး။ ebookဖတ်သမားတွေအတွက် သတင်းကောင်းကတော့ မကြာမီ Whisper of Words channel ကနေ epub file အနေနဲ့ သပ်သပ်ရပ်ရပ် ထွက်လာဖို့ရှိပါတယ်။)

📚ခန်းဆောင်နီအိပ်မက်
✍️မြသန်းတင့်(ဘာသာပြန်)
📖A Dream of Red Mansions- Cao Xueqin

🙏🏻ခန်းဆောင်နီအိပ်မက် Review ရေးရာမှာ ပိုပြီးလေးနက် ပိုပြီးပြည့်စုံစေဖို့အတွက် ကိုးကားထားတဲ့စာအုပ်ရှိပါတယ်။အဲ့ဒါကတော့ ဆရာမြသန်းတင့်ရဲ့”ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း”ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

အကယ်၍ ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို Facebook pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻

#youthsbookrefections #bookreview #book #ADreamofRedChamber #မြသန်းတင့် #ခန်းဆောင်နီိအိပ်မက် #ဝတ္ထုရှည် #တရုတ်ဂန္တဝင်ဝတ္ထု #bookrecommendations

Keep Reading

ခန်းဆောင်နီအိပ်မက်-မြသန်းတင့်AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ