Author's Profile Photo

Kaung Hein Soe - Strategic

20/04/2026

ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (၁)

3 mins read
ကျွန်တော် အသုံးပြုခဲ့တဲ့ Investment Strategy တွေ အကြောင်း..... အပိုင်း (၁)'s photo

ကျွန်တော်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဘယ်လို Strategy တွေနဲ့ တည်ဆောက်ခဲ့သလဲဆိုတဲ့ မေးခွန်းကလဲ အမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို အဓိကအားဖြင့်တော့ ဖြစ်ပေါ်လာနိုင်တဲ့ Risk တွေကို သုံးသပ်ပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ Risk ဟာ Return နဲ့ တိုက်ရိုက် အချိုးကျလေတော့ Risk များရင် တစ်နည်းအားဖြင့် ရင်းနှီးငွေ ဆုံးရှုံးနိုင်ခြေများရင် Return ဆိုတဲ့ မြတ်စွန်းနိုင်မှုကလဲ များလေ့ရှိပါတယ်။ တကယ်တော့ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ စိတ်ချရတဲ့ အလုပ်တွေ ရွေးလုပ်ရတာမဟုတ်ပဲ တွက်ခြေကိုက်တဲ့ အလုပ်ကိုရွေးလုပ်ပြီး အဲဒီကလာမယ့် Risk ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အဓိက ကျလာတာဖြစ်ပါတယ်။ ဆိုတော့ Investment ဆိုတာ All about Risk management ပါပဲလို့တောင် ဆိုလို့ရပါတယ်။
.
ဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေကို Risk Level နဲ့ သုံးမျိုးလောက်ခွဲလို့ ရတယ်ပေါ့။ High Risk – High Return, Medium Risk – Medium Return, Low Risk – Low Return ဆိုပြီး Profile သုံးခု ခွဲနိုင်ပါတယ်။ အမေရိကန်မှာတော့ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ သူတွေဟာ သူတို့အသက်အရွယ်အလိုက် ရွေးချယ်ကြတယ်ဆိုပါတယ်။ ဒါကို မြန်မာကတချို့မိတ်ဆွေတွေရဲ့ အယူအဆ အနေနဲ့လဲတွေ့ရပါတယ်။ ဒါကတော့ အသက်ငယ်ရွယ်တဲ့ အချိန်မှာ ငွေလဲ ပြန်ရှာနိုင်တဲ့ အခြေအနေ၊ အပင်ပန်းလဲ ခံနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် စုဆောင်းမိတာလေးတွေကို High Risk – High Return အလုပ်တွေကိုသာ ရွေးပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။
.
High Risk – High Return ဖြစ်တဲ့အတွက် မြတ်ရင်လဲ အမြတ်အစွန်းများသလို ဆုံးရှုံးနိုင်ခြေကလဲ အတော်ကို များပါတယ်။ ဥပမာ လောင်းကစားဆန်ဆန် အလုပ်တွေလုပ်တာ၊ သိပ် တွက်ချက် ခေါင်းရှုပ်မနေတော့ပဲ မြတ်မယ် ထင်တာ ပုံအောလိုက်တာ၊ စတာတွေပါပဲ။ ဆိုတော့ လူကငယ်သေးတယ်၊ ငွေက ပြန်ရှာလို့ရနိုင်တယ်။ ဒီတော့ဆုံးရှုံးလဲ သိပ်ပြဿနာ မရှိဘူး။ပြန်ရှာမယ်လို့တွေး ကြတာပါပဲ။
.
ကျွန်တော်လဲ ငယ်တုန်းက အဲဒီလို အတွေးမျိုးနဲ့ ပထမဆုံးလုပ်ခဲ့ပါသေးတယ်။ တစ်လကို ငါးသောင်းစုမယ် ငါးသိန်းပြည့်ရင် အလုပ်တစ်ခုခု လုပ်မယ်ပေါ့။ ဒီလိုနဲ့ ဖုန်းဘေကတ် ရောင်းတာ၊ အင်္ကျီဝမ်းဆက်တွေ ရောင်းတာတွေ လုပ်အပြီးမှာ ငွေအရလွယ်တာလေး တစ်ခု သွားတွေ့ပါတယ်။ ဒါကတော့ ငွေတိုးချေးတာ ပါပဲ။ လူရင်း စိတ်ချရတဲ့ သူတွေကို သုံးကျပ်တိုးလောက်နဲ့ ချေးပေးတာပါပဲ။ သုံးကျပ်တိုးဆိုတာ တကယ်တမ်းကျတော့ တော်ရုံ စီးပွားရေးလုပ်ငန်းထက်ကို ကိုက်နေလေတော့ အရသာလဲ တွေ့လာတဲ့ သဘောပါပဲ။ ဒီကနေတစ်ဆင့် တက်လာတာကတော့ စီးပွားရေးလုပ်ငန်း အသေးလေးတွေမှာ ဆယ်သိန်း သိန်းနှစ်ဆယ်ကို ရှယ်ယာအနေနဲ့ လိုက်ထည့်တဲ့ အလုပ်ပါပဲ။ အတိုးအနေနဲ့ ကျတော့လဲ လေး၊ ငါးကျပ်တိုးလောက် ပိုရတယ်။ ရှယ်ယာရှင်ကြီးဆိုပြီးလဲ နာမည်ခံရတယ်။ အစည်းအဝေးတွေ တက်ရတယ် ဘာညာနဲ့ သိန်းဆယ်ဂဏာန်းလောက်နဲ့ ကိုယ့်မှာ အတော်လေးကို ဂုဏ်တွေယူရပါသေးတယ်။

ဒါပေမယ့် အထက်ကလို Returnများ ရင် Risk လဲ များတာကြောင့်ရယ်၊ လုပ်ငန်း အနေအထားနဲ့ စီးပွားရေး အခြေအနေတွေကို သေချာ မသုံးသပ်နိုင်သေးတာရယ်ကြောင့် ဆုံးရှုံးမှုလေးတွေ စပြီး ဖြစ်လာတော့တာပါပဲ။ ရှယ်ယာ ထည့်ထားတဲ့ လုပ်ငန်း သုံးခုလောက် ဆုံးရှုံးသွားတဲ့အခါ ငွေလဲ သိန်း ၂၀၀ လောက် ဆုံးရှုံးပါတော့တယ်။ အဲဒီခေတ်က သိန်း ၁၀၀ ဆိုတာ အတော်များပါတယ်။ ပြန်လန်နေအောင်ကောင်းတဲ့ ပရိုဘောက် တက်စီတောင်မှ သိန်း ၇၀ လောက်ပဲ ပေးရချိန်ပါပဲ။
.
High Risk – High Return ကိုလုပ်တဲ့အခါမှာ နံပါတ်တစ်က Risk management ပိုင်နိုင်ရပါတယ်။ နံပါတ် နှစ် ကတော့ Damage Control ဆိုတဲ့ ဆုံးရှုံးတဲ့အခါ အသက်သာဆုံး ဖြစ်အောင် ဘယ်လိုတွေ လုပ်မယ်ဆိုတာ ဖြစ်ပါတယ်။ ကြိုလုပ်ထားရမှာတွေ ဖြစ်မှ လုပ်ရမှာတွေ အကုန်ပါတယ်ပေါ့။ တတိယကတော့ ကိုယ့်ဆီကို ဝင်နေတဲ့ Earned Income, Passive Income တွေ ပေါင်းပမာဏက High Risk – High Return Profile တစ်ခုစီ ပမာဏကို မြန်မြန် ပြန်ပြည့်စေလောက်တဲ့ ပမာဏ ဖြစ်နေဖို့လိုပါတယ်။ ဒါဆိုရင် High Risk – High Return အလုပ်တွေကို အေးအေးလေးလုပ်ကာ အကျိုးများနိုင်ပါတယ်။
.
ဒါပေမယ့် ကျွန်တော် လူငယ်ဘဝမှာက အဆက်အသွယ်၊ အတွေ့အကြုံတွေက နည်းလေတော့ Risk Management အားနည်းပါတယ်။ အခုလို ကိုယ့်ပိုင် ရှေ့နေတွေ ၊ ဘာတွေလဲ မရှိသေးတော့ Damage Control ဆိုရင် ပိုဆိုးပါတယ်။ ဘယ်လိုမှ မလိုက်နိုင်ဘူးပေါ့။ ဆိုတော့ ဆုံးပြီးဆိုရင် ထီခနဲ ပမာဏ အကုန်ပါတာပါပဲ။ တော်သေးတာက ကိုယ့်ဆီ လစဉ်ဝင်တဲ့ ဝင်ငွေပမာဏက မဆိုးဘူးလို့ ဆိုရတာပါပဲ။ အစကထဲက High Risk – High Return Profile တစ်ခုကို သိန်း ၁၀၀ ပဲ အများဆုံး လုပ်မယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။ လစဉ် ဝင်ငွေက တစ်လကို သိန်း ၃၀ လောက် ရှိလာတော့ သိန်း ၁၀၀ ဆိုတာ လေးငါးလ စုလိုက်ရင် ပြန်ပြည့်နိုင်တော့ ဒီအချက်က အတော်လေး ခံသာသွားတာ ဖြစ်ပါတယ်။ တကယ်လို့ ဝင်ငွေပမာဏကပါ လိုက်နည်းနေရင်. High Risk – High Return တစ်ခုဆုံးတာနဲ့ ပြန်စဖို့ ပြန်ထူထောင်ဖို့ အချိန်အများကြီး ယူရမှာပါပဲ။
.
ဆိုတော့ လူငယ်တွေ အနေနဲ့က ဘ၀အစမှာ High Risk – High Return Investment တွေ လုပ်မယ်ဆိုရင် အထက်က သုံးချက်ရှိမှ လုပ်သင့်တယ်လို့ ဆိုချင်တာပါပဲ။အနည်းဆုံးတော့ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ ဝင်ငွေ ပမာဏ များအောင် အရင်လုပ်ထားဖို့လိုပါတယ်။ ဥပမာ သင်္ဘောသားတွေလို လစာကောင်းကောင်း ရနေမယ်ဆိုရင် Amount သိပ်မများတဲ့. High Risk – High Return လေးတွေကို စမ်းစမ်းလုပ်ကြည့်သင့်ပါတယ်။ ငါးခုမှာ တစ်ခုလောက်က ဆုံးရှုံးလဲ ကျန်လေးခုကရတဲ့ အမြတ်က Cover ဖြစ်နိုင်လေ့ရှိပါတယ်။
.
ဒါဖြင့် ဘယ်လိုဟာတွေကို High Risk – High Return လို့ သတ်မှတ်မလဲပေါ့။ ကျွန်တော်ကတော့ ပြန်ရချက် ရာခိုင်နှုန်းနဲ့ပဲ တွက်လေ့ရှိပါတယ်။ တစ်လကို ရင်းနှီးငွေရဲ့ ၁၀% နှုန်း အထက်လောက် ပြန်ရချက် ရှိတယ်ဆိုရင် ဒါကို High Risk – High Return လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား သဘောသဘာ၀ စတာတွေ အပေါ်တော့ မူတည်ပါသေးတယ်။
.
ဒီလိုနဲ့ ကျွန်တော်လဲ High Risk – High Return အမျိုးအစားကို နည်းနည်း ကြောက်သွားတာနဲ့ နောက် တစ်နည်း ပြောင်းပြီး လုပ်ဖို့ စဉ်းစားဖြစ်ပြန်ပါတယ်။ ဒါကတော့….
.
ဆက်ရန်…
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
Kaung Hein Soe – Strategic
Business Consultant

Keep Reading