တင်ညွန့်

ဆရာမ ခင်လေးက ကျောင်းသား ကျောင်းသူတွေကို ပုံပြင်ပြောပြရန် ပြင်ဆင်နေသည်။
သူက ဝှိုက်ဘုတ်ပေါ်တွင် ခေါင်းစဉ်တစ်ခုရေးလိုက်သည်။
“ခေတ်သစ်အပြေးပြိုင်ပွဲ”
ဆရာမလေးက
“သားတို့ သမီးတို့ … ဒီနေ့ ယုန်နဲ့လိပ်အပြေးပြိုင်ပွဲအကြောင်းဆွေးနွေးကြမယ်”
ကျောင်းသားတွေက
“ဟာ” ခနဲ ပြိုင်တူအော်လိုက်ကြသည်။
ခေါင်းစဉ်ကို စိတ်ဝင်စား၍မဟုတ်။ စိတ်မဝင်စားသဖြင့် သံပြိုင်အသံထွက်လာကြခြင်းဖြစ်သည်။
“ဘာဖြစ်သွားကြတာလဲ ကလေးတို့”
“ဆရာမရယ် အဲဒီခေါင်းစဉ်နဲ့ပုံပြင်က ရိုးနေပါပြီ”
“ဘယ်လိုရိုးတာလဲကွယ်”
ကလေးတစ်ယောက်က ဖြေသည်
“ယုန်နဲ့လိပ် အပြေးပြိုင်ကြတယ်။ နောက်ဆုံး ယုန်အိပ်ပျော်သွားလို့ လိပ်နိုင်တယ်။ ဒါများ ဘာထူးဆန်းသလဲ ဆရာမ။ တကယ်ရောဖြစ်နိုင်သလား။ တကယ်ပြေးကြေးဆိုရင် လိပ်ရှုံးမှာ မဟုတ်လား”
“ပုံပြင်ရဲ့ ရည်ရွယ်ချက်က မြန်လို့ရှုံးတာမှမဟုတ်တာကွယ်။ ပျင်းလို့ ရှုံးရတယ်ဆိုတာ ပြောချင်တာ။ အချိန်ရှိခိုက် လုံ့လစိုက်ဖို့ပြောချင်တာ”
“ဒါပေမဲ့ သမီးတို့က တကယ်ပြိုင်ရင် ဘယ်သူနိုင်မလဲဆိုတာပဲ လက်တွေ့ကျကျသိချင်ကြတာ။ တကယ်ပြိုင်ရင် ယုန်နိုင်မှာ မဟုတ်ဘူးလားဆရာမ”
“ဟုတ်ပါတယ် တကယ်ပြိုင်ရင်တော့ ယုန်နိုင်မှာပေါ့။ ဒါပေမဲ့ လိပ်ကမနိုင် နိုင်အောင်လုပ်သွားတာမျိုး ဆိုရင်ရော။ အဲဒီလိုပြောင်းဆွေးနွေးကြည့်ရင်ကောင်းမလား။ စဉ်းစားကြစမ်း”
“ဒီလိုလုပ်မယ်ဆရာမ … လိပ်က ပြိုင်ပွဲကို ဖိတ်ခေါ်တယ်။ ဒါပေမဲ့ ခြေလေးချောင်း၊ ခြေနှစ်ချောင်းတွေ ဝင်မပြိုင်ရ ဆိုရင်ရော”
“လိပ်က ခြေလေးချောင်းလေ”
“သူလုပ်တဲ့ပြိုင်ပွဲ သူ့သဘောပေါ့”
“ကောင်းလိုက်တဲ့ အိုင်ဒီယာကွယ်။ ဒီလိုဆိုရင် လိပ်က ဘယ်သူတွေနဲ့ ပြိုင်မလဲ။ ပြိုင်ပွဲကို ဘယ်သူတွေ ဖိတ်ခေါ်မလဲ”
“တီကောင်၊ ပက်ကျိ၊ ခရု၊ မျှော့တွေကို ဖိတ်ခေါ်မှာပေါ့”
“ဝါး … ဟား … ဟား”
“ကောင်းလိုက်တဲ့အတွေးကွယ် … ဟုတ်ပြီ … ပြိုင်ပွဲဖိတ်ခေါ်တဲ့စာကို တစ်ယောက်ပြောပြပါ”
“တောနေသတ္တဝါအပေါင်းတို့လေ။ မကြာမီတောတွင်း အပြေးပြိုင်ပွဲကို ကျင်းပမည်ဖြစ်သည်။ ဤပြိုင်ပွဲတွင် လိပ်မှအပ ခြေနှစ်ချောင်း၊ ခြေလေးချောင်းသတ္တဝါများ ဝင်ပြိုင်ခွင့်မရှိ။ ပြိုင်ပွဲတွင် အနိုင်ရသူကို ဘုရင်ဘွဲ့ အပ်နှင်းမည် အမိန့်တော်”
ကျောင်းသားတစ်ယောက်က ထရွတ်ရာတွင်၊ နောက်ကျောင်းသားတစ်ယောက်
“ဒူ ဟူ … ဟူ” ၍အော်လိုက်သဖြင့် ပွဲကျကုန်ကြပြန်သည်။
“ကဲ … ကဲ … ပြိုင်ပွဲလုပ်ပါပြီတဲ့ … လိပ်နိုင်သွားသလား”
“တစ်ကောင်တည်းပြေးပေမယ့် မနိုင်ဘူးဆိုရင် ပိုကောင်းမယ်နော်”
“ဘယ်လိုလုပ်မလဲ … တီကောင်၊ ပက်ကျိ၊ ခရု၊ မျှော့တွေကြားမှာ လိပ်ကအမြန်ဆုံး”
“ဒီလိုလုပ်မယ် … ပြိုင်ပွဲနေ့မှာ လိပ်က အီးပန်းပြီး မပြိုင်နိုင်လို့ရှုံးတယ်”
“လိပ်က အီးပန်းတတ်သလား … မင်းအတွေးက ရိုးလွန်းတယ်”
“လိပ်က ယုန်လိုပဲ ပျင်းပြီးအိပ်လို့ ရှုံးတယ်ဆိုရင်ရော”
“ယုန်နဲ့လိပ်ပြေးပွဲလို ဘာထူးတော့မှာလဲ”
“ဒီလိုပြောမယ်”
“ဘယ်လိုပြောမလဲ”
“တစ်ကောင်တည်းပြိုင်တာတောင် လိပ်မနိုင်ဘူးဆိုတာကို ပြောချင်တာ”
“စိတ်ကူးကောင်းတယ်။ အနိုင်အရှုံးမှာ လိပ်ကမနိုင်ဘဲ နောက်ဆုံးအခြားတစ်ကောင်က နိုင်သွားတယ် ဆိုရင်ရော”
“ခရုလေးကို အနိုင်ပေးမယ်”
“ဘယ်လိုအနိုင်ပေးမလဲ”
“လိပ်ကျောပေါ်ကို တီကောင်၊ မျှော့နဲ့ ပက်ကျိတွေကတက်ပြီးတော့ ခိုးလိုက်သွားတယ်။ နောက်ဆုံးမှာ ခရုလေးတစ်ကောင်ပဲ ကျန်ခဲ့တယ်။ ခရုလေးက ဇွဲမလျှော့ဘူး။ ပုံမှန်ပဲသွားတယ်။ နောက်ဆုံး နိုင်သွားတယ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ လိပ်နဲ့အတူလိုက်သွားတဲ့ တီကောင်၊ ပက်ကျိနဲ့ မျှော့တွေပဲနိုင်မှာပေါ့”
“မနိုင်ဘူးဆရာမ”
“ဘာဖြစ်လို့လဲ”
“လိပ်သွားနေတာက လမ်းမှားကြီးလေ။ နောက်ဆုံး ချောက်ထဲကိုကျခါနီးမှ အားလုံးသိတာ။ ပြန်လှည့်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ ခရုလေးကတော့ ပုံမှန် လမ်းမှန်အတိုင်းသွားတာ ပန်းတိုင်ကိုရောက်သွားတယ်။ မပုကြွယ်နဲ့ ခရုငယ်မှာလည်း ဒီအတိုင်းပဲလေ”
“ကောင်းတယ် … သမီးအတွေးကောင်းတယ်။ ကဲ မနက်ဖြန်အတွက် စာစီစာကုံး လေ့ကျင့်ခန်းက ခေတ်သစ် အပြေးပြိုင်ပွဲတဲ့နော်။ ခုဆွေးနွေးခဲ့တာတွေကိုလည်း ရေးနိုင်တယ်။ ကိုယ့်စိတ်ကူး အိုင်ဒီယာတွေနဲ့လည်း ဖန်တီးနိုင်တယ်။ သင်ခန်းစာကတော့ ရိုးသားစွာယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ယူပါတဲ့”
တင်ညွန့်
၂၁.၃.၂၀၂၆
Keep Reading