Author's Profile Photo

Kaung Hein Soe - Strategic

24/03/2026

အလုပ်ထွက်ဖို့ စဉ်းစားနေပြီလား

3 mins read
Business
General Knowledge
အလုပ်ထွက်ဖို့ စဉ်းစားနေပြီလား's photo

လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းအနေနဲ့ ဝင်ရောက်လုပ်ကိုင်ခြင်းဟာ အားသာချက်များစွာ ရရှိနိုင်ပါတယ်။ နိုင်ငံတကာမှာ လုပ်ငန်းရှင် သူဌေးကြီးတွေကတောင် သူတို့ရဲ့ သား၊ သမီးများကို company မှာ အောက်ခြေကနေ စတင်ဝင်ရောက်ခိုင်းတာမျိုးကို လုပ်ဆောင်လာကြပါတယ်။ ဒါကြောင့် အဖိုးတန်တဲ့ အခြေအနေ တစ်ခုကို စွန့်လွှတ်တော့မယ်ဆိုရင် တစ်နည်းအားဖြင့် လက်ရှိ အလုပ်ကနေ ထွက်တော့မယ်ဆိုရင် အောက်ပါ အချက်ကလေးတွေကိုတွေးပြီး စဉ်းစားစေချင်ပါတယ်။

(၁) လူမှန်နေရာမှန် ခန့်ထားတတ်တဲ့ လုပ်ငန်းမျိုး
အချို့လုပ်ငန်းတွေဟာ နေရာနဲ့ သင့်တော်သူကို ကိုက်ညီအောင်တာဝန်ချနိုင်မှု မရှိပါဘူး။ မသင့်တော်တဲ့သူက ဦးဆောင်နေတာ လူတော်တွေကိုချောင်ထိုးထားတာ၊ ပညာရှင်တွေကို အသုံးမချတာ၊ လူမှန်နေရာမှန်ဖြစ်အောင် ရွေးချယ်စီစစ်တဲ့စနစ်မျိုး ရှိမနေတာ ၊ ဘက်လိုက်မှုတွေပြည့်နေတာ စတာတွေဟာ လူမှန်နေရာမှန်မဖြစ်တာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သင့်လုပ်ငန်းမှာ ဒါတွေမရှိဘူးဆိုရင် အလုပ်ထွက်ဖို့ အလျင်စလိုမဆုံးဖြတ်ပါနဲ့ဦး။ အခု လုပ်ငန်းမှာလည်း သင့်အတွက် တက်လမ်းရှိနိုင်ပါတယ်။

(၂) နိုင်ငံတကာ စံနှုန်းတွေ၊ နည်းလမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ လည်ပတ်နေရင်..
ပြည်တွင်းလုပ်ငန်းအများစုဟာ မိရိုးဖလာ အဆင်ပြေသလို လည်ပတ်နေကြတာများပါတယ်။ ဒါကိုမှ မိမိ လုပ်ငန်းက နိုင်ငံတကာ ကော်ပိုရိတ်တွေလို ခေတ်မီ SOP, FPD တွေ ချထားတယ်၊ KPI system, HR System, စတဲ့ ပညာယူစရာတွေ များတယ်ဆိုရင် အလွယ်တကူ အလုပ်မထွက်ပါနဲ့ဦး။ လုံလောက်တဲ့ အတွေ့အကြုံ ရခဲ့ပြီလား လုံလောက်ပြီလား စဉ်းစားပါဦး။

(၃) ရာထူးတိုး လစာတိုး စနစ်တွေ Policy တွေကို Performance Based ဆိုတဲ့ လုပ်ဆောင်ချက် ရလဒ် အပေါ်မှာသာ အခြေပြု ချမှတ်ထားရင်..
ကျွန်တော်က အလုပ်စဝင်လုပ်တဲ့ Manpower ၃၀၀၀ ကျော်ရှိတဲ့ လုပ်ငန်းစုကြီးရဲ့ နှစ်ပေါင်း ၂၀ ကျော် သက်တမ်း ကာလအတွင်းမှာ အသက်အငယ်ဆုံး ရုံးခွဲမန်နေဂျာ အဖြစ်ကိုရခဲ့ပါတယ်။ ၂၄ နှစ်နဲ့ Branch Operating Head တစ်ဦး အဖြစ်တာဝန်ယူရတာဟာ အနေကြာလို့ စီနိယာအလိုက်ရာထူးတိုးတာမျိုး၊ အမျိုးတွေကိုပဲ ရာထူးပေးတာမျိုး၊ စတဲ့ မစစ်မှန်တဲ့ တိုင်းတာချက်တွေကို မသုံးဘဲ မှန်ကန်တဲ့ Performance Based Policy. ကို ကျင့်သုံးတဲ့ လုပ်ငန်းကြီး ဖြစ်နေခဲ့လို့ပါပဲ။ ဒါကြောင့် အတွေ့အကြုံ နည်းတာ၊ အသက်ငယ်တာ၊ လုပ်သက်နည်းတာ စတဲ့ အချက်တွေကို အဓိက မတွက်ဘဲ လုပ်ဆောင်နိုင်မှုပေါ်မူတည် ရွေးချယ်ခဲ့လို့ တကယ်တော်တဲ့ သူတွေက အချိန်တစ်ခုမှာ နေရာရလာကြမှာပါ။ တကယ်လို့ မိမိလုပ်ငန်းက ဒီလိုရလဒ်ကိုသာ ဦးစားပေး စဉ်းစားမြေတောင်မြှောက်တယ်ဆိုရင် အလျင်စလို အလုပ်မထွက်ပါနဲ့ဦး။


(၄) ဝန်ထမ်းတွေကို ပိုင်ရှင် ဖြစ်လာစေသလား သို့မဟုတ် ပါတနာ ဖြစ်လာစေသလား။
မိတ်ဆွေ လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်နား နီးတဲ့ နယ်မြို့ကြီးရဲ့ အကြီးဆုံးလုပ်ငန်းရှင်ပါပဲ။ သူက သူ့ ဝန်ထမ်းတွေ ကို business partner ဖြစ်လာသည်အထိ ထိုက်တန်ရင်ထိုက်တန်သလို ဆွဲတင်ပေးတာပါ။ လုပ်ငန်းတစ်ခု ထပ်ချဲ့ တိုင်း တကယ်တော်တဲ့၊ တတ်တဲ့ သစ္စာရှိဝန်ထမ်းကို ရှယ်ယာ အပိုင်ပေးသလို ဦးစီး ဆောင်ရွက်မှုကိုပါ ပြုစေပါတယ်။ တကယ်လို့ ကိုယ့်လုပ်ငန်းရှင်က ဝန်ထမ်းတွေကို မြေတောင်မြှောက်ပေးတတ်သူဆိုရင် အခက်အခဲသေးသေး ကြုံတာနဲ့ အလုပ်ထွက်ဖို့ မတွေးပါနဲ့ဦး။

(၅) လုပ်ငန်းမှာ Training ဌာန ထားရှိပေးထားတာ၊ သို့မဟုတ် စွမ်းဆောင်ရည် တိုးတက်စေဖို့ Employee Training များကို တတ်ကျွမ်းနားလည် ဆရာများ ပင့်ဖိတ် ခေါ်ယူလေ့ကျင့် သင်ကြားလေ့ရှိတာ
တစ်နည်းအားဖြင့်တော့ လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးအရှိဆုံး Asset ဟာ လုပ်အားရှင်လို့ခေါ်ကြတဲ့ ဝန်ထမ်း များပါပဲ။ ဒီဝန်ထမ်းများက ပိုပညာတတ်လေ ကျွမ်းကျင်လေ အလုပ်ကို ပိုမြန် ပိုကောင်းအောင် လုပ်နိုင်လေပါပဲ။ ဒါကို သဘောပေါက်တဲ့ လုပ်ငန်းရှင်များဟာ ကုန်ကျစရိတ် သီးသန့်ထုတ်ပြီး Training ဌာန ထားရှိတာ၊ ပုံမှန် သင်တန်းပေး လေ့ကျင့်တာတွေ လုပ်လေ့ရှိကြပါတယ်။ ဒီလို Learning and Growth ဖြစ်နေတဲ့ လုပ်ငန်းမှာ အလုပ်ဝင်နေရရင် အလိုလို တိုးတက်မှုတွေ ရှိနေမှာဖြစ်လို့ အကျပ်အတည်းနည်းနည်းနဲ့ အလုပ်မထွက်ပါနဲ့ဦး။

(၆) လုပ်ငန်းကနေ Brand, Image, Network တစ်ခုခု ကောင်းကောင်းရနိုင်ရင်..
ကျွန်တော်ဟာ မြန်မာပြည်ရဲ့ နာမည်ကြီး လုပ်ငန်းစုကြီးတစ်ခုရဲ့ Corporate Training Manager ဖြစ်လာတဲ့ အတွက် လုပ်ငန်းနာမည် ခိုင်မာကောင်းမွန်မှုနဲ့အတူ မိတ်ဆွေ အသစ်တွေ ရရှိတာ၊ မိမိ Brand ကိုမြင့်တင်နိုင်တာ၊ Company လုပ်ငန်းစုရဲ့ နာမည်အောက်ကနေ မိမိနာမည်ကိုပါ စီးပွားရေး လောကမှာ သိရှိသူများလာတာ အစရှိတဲ့ ကောင်းခြင်းတွေကို ရရှိခဲ့ပါတယ်။ အဲဒီအချိန် မိမိအနေအထားနဲ့ ဘယ်လိုမှ မရနိုင်မသိကျွမ်းနိုင်တဲ့ Networkတွေ ကို လုပ်ငန်း Image ကြောင့် ရခဲ့ဖူးပါတယ်။ ဒါကြောင့် သင့်လုပ်ငန်း က ဒီလို အားသာချက်တွေရှိနေရင်လည်း ရယူသွားဖို့ အကြံပေးချင်ပါတယ်။

(၇) လုပ်ငန်းက စည်းစနစ် မကျဘူး၊ လုပ်ငန်းဦးဆောင်သူတွေကလည်း အဆင်မပြေဘူး ဆိုပေမယ့် ကိုယ့်ကို တိုက်ရိုက်ပညာသင်ပေးမယ့် အထက်လူကြီးရှိနေတာ၊ ရဲဖော်ရဲဖက်လို့ မိတ်ဆွေကောင်းတွေ ရနေနိုင်တာဆိုရင်လဲ အလုပ်ကနေ ထွက်ဖို့ ချိန်ဆသင့်ပါသေးတယ်။

(၈) အလုပ်တစ်ခု မဟုတ်တစ်ခုမှာ အတွေ့အကြုံ သစ် ၊ ပညာသစ် တစ်ခုမဟုတ် တစ်ခုတော့ ရှိခဲ့ ရခဲ့ သင့်ပါတယ်။ ဒီလိုမဟုတ်ပဲ တစ်လ နှစ်လနဲ့ အလုပ်တစ်ခုပြောင်းနေရင် တခြားသူတွေထက် အများကြီး တိုးတက်မှု နောက်ကျနိုင်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို ဝင်တာနဲ့ အတွေ့အကြုံသစ် ပညာသစ် တစ်ခုခု ရရှိပြီးမှသာ အလုပ်ကနေ ထွက်ဖို့စဉ်းစားသင့်ပါတယ်။

လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Serial Investor

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်