Kaung Hein Soe - Strategic

Passive Income အကြောင်းတွေ ကို အပိုင်းဆက် မျှဝေရင်းနဲ့ Earned Income ကနေ Passive Income ကို ကူးပြောင်းနိုင်ဖို့အတွက် ကျွန်တော် ရဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ ပေါ်မူတည်ပြီး ဖော်ထုတ် ထားတဲ့ KHS’s Money Making Model ဆိုတဲ့ ငွေရှာဖွေနည်း လေးနည်း ပုံစံ နဲ့ ချိတ်ဆက် မျှဝေပေးလိုပါတယ်။ ဒီ Money Making Model ဆိုတဲ့ Concept လေးကို Page မှာ Live အနေနဲ့ တစ်ခါ မျှဝေထားပေးဖူးပါတယ်။ ဒီ Model လေးကတော့ ကျွန်တော့် ရဲ့ ဖြတ် သန်းခဲ့တဲ့ ငွေ ရှာဖွေမှု အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ကာ တစ်ဆင့်စီ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါဆိုရင် စပြီး လေ့လာကြည့်ရအောင်ပါ။
.
လူ တိုင်းလူတိုင်းဟာ အသက်ရှင်ရပ်တည်ရေး အတွက် ငွေရှာဖွေကြရလေ့ရှိပါတယ်။ အသက် မွေးမှု အတွက် မဟုတ် ရင်တောင်မှ လိုအပ်ချက် တစ်ခုခုကြောင့် ငွေကို ရှာဖွေနေကြရတာပါပဲ။ ငွေကို ရှာဖွေ နေရတာခြင်းတူညီပေမယ့် ရှာဖွေ နိုင်တဲ့ ပမာဏ ကတော့ တစ်ဦးနဲ့ တစ်ဦး တူညီလေ့မရှိကြပါဘူး။ တစ်ဦးက တစ်လလုံး အလုပ်လုပ်မှ တစ်သိန်း ခွဲ လောက် ဝင်ငွေ ရှိချိန်မှာ နောက် တစ်ဦးကတော့ တစ်လ လုံး လုပ်ပြီး ဆယ့်ငါးသိန်းလောက် ဝင်နေတဲ့ အဖြစ် တွေ လဲ တကယ်ပဲ ရှိနေပါသေးတယ်။ ဒီလို ဘာကြောင့် ကွာခြား နေရသလဲ ဆိုရင်တော့ လူတွေ ရဲ့ ငွေကို ဘာနဲ့ လဲလှယ်ရယူ နေသလဲ ဆိုတဲ့ နည်းလမ်း တွေအပေါ် မှာ မူတည်ပြီး ရှာဖွေနိုင်တဲ့ ငွေပမာဏ တွေ ကွာခြားသွားလို့ပါပဲ။
.
လူအများစုကတော့ ငွေ ကို အချိန်နဲ့ လဲ ယူရတယ်လို့ပဲ ယူဆကြလေ့ရှိပါတယ်။ ဥပမာ မနက် ရှစ် နာရီ ကနေ ညနေ ငါးနာရီ အလုပ်တက် ပြီး လကုန် တဲ့အခါ လစာ ရယူ တာ၊ နေ့စဉ် အလုပ်လုပ်ပြီး နေ့စားခ ယူတာ စတာတွေ က အများစုတွေ့ရတဲ့ ဝင်ငွေ ရှာဖွေမှု နည်းတွေ ဖြစ်နေ လို့ပါပဲ ။တစ်နည်းအားဖြင့် တော့ နေ့ တို့ လတို့ ဆိုတာ အချိန် ကို တိုင်းတာ တဲ့ သတ်မှတ် ချက်တွေပဲ မဟုတ်ပါလား။ ဒါဆိုရင် ဒီလို တွေးကြည့်ရအောင်ပါ။ လူတစ်ယောက် ဟာ တစ်နေ့ကို ရှစ်နာရီ တစ်ပတ်ကို ခြောက် ရက် အလုပ်လုပ်ပြီး လုပ်ခ လစာ သုံးသိန်း ရတယ်ဆိုပါစို့။ တကယ်လို့ အချိန် နဲ့ ပဲ ငွေကို လဲ နေမယ် ဆိုရင် လုပ်ခ လစာ သုံးသိန်းကနေ နှစ် ဆ ခြောက် သိန်း ဖြစ်ဖို့ အတွက် တစ်ရက်ကို ၁၆ နာရီအလုပ်လုပ် ရတော့မှာ ဖြစ်ပါတယ်။ တစ်ရက် ၁၆ နာရီ အလုပ်လုပ်ဖို့ ဆိုတာ ပြည်ပနိုင်ငံတွေ မှာလဲ လုပ်နေ ကြရ တာကြောင့် ဖြစ်နိုင်သေးတယ် ထားပါတော့။ ဒါဆိုရင် လုပ်ခလစာ ကိုးသိန်း ရဖို့ အတွက် ဆိုရင် တစ်ရက်ကို ၂၄ နာရီ လုံးအလုပ်လုပ်မှ ရတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင် တော့ ပါဘူး။ ဒီအတွက် အချိန်နဲ့ ပဲငွေကို လဲမယ်ဆိုရင် လူတိုင်းမှာ အချိန် ဟာ ၂၄ နာရီ ဆိုတဲ့ အကန့် အသတ် နဲ့သာ ရတဲ့ အတွက် ဒီနည်းကို သုံးလို့ ရမယ့် ဝင်ငွေ ဟာ လည်း အကန့်အသတ် ရှိနေ မှာ ဖြစ်ပါတယ်။ .
.
ဒါဆိုရင်ငွေ ရှာဖွေနည်း ဘယ်နှစ်ခု ရှိလည်း ဘာတွေလည်း ဘာအကျိုးအပြစ်တွေ ရှိမလဲ ဆိုတာကို ကျွန်တော့်ရဲ့ Kaung Hein Soe – Strategic’s Money Making Model လေးနဲ့ ရှင်းပြ ချင်ပါတယ်။
.
.
ပထမ အဆင့် ..သို့မဟုတ်.. ငွေကို လုပ်အား (Effort) နဲ့ လဲလှယ်တဲ့နည်း…
.
ပထမဆုံး နည်းလမ်း ကတော့ ငွေ ကြေးကို လုပ်အားနဲ့အဓိက လဲလှယ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဥပမာ အားဖြင့် အုတ်ခဲတွေ ကိုတစ်နေရာကနေ တစ်နေရာ သယ်ယူ ပေးတာ ၊ သန့်ရှင်းရေး ဆောင်ရွက်တာ၊ ရထားဂိတ် ကားဂိတ်တွေမှာ ခရီးသည်တွေရဲ့ အထုပ်အပိုးတွေ သယ်ယူပေးတာ၊ ဆိုက်ကား နင်းတာ၊ စတဲ့ ကာယ အားကို အဓိက အသုံးပြုပြီး ဝင်ငွေ ရှာဖွေနဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်း ကတော့ မိမိရဲ့ အင်အား သို့မဟုတ် အားထုတ်မှု တစ်ခုခုကြောင့် ရရှိလာတဲ့ ရလဒ် အတွက် ထိုက်တန်တဲ့ ငွေကြေး ကိုအဖိုးအခအနေနဲ့ ရရှိခြင်းပါပဲ။ ကျွန်တော် ကိုယ်တိုင်လဲ အင်အား နဲ့ ငွေကြေး လဲလှယ်တဲ့ အလုပ်မျိုးတွေ လုပ်ဖူးပါတယ်။ သင်္ဘောသား ဘဝတုန်းက ဆိုရင်လဲ သင်္ဘော အင်ဂျင်ရဲ့ လေအဝင် ပိုက်လိုင်း (Scavenge Air Line) ကြီး ကိုသန့်ရှင်းရေး လုပ်ရင်ဒေါ်လာ နှစ်ဆယ်၊ ဘွိုင်လာ ကြီးကို ရေ ထိုး ပြီး ကာဘွန် ဂျိုးတွေ ခွာ တာက တစ်ကြိမ်း ကို ဒေါ်လာ နှစ်ဆယ် စသဖြင့် လုပ်ခဲ့ရတာတွေပါပဲ။ ဘဝ မှာ ပထမ ဦးဆုံး ငွေရှာ တယ် လို့ပြောလို့ရတဲ့ ဖြစ်ရပ်က လဲ ဒီ နည်းနဲ့ပါပဲ။ ဒါကတော့ ကလေး ဘဝ တုန်းက အဘွား ရဲ ့ဆံပင်ဖြူတွေကို နုတ်ပေးပြီး ဘယ်နှစ်ချောင်း ကို မုန့်ဖိုး ဘယ်လောက် ဆိုပြီး ပေးတဲ့ နည်းလမ်းပါပဲ။
.
ကောင်းခြင်းဆိုးခြင်း တွေ..
.
ကောင်းတာကတော့ ဒီနည်းလမ်းက ငွေ ရှာဖွေဖို ့အတွက် လွယ်ကူတဲ့နည်းလမ်းဖြစ်ပါတယ်။ လွယ် ကူ တယ်ဆိုတာက အလုပ်ရှာရခက်တာ လွယ်တာတွေကို ဆိုလိုတာမဟုတ်ပဲ ပုံမှန် ကျန်းမာတဲ့ အရွယ်ရောက် ပြီး သူတစ်ဦးဆိုရင် ဒီနည်းလမ်းနဲ့ငွေ ကို ဖလှယ်ယူလို့ရတဲ့ အလုပ်တွေ မျိုးစုံ ရှိလို့ပါပဲ။ ဒါ့အပြင် လုပ်အား နဲ့ ငွေကို ဖလှယ်ယူတာဖြစ်တဲ့ အတွက် လုပ်အား သာ ရှိဖို့လိုပြီး ဘွဲ့ ဒီဂရီတွေ လက်မှတ် တွေ လဲ မလိုအပ်သလို အတွေ့အကြုံ ကလဲ အနည်းငယ်လောက်သာ လိုပါလိမ့်မယ်။
.
ဆိုးကျိုး ကတော့ ဒီနည်းလမ်း ဟာ ငွေ ကြေး ရှာဖွေခြင်းရဲ့ အခြေအကျဆုံး နည်းလမ်းဖြစ်ပြီး ငွေဝင်နိုင်တဲ့ ပမာဏ ကလဲ အကန့်အသတ် အရှိဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေကို လဲ ယူရတဲ့ လုပ်အားဟာ အကန့်အသတ် ရှိလို့ပါပဲ။ လုပ်နိုင်တဲ့ ပမာဏ အင်အား အကန့်အသတ် ရှိသလို အချိန်အကြာကြီး သို့မဟုတ် ကြိမ်ဖန်များစွာ ဆက်တိုက်အားထုတ်ဖို့ကလဲ အကန့်အသတ် ရှိပါတယ်။ ဒါ့အပြင် လုပ်ဖို့ လွယ်ကူတဲ့ ငွေရှာနည်းဖြစ်တဲ့ အတွက် လုပ်မယ့်သူကလဲ ပေါများတာ သဘာဝ ပါပဲ။ ဒီအတွက် ကိုယ့် နေရာကို အခြားသူတစ်ဦး ကိုအစားထိုးလိုက်ဖို့ သိပ်ကို လွယ်ကူပါတယ်။ ဒ့ါအပြင် ဒီငွေရှာနည်းဟာ အလုပ်ရှင်ကို သာမက အထက်လူ ကြီးတွေ ကို ရာနှုန်းပြည့်နီးပါး မှီခို အားထား ရတဲ့ အခြေအနေလဲ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ လုပ်အား ကိုသုံးမှ ငွေကြေး ရရှိတဲ့အတွက် လုပ်အား မလုပ်နိုင်တော့ ရင် အလုပ်ကို ဆုံးရှုံး မှာပါပဲ။ ဒါ့အပြင် ဒီ ဝင်ငွေရှာနည်းကနေ ကိုယ်ပိုင် လုပ်ငန်း အဖြစ်ကိုသော်လည်းကောင်း Passive Income ကိုဖန်တီးဖို့သော်လည်ကောင်း မဖြစ်နိုင် တတ်ပါဘူး။
.
.
ဒုတိယ အဆင့် .. သို့မဟုတ်.. ငွေကို အချိန် (Time) နဲ့ လဲလှယ်တဲ့နည်း
.
ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်က ဆင်မလိုက်သင်္ဘောကျင်းက company တစ်ခုမှာ ပညာသင် နေ့စား အနေနဲ့ စတင်လုပ်ခဲ့ တာပါပဲ။ တစ်ရက်ကို တစ်ထောင်နဲ့ တစ်ပတ်ကို ငါးထောင် ရပြီး တစ်လ တစ်ခါ ရှင်း ပေးတဲ့ နေ့စားလပေး စနစ် ပါပဲ ။တစ်လ လုံးကို အလုပ်ပျက်ရက်မရှိ အချိန်ပြည့်တယ် ဆိုရင် နှစ်သောင်း ကျပ် ရပါတယ်။
.
အချိန်ကို ငွေနဲ့လဲလှယ်တဲ့ နည်းလမ်းကတော့ လူ အများစု ရဲ့ ဝင်ငွေရှာဖွေတဲ့ ပုံစံ ဖြစ်ပါတယ်။ အစိုးရ၊ ပုဂ္ဂလိက ဝန်ထမ်းတွေ ဖြစ်တဲ့ ဝင်ငွေ အသင့်အတင့် ရရှိတဲ့ လူလတ်တန်းစား များရဲ့ ငွေကြေး ရှာဖွေပုံ ပါပဲ။
.
ကောင်းခြင်းဆိုးခြင်းတွေ…
.
ငွေကြေကို အချိန်နဲ့ လဲလှယ်ခြင်းဟာ လုပ်အားနဲ့ လဲလှယ်ခြင်းထက်တော့ ပိုပြီး ကောင်းမွန်တယ်လို့ ဆိုလို့ရပါတယ်။ အချိန်နဲ့ လဲလှယ် သူတွေ ဖြစ်တဲ့အတွက် ကာယ အားစိုက်ထုတ်စရာ သိပ်ပြီး မလို အပ် သလို အချိန်ပို လုပ်ရင် လုပ်သလောက် ဝင်ငွေ ရနိုင်တာမျိုး ပါပဲ။ ဒါ့အပြင် လုပ်အား နဲ့ ငွေကို ဖလှယ် ရာမှာတော့ အားထုတ်စရာ အလုပ်ရှိမှ ဝင်ငွေရနိုင်ပြီး အချိန်နဲ့ လဲလှယ် တာကတော့ အလုပ်တည်မြဲ မှု လုံခြုံစိတ်ချရမှု ပိုပြီး ရှိလေ့ရှိပါတယ်။ ဒါ့အပြင် အချိန် ကလဲ အကန့်အသတ် တော့ ရှိပေမယ့် လုပ်အား ထက် တော့ ကန့်သတ်မှုဘောင် ပိုကျယ်တဲ့ အတွက် ရရှိတဲ့ ဝင်ငွေပမာဏ ကလဲ များ ပြားတတ်လေ့ရှိ ပါတယ်။
.
ဒါပေမယ့် ငွေကို အချိန် နဲ့ လဲလှယ် ခြင်းနည်း အတွက် လိုအပ်ချက်အနေနဲ့ Academic Education ဆိုတဲ့ ပညာရေး ကလဲ သတ်မှတ် အလုပ်အလိုက် အနည်းအများ လိုအပ်လာတာလေးတွေတော့ ရှိပါတယ်။ အချိန် နဲ့ လဲလှယ် ရတာဖြစ်တဲ့အတွက် သတ်မှတ် အလုပ်ချိန် မပြည့်မှီရင် လစာ ငွေ လျော့ တာ၊ ဖြတ်တောက်ခံရတာ ၊ စတာတွေကတော့ ရှိနေဦးမှာဖြစ်ပါတယ်။ လုပ်အားနဲ့ လဲလှယ်ခြင်း ထက် ဝင်ငွေပိုများ ပေမယ့် အချိန် ကလဲ အကန့်အသတ် ရှိနေဆဲဖြစ်လို့ ဝင်ငွေ ပမာဏ ကန့်သတ်ချက် ရှိနေ ဆဲပါပဲ။ ဒါ့အပြင် မိမိ ဝင်ငွေ အတွက် အလုပ်ရှင် အပေါ် မှီခိုရမှု ကလဲ များပြားနေဆဲ ဖြစ် ပြီး လုပ်ဆောင်ရ တဲ့ အလုပ် လွယ်တာခက်တာပေါ်မူတည်ပြီး အစားထိုး ခံရမှုကလဲ ရှိနေနိုင်ဆဲပါပဲ။ ဒါ့အပြင် ဒီ ငွေရှာနည်းကနေ ကိုယ်ပိုင်လုပ်ငန်း ကိုတိုက်ရိုက်ကူးပြောင်းဖို့ ခက်ခဲနေသးပြီး. Passive Income တစ်ခု ဖန်တီးဖို့လဲမဖြစ်နိုင်သေးပါဘူး။
.
.
တတိယ အဆင့် .. သို့မဟုတ်..ငွေကို ကျွမ်းကျင်မှု (Skill) နဲ့ လဲလှယ်နည်း
.
တတိယ ငွေရှာဖွေတဲ့ နည်းလမ်းကတော့ ငွေကို ကျွမ်းကျင်မှု နဲ့ လဲလှယ်တာပါပဲ။ ဥပမာ သင်က ဒီဇိုင်း ဆွဲတာ သိပ်ကို ကျွမ်းကျင်ပြီး ဖန်တီးနိုင်တယ်ဆိုရင် သင်ဖန်တီးနိုင်သလောက် လက်ရာပြောင်မြောက်သလောက် ဝင်ငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်နာရီ အတွင်းမှာ အလုပ်တစ်ခု နှစ်ခု သုံးခု သင်ပြီးစီးသလောက် ဝင်ငွေရရှိမှာ ဖြစ်ပြီး အချိန်ပေါ် လုပ်အားပေါ် မူတည် နေတော့မှာ မဟုတ်ပါဘူး။ ကျွမ်းကျင်မှု တစ်ခု ပေါ်မူတည်ပြီး ဝင်ငွေ ရှာဖွေလို့ရတဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ကျွမ်းကျင်မှု တစ်ခု ရှိသွားရင် Freelance ဆိုတဲ့ အလွတ်တန်း အလုပ်တွေ လက်ခံ နိုင်လာမှာ ဖြစ်ပါတယ်။
.
ကောင်းခြင်း ဆိုးခြင်းတွေ
.
တကယ်လို့ ကျွမ်းကျင်မှု တစ်ခုအပေါ် မူတည်ပြီး Freelance အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် အလုပ်ရှင် တစ်ဦးထဲ ပေါ်မူတည်ပြီး ဝင်ငွေကို မှီခိုနေရတော့မှာ မဟုတ်ပဲ မတူညီတဲ့ အလုပ်ရှင်အများအပြား ဆီက နေ အလုပ်တွေလက်ခံကာ ဝင်ငွေရရှိနိုင်မှာပါပဲ၊ ဥပမာ သင်က Social Media Marketing ကို ကျွမ်းကျင် တယ်ဆိုရင် လုပ်ငန်းတွေ ကိုလူသိများလာစေဖို့ ပိုရောင်းရဖို့ အထောက်အကူ ဖြစ်စေမယ့် ၊ Digital Service တွေပေး ခြင်းကို လုပ်ငန်းအများအပြားအတွက် လက်ခံဆောင်ရွက်နိုင်တဲ့ သဘောပါပဲ။ ဒါ့အပြင် ဒီငွေရှာနည်းဟာ အချိန်ပေါ်မှာ မမူတည်တော့တဲ့ အတွက် မိမိကျွမ်းကျင်မှု Level အလိုက် ဝင်ငွေ ပမာဏ အများအပြား ရရှိနိုင်ပါတယ်။ ဥပမာ တစ်နာရီ အတွင်းကို အလုပ် တစ်ခု ပြီး စီးရာကနေ ပိုကျွမ်းကျင်လာလို့ တစ်နာရီနဲ့ သုံးလေးခု ပြီး လာတဲ့အခါ ဝင်ငွေလဲ သုံးလေးဆ လိုက်တက် လာနိုင်တာပါပဲ။ ဒါ့အပြင် ကျွမ်းကျင်မှုနဲ့ ငွေရှာခြင်း ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု အဖြစ် ကိုကူးပြောင်းဖို့ ကလဲ အတော်လေး လွယ်ကူလာပြီဖြစ်ပါတယ်။ ကျွန်တော်ဆိုရင်လဲ လုပ်ငန်း ခွင်မှာ Training Manager အနေနဲ့ တာဝန်ထမ်းဆောင် ရာကနေ ကိုယ်ပိုင် Training Service တွေ ပေးတဲ့ Firm တစ်ခုအဖြစ် အလွယ်တကူ ကူးပြောင်းနိုင်ခဲ့တာပါပဲ။ ဒါ့အပြင် ကျွမ်းကျင်မှု ပိုလာလေလေ ဝင်ငွေ အကန့်အသတ် မရှိတော့လေလေ ဖြစ်လာနိုင်ပါသေးတယ်။ နောက်တစ်ခါ အချိန်ရဲ့ ကန့်သတ်ချက် လုပ်အားရဲ့ ကန့်သတ်ချက်တွေ လဲ မရှိပြန်ပါဘူး။ ဥပမာ လုပ်အား နဲ့ ငွေကို လဲလှယ်ခြင်းက လုပ်အား မထုတ်နိုင်တော့တဲ့ အသက်အရွယ် ကိုရောက်တဲ့အခါ ငွေ မရှာနိုင်တော့ပေမယ့် ကျွမ်းကျင်မှု ကတော့ အသက်အရွယ် ပိုကြီးလာလေ အတွေ့အကြုံပိုရှိပြီး ပိုကျွမ်းကျင်လာလေလေ ဖြစ်တာကြောင့် ငွေ ပိုဝင်လေလေပါပဲ။ ကျွန်တော်တွေ့ ဖူးတဲ့ မျက်စိခွဲစိပ်တဲ့ ပါရဂူ ဆရာဝန်ကြီးဆိုရင် တိမ်ခွဲထုတ်ရာမှာ သိပ်ကို ကျွမ်းကျင် လှပါတယ် ဒီအတွက် တစ်ရက်ကို မျက်စိတိမ် ခွဲထုတ်မှု အခု ၃၀ လောက် ပြုလုပ် ပြီး ခွဲစိပ်မှုတစ်ခုကိုလဲ သိန်း ဆယ်နဲ့ချီ ဝင်ငွေ ရှိ တယ်လို့ ဆိုပါတယ်။ ဒါဟာ ကျွမ်းကျင်မှု နဲ့ ငွေရှာခြင်း ရဲ့ အားသာချက်တွေပါပဲ။
.
ဒါ့အပြင် ပိုကျွမ်းကျင်လာလေ ပိုနာမည်ကြီးလာလေ လူတွေက ပိုပြီး ယုံကြည် စိတ်ချလာလေနဲ့ ကိုယ့်ရဲ့ Professional Fees ဟာ ပိုပြီး များသထက် များ လာနိုင်ပါသေးတယ်။ လူတိုင်းကြားဖူးတဲ့ ပုံပြင်လေး တစ်ခုရှိပါတယ်။ အင်ဂျင်စက်ကြီးပျက်သွားလို့ ဘယ်သူမှ မပြင်နိုင် တဲ့အချိန်မှာ လူတစ်ယောက်က အင်ဂျင်ကြီးကို ဟိုနား ဒီနားခေါက်ကြည့်ပြီး တစ်ချက်ပဲပြင်လိုက်တာကောင်းသွားပါရော ။ ကြေး ကတော့ ဒေါ်လာ တစ်သောင်း ဆိုပါတယ်တဲ့.. ဒါနဲ့ ပိုင်ရှင်က ခေါက်ကြည့်တာလေးကို ဒေါ်လာ တစ်သောင်းဆိုတာမများ ဘူးလားဆိုတော့၊ ခေါက်ကြည့်ပေးတာက ဒေါ်လာတစ်ရာကျတာပါ ၊ ခေါက် ကြည့်ရုံနဲ့ ဘယ်နေရာပျက်ပြီး ဘယ်လိုပြင်ရမယ်ဆိုတာကို သိနိုင်တဲ့ ကျွမ်းကျင်မှုက ဒေါ်လာ ၉၉၀၀ ပါ လို့ ဆိုပါသတဲ့။
.
.
အမြင့်ဆုံး အဆင့်..သို့မဟုတ်.. ငွေကို ငွေဖြင့် လဲလှယ်နည်း..
.
ကျွမ်းကျင်မှုနဲ့ ငွေကိုလဲလှယ်နိုင်ရင်ကို အတော်လေး ငွေကြေး ကြွယ်ဝတဲ့ ဘဝကို ရရှိနေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကျွမ်းကျင်မှု ဟာ ခေတ် စနစ် အခြေအနေ နည်းပညာပြောင်းလဲမှုတွေ ကြောင့် အသုံး မကျ ဖြစ်သွားတတ်တာမျိုးရှိပါတယ်။ ဥပမာ ဟိုး အရင်က လစာကောင်းတဲ့ လက်နှိပ်စက် စာရေး အလုပ် ရဖို့ လက်နှိပ်စက် ရိုက်တတ် အောင်သင်ရပါတယ်။ ဒါပေမယ့် ကွန်ပျူတာတွေ လဲပေါ်လာရော လက်နှိပ်စက် တွေဟာ ပြတိုက်ကို ရောက်သွားသလို လက်နှိပ်စက် ရိုက်တဲ့ကျွမ်းကျင်မှုဟာ လဲ ငွေမရှာနိုင်တော့ပြန်ပါဘူး။
.
ငွေကို ငွေနဲ့ လဲလှယ်တဲ့ နည်းလမ်းကတော့ ဘယ်ခေတ်မှာ မဆို ဘယ်လိုအခြေအ နေမှာ မဆိုငွေကြေး ရှာဖွေနိုင် လေ့ရှိပါတယ်။ ငွေကြေးကို ရင်းနှီးပြီး ပိုများတဲ့ ငွေကြေးတွေ ဝင်လာအောင် ကိုယ့်မှာ ရှိတဲ့ ငွေပိုတိုးပွားအောင်၊ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းပါပဲ။ တစ်နည်းအားဖြင့်တော့ ငွေကို ပြန်ပြီး ခိုင်းစေ ထား နိုင်တဲ့ အဆင့်ပါပဲ။ ဒီလို ဖြစ်စေဖို့ အတွက်က ငွေကြေးဆိုင်ရာ အသိပညာတွေ၊ ရင်းနှီးမြုပ်နှံမှု အလေ့အကျင့်တွေ တော့ အများအပြားလိုအပ်ပါတယ်။
.
.
အဆင့် ကွဲ တွေ လဲ ရှိ…
.
အချို့ သူတွေ မှာတော့ လုပ်အားနဲ့ အချိန် နှစ်ခု လုံး ရောပြီး ငွေနဲ့ လဲလှယ်တာ၊ အချိန်နဲ့ ကျွမ်းကျင်မှု နှစ်မျိုးလုံး ရောပြီး ငွေနဲ့ လဲလှယ်တာ လုပ်အားနဲ့ ကျွမ်းကျင်မှုရောတာ စတဲ့ hybrid ပုံစံ တွေလဲရှိနေနိုင်တာပါပဲ ။ဒါပေမယ့် ဝင်ငွေ ပမာဏ တွေက တစ်ခုထဲ နဲ့လဲလှယ်တာထက် ပိုပြီး အဆများသွားလေ့ရှိပါတယ်။ ဥပမာ သာမာန် အရောင်း ဝန်ထမ်းတစ်ဦး အဖြစ် မနက် ရုံးတက် ညနေ ရုံးဆင်း ဆိုရင် သာမာန် အရောင်းသမား လစာ သာ ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရောင်းပိုင်းမှာ ထူးထူးချွန် ချွန်း ရောင်းနိုင်တဲ့ ကျွမ်းကျင်မှု နဲ့ ထပ်ပေါင်းလိုက်ရင်တော့ မနက်ရုံးတက်ညနေရုံးဆင်းတာချင်း အတူတူ Incentive, Bonus တွေပို ရမယ့် အပြင် လစာ လဲ ပိုများမှာပါပဲ။ ဒီလို အရောင်းကျွမ်းကျင်မှုကို စီမံခန့်ခွဲခြင်းဆိုတဲ့ ကျွမ်းကျင်မှု နောက် တစ်မျိုးနဲ့ ထပ်ပေါင်းလိုက်မယ်ဆိုရင် အရောင်းမန်နေဂျာ ဆိုတဲ့ ရာထူးကို ရရှိနိုင်ပါပြီ။ ဒါဆိုရင်တော့ မနက်ရုံးတက်ညနေ ရုံးဆင်းတာချင်းအတူတူ အရောင်းမန်နေဂျာ လစာက သာမာန်အရောင်း ဝန်ထမ်းလစာထက် သိန်းဆယ်နဲ့ ချီကွာခြားသွားမှာ ဖြစ်ပါတယ်။
.
.
ကျွမ်းကျင်မှုတွေ က ပေါင်းစပ်လို့ရ…
.
အထက်က ပြောခဲ့သလို သာမာန်အရောင်းဝန်ထမ်း ဆိုတဲ့ အချိန်ကို ငွေနဲ့ လဲနေသူကို အရောင်းကျွမ်းကျင်မှု၊ စီမံခန့်ခွဲခြင်းကျွမ်းကျင်မှု တွေပေါင်းလိုက်တာနဲ့ ဝင်ငွေ ပမာဏ ထိုးတက်သွား ပါတယ်။ ဒီလိုပါပဲအခြား ကျွမ်းကျင်မှု မျိုးစုံ ကို လိုအပ်သလိုပေါင်းစပ်နိုင်ရင်လဲ ကိုယ့်ရဲ့ ငွေရှာ နိုင်စွမ်းကို မြင့်တင်စေနိုင်ပါတယ်။ ဥပမာ ကျွန်တော့် မှာ စာသင်ကောင်းတယ် တစ်ဖက်သားကို နားလည် အောင်သင်နိုင်တယ်ဆိုတဲ့ ကျွမ်းကျင်မှု ရှိပါတယ်။ ဒါကို နည်းပညာ ကျွမ်းကျင်မှု အနည်းငယ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ Video တွေ ရိုက် Editing တွေ လုပ် ပြီး Online Training တွေ ပို့ချလာနိုင်ပါတယ်။ ဒီ online training တွေကို ကျောင်းသား တွေတက်ရောက်အောင် Marketing ကျွမ်းကျင်မှု နဲ့ ထပ်ပေါင်းလိုက်တဲ့ အခါမှာ online ကနေ ရရှိတဲ့ ဝင်ငွေပမာဏ တစ်ခု စတင်ရရှိလာ တာပါပဲ။ ဒီတော့ မိမိ မှာ ဘယ် လိုကျွမ်းကျင်မှု များပေါင်းလိုက်ရင် ဝင်ငွေ ထိုးတက်သွားမလဲဆိုတာ ရှာဖွေ ဖို့လိုပါတယ်။
.
.
လျှောက်ရမယ့်လမ်း
.
ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေဟာ လက်ရှိမှာ ငွေရှာတဲ့ နည်း အဖြစ် လုပ်အား သို့မဟုတ် အချိန် ကို ငွေနဲ့ လဲလှယ် တဲ့နည်း ကို အသုံးပြုနေရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ လုပ်အားနဲ့ ငွေကို ရှာဖွေ နေတယ်ဆိုရင် အချိန် သို့မဟုတ် ကျွမ်းကျင်မှု နဲ့ ပြောင်းပြီ လဲလှယ်ဖို့ ကြိုးစားရမှာ ပါပဲ။ တစ်ခု ရှိတာက လုပ်အား နဲ့ လဲလှယ်နေရလို့ စိတ်အားငယ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်အား ကနေ ကျွမ်းကျင်မှု ဆိုတဲ့ အဆင့်ကို ကျော်တက် ပြောင်းလဲလို့ ရလို့ပါပဲ။ ဥပမာ ကားဝပ်ရှော့မှာ အလုပ်ကြမ်း လုပ်ရ ပြီး လုပ်အားနဲ့ ဝင်ငွေကိုလဲ နေရတဲ့ သူ ဆိုပေမယ့် ကားစက်ပြင်တဲ့ ကျွမ်းကျင်မှု ကို ရအောင် ဆောင်ရွက်နိုင်တာနဲ့ ဝင်ငွေ ထိုးတက်မှာပါပဲ ဒါဟာ လုပ်အားကနေ ကျွမ်းကျင်မှု ကိုခုန် ကူးနို်င် ကြောင်း သာဓက ပါပဲ။
.
ဘဝမှာ ငွေကြေး ကိုမပူမပင်ပဲ ရှာဖွေနိုင်ဖို့အတွက် ကျွမ်းကျင်မှုနဲ့ ငွေကို လဲလှယ် တဲ့ အဆင့်တော့ အနည်းဆုံး ရှိနေဖို့ လိုပါတယ်။ အဲဒီကနေ မှ ငွေကို ငွေနဲ့ ပြန်လဲ နိုင် တိုးပွားစေနိုင်တဲ့ အဆင့်ကို ကူးပြောင်း ရမှာပါပဲ။
.
.
ဒီလောက်ဆိုရင်တော့ ကျွန်တော့်ရဲ့ သီအိုရီဖြစ်တဲ့ KHS’s Money Making Model ဆိုတဲ့ ငွေရှာဖွေ နည်း အကြောင်းကို ကောင်းကောင်း နားလည် သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်ဗျား။
.
.
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant
Keep Reading