Kaung Hein Soe - Strategic

အောင်မြင်တဲ့ ဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေဟာ တကယ်တော့ ရိုးရှင်းလွယ်ကူလေ့ရှိပါတယ်။ ဥပမာ ကိုယ်က မိမိ လုပ်ငန်းခွင်နယ်ပယ်မှာ အသိပညာ ပြည့်စုံပြီး တဖက်ကမ်းခတ် ကျွမ်းကျင်သူ တစ်ဦးဖြစ်ချင်တယ်ဆိုပါစို့။ ဒီလိုဖြစ်ဖို့အတွက် နေ့စဉ် တစ်နာရီ လေ့လာဆည်းပူးမှု ပြုမယ်ဆိုရင် နောင် နှစ်နှစ် သုံးနှစ်လောက်အကြာမှာ သက်ဆိုင်ရာ နယ်ပယ်ရဲ့ ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာမှာ အသေအချာဖြစ်ပါတယ်။
.
တူရိယာ တစ်ခုခု ဥပမာ ဂစ်တာ၊ တယော စသည်တို့ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ချင်ရင်လည်း နေ့စဉ် အချိန်တစ်ခုပေးပြီး လေ့လာအားထုတ်မယ်ဆိုရင် လပိုင်းနှစ်ပိုင်း အတွင်းမှာ ကျွမ်းကျင်မှု အဆင့်တစ်ခုခုကို ရောက်ရှိသွားမှာပါပဲ။ ငွေကြေးအဆင်ပြေတဲ့ ဘဝတစ်ခုကို ရချင်တယ်ဆိုရင်လည်း လစဉ် ပုံမှန်ငွေစုပြီး လုံလောက်တဲ့ ပမာဏ တစ်ခုခုရရင် ငွေ အပိုဝင်မယ့် investment တစ်ခုခုစီ လုပ်ဆောင်သွားရုံပါပဲ။
.
ဒီနေ့ခေတ်လို Social Media တွေ ခေတ်စားလာချိန်မှာ ဝင်ငွေကောင်းတဲ့ Social Influencer တစ်ဦး ဖြစ်လိုတယ်ဆိုရင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် အရည်အသွေးရှိတဲ့ Content တွေကို နေ့စဉ်ဖြစ်စေ အချိန်ကာလ အပိုင်းအခြားတစ်ခုစီအလိုက် (ဥပမာ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ) လူအများကို မျှဝေသွားမယ်ဆိုရင် နှစ် အနည်းငယ်အတွင်းမှာ အောင်မြင်လူသိများမှုကို ရရှိနိုင်မှာပါပဲ။
.
.
ဒါဆိုရင်ဒီလောက် လွယ်ကူနေပါလျက်နဲ့ လူတိုင်းဟာ သူတို့လိုချင်တဲ့ နယ်ပယ်တွေမှာ အောင်မြင်မှုတွေကို ဘာကြောင့်မရယူနိုင်ကြတာပါလိမ့်လို့ မေးစရာ ရှိလာတာပါပဲ။ ဒီအတွက် ကျွန်တော်ကတော့ Self-discipline ဆိုတဲ့ မိမိ ကိုယ့်ကိုကိုယ် ထိန်းကျောင်း မောင်းနှင်နိုင်စွမ်းအားနည်းနေလို့ပဲ ဆိုရမှာပါပဲ။
.
နေ့စဉ် လေ့လာရမယ့် အချိန်ကိုမပေးဖြစ်တော့တာ၊ အောင်မြင်သည်အထိ အားမထုတ်တော့ပဲ ပျင်းလာတာ၊ ကောက်ရိုးမီးလို ခဏတာသာ စိတ်အားထက်သန်တာ၊ စသည်တို့ကြောင့် မအောင်မြင်ပဲ လမ်းတစ်ဝက်မှာတင် လက်လျော့ကုန်ကြတာပါပဲ။ ဥပမာ Social Influencer တစ်ဦးဖြစ်ဖို့ နေ့စဉ်ကောင်းမွန်တဲ့ စာတစ်ပုဒ် ရေးပြီးတင်နိုင်ရင် နှစ် အနည်းငယ်အတွင်းဖြစ်နိုင်ပေမယ့် နေ့စဉ် စာရေးဖို့ အချိန်မပေးနိုင်တာ၊ မေ့သွားတာ၊ မလုပ်ဖြစ်တော့တာ၊ စတဲ့ အချက်တွေနဲ့ပဲ အတော်များများဟာ ဖြစ်လာလေ့ မရှိကြတာပါပဲ။
.
.
Self-Discipline ဆိုတာ…
.
Self-Discipline ဆိုတာကတော့ မိမိလိုချင်တဲ့ အောင်မြင်မှု ပန်းတိုင်ကို ရဖို့အတွက် ဘာတွေလုပ်ရမယ်ဆိုတာ ကို ရှင်းရှင်းလင်းလင်းသိရှိနေပြီး အဲဒီပန်းတိုင်ကို ရဖို့ ဘာတွေလုပ်ဖို့ လိုမယ် ဘယ်လိုလုပ်မယ်ဆိုတာကို အခြားသူတစ်ဦးဦးက လာရောက်ပြောဆိုတိုက်တွန်းနေစရာမလိုပဲ ကိုယ်တိုင် စည်းကမ်းလိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
.
နောက်တစ်ခါ Self-Discipline ဆိုတာ ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘယ်လို အခြေအနေမျိုး ဖြစ်နေသည်ဖြစ်စေ လုပ်ရမယ့်အလုပ်ကို သတ်မှတ် အရည်အသွေးအတိုင်း ပြီးမြောက်အောင်ဆောင်ရွက်ပြီး နေ့စဉ်သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ကိုယ့်ကိုကိုယ့် ပန်းတိုင်နဲ့ ပိုပိုနီးလာအောင် တွန်းပို့နိုင်စေခြင်းပဲဖြစ်ပါတယ်။
.
.
ကျွန်တော့် အတွေ့အကြုံတွေ..
.
သင်္ဘောသားဘဝကနေ ကုန်းပေါ်ပြန်တက်ပြီး company မှာ အလုပ်ဝင်တဲ့အခါ လစာ တစ်သိန်းလေးသောင်းနဲ့ စတင်ရပါတယ်။ အဲဒီအချိန်မှာ ဝင်ငွေ အပိုလေးတွေ ဝင်အောင် အရင်ဆုံး ငွေစုဖို့ကြိုးစားရပါတယ်။ ငွေပမာဏ ငါးသိန်းစုလို့ ပြည့်တာနဲ့ အလုပ်တစ်ခုခု ထပ်လုပ်မယ်လို့ ဆုံးဖြတ်ချက် ချထားတာပါပဲ။ ဒီအတွက် ကိုယ့်ကိုကိုယ် စည်းကမ်းတွေ အများအပြား ချမှတ်ထားရပါတယ်။ အဲဒီစည်းကမ်းတွေထဲက တစ်ခုဆိုရင် ညစာကို တစ်ထောင်ဖိုးထက် ပိုမစားဘူးဆိုတဲ့ စည်းကမ်းလဲပါပါတယ်။ အလုပ်ကဝေးတော့ အိမ်ပြန်နောက်ကျတဲ့အခါ အပြင်မှာပဲ ဝယ်စားရာကနေ ငွေအကုန်အကျများတာကြောင့် ဝယ်စားမယ်ဆိုရင် တစ်ထောင်ဖိုးထက် ပိုမကုန်စေရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ကာ ငွေပိုစုနိုင်ဖို့ လုပ်ဆောင်ရတာပါပဲ။
.
.
Company ဝန်ထမ်းဘဝ အစက Trainee ပညာသင်အနေနဲ့ စတင်တာ ဖြစ်ပါတယ်။အလုပ်စဝင် ကထဲက ရည်မှန်းချက်အနေနဲ့ နောက်လေးနှစ်မှာ မန်နေဂျာရာထူး ရရမယ်လို့ ဆုံးဖြတ်ချက်ချထားလိုက်ပါတယ်။ ဒီအတွက် မန်နေဂျာ ဖြစ်ဖို့ဆိုရင် ဘာအရည်အချင်းတွေ လိုအပ်မလဲဆိုတာကို ပြန်ပြီး သုံးသပ်ရှာဖွေပါတယ်။ သိလာတဲ့အခါမှာ ဒီအရည်အချင်းတွေ ပြည့်စေဖို့အတွက် အားလပ်ရက် စနေ တနင်္ဂနွေမှာ Management Certificate တန်းကနေ ဒီပလိုမာ တန်းတွေအထိ ဖြစ်အောင်တက်ရောက်ခဲ့ပြီး ကြားရက် ညနေပိုင်း ရုံးဆင်းချိန်တွေမှာလည်း အဂ်လိပ်စာ ကောင်းအောင် သင်တန်းတွေ ဆက်တက်ခဲ့ရပါသေးတယ်။ သင်တန်းတွေက သင်ခန်းစာတွေနဲ့ အလုပ်မှာ လေ့လာရတာတွေကိုပါ ကြေညက်အောင် တစ်ရက်ကို ပြန်လေ့လာချိန် တစ်နာရီ သတ်မှတ်ပြီး မအိပ်ခင်အထိ အချိန်လု လုပ်ဆောင်ရတာပါပဲ။
.
လက်ရှိအချိန်ထိလည်း ကျွန်တော်လိုချင်ရောက်ချင်နေတဲ့ ပန်းတိုင်တွေ ဆက်တိုက်ချမှတ် ထားနေပြီး အဲဒါတွေကို ရောက်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို သတ်မှတ်ထားပြီး လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဥပမာ ကျွန်တော့်ရဲ့ Kaung Hein Soe – Strategic Page မှာ အနည်းဆုံး နှစ်ရက်ကို ပိုစ့်တစ်ခု မျှဝေမယ်၊ ညတိုင်း တစ်နာရီစာ စာဖတ်မယ် လေ့လာမယ်၊ နှစ်ရက်တစ်ခါ စာတစ်ပုဒ် သို့မဟုတ် မျှဝေမှု ဗီဒီယိုတစ်ခု ရိုက်မယ်၊ ရင်းနှီးမြုပ်နှံမှု အပိုင်းမှာလဲ ပမာဏတစ်ခုရောက်တိုင်း investment တစ်ခုလုပ်ဖို့ သတ်မှတ်ထားပြီး လစဉ်ငွေဘယ်လောက် ရအောင်စုမယ် ဆိုတဲ့ စည်းမျဉ်းကလဲ ရှိနေစဲဖြစ်ပါတယ်။
.
.
Self-Discipline ဘယ်လိုရအောင်လုပ်မလဲ..
.
၁။ ပန်းတိုင်တစ်ခု ရှိဖို့လိုပါတယ်။
အရင်ဦးဆုံးကတော့ ကိုယ်တကယ်ဖြစ်ချင်နေတဲ့ ပန်းတိုင်တစ်ခုကို သတ်မှတ် ဖော်ဆောင်ဖို့လိုပါတယ်။ ဘယ်လို နေရာမျိုးကို ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုပုံစံ မျိုးနဲ့ရောက်ချင်တာလဲပေါ့။ Goal သတ်မှတ်တဲ့ Tool ဖြစ်တဲ့ SMART (Specific, Measurable, Achievable, Realistic, Timeframe) ကိုလည်း အသုံးပြုလို့ရပါတယ်။ ဥပမာ နောက်သုံးနှစ်မှာ ဟာသနဲ့ ဖျော်ဖြေမှုနယ်ပယ်မှာ subscriber တစ်သိန်းရှိတဲ့ Youtuber တစ်ဦး ဖြစ်ရမယ် ဆိုတာမျိုးပါပဲ။
.
၂။ ဘာတွေလုပ်ရမှာလဲ..
.
အဲဒီ ပန်းတိုင်ကိုရောက်ဖို့အတွက် ဘယ်အချိန်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ရမလဲဆိုတာတွေ ကိုသတ်မှတ် ဖို့လိုပါတယ်။ ဥပမာ နောက်သုံးနှစ်မှာ Subscriber တစ်သိန်းနဲ့ Youtuber ဖြစ်ဖို့အတွက် ပထမနှစ်မှာ ဘယ်နှစ်ဦးရအောင် ဘယ်လို Content တွေသုံးပြီး ဆောင်ရွက်မယ်ဆိုတာမျိုးပါပဲ။ ဒါ့အပြင် နောက်သုံးနှစ်မှာ ဒါတွေရချင်ရင် ပထမနှစ်မှာ ဘာတွေရရမယ် ဒုတိယနှစ်မှာ ဘာတွေတော့ရနေပြီး ဖြစ်ရမယ် စသည်ဖြင့် အလုပ်အကြီးကြီးကို အလုပ်သေးသေးလေးတွေ အဖြစ်ပြန်ခွဲလိုက်တာပါပဲ။ အဲဒီကနေ တစ်ဆင့် ဒီလမှာ ဘာလုပ်ရမယ် ၊ ဒီတစ်ပတ်ဘာလုပ်ရမယ်ဆိုတဲ့ အသေးလေးတွေထိ ပြန်ခွဲထုတ်ဖို့ပါပဲ။
.
၃။ စည်းကမ်းတွေ ချဖို့လိုပါတယ်။
.
အထက်က ပန်းတိုင်ကိုရဖို့ တစ်ရက်ကို Video content တစ်ခု ဖန်တီးရမယ် ၊ တစ်နေ့ကို Video ရိုက်နည်းနဲ့ Editing လုပ်နည်းကိုတစ်နာရီ အမြဲလေ့လာမယ် စတဲ့ စည်းကမ်းချက်တွေ ချမှတ်ပြီး လိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်။ အဓိက ကတော့ တကယ် Result ကိုရစေမယ့် ထိရောက်တဲ့ စည်းကမ်းတွေ ချမှတ်ပြီး အဲဒီအတိုင်းလိုက်နာဆောင်ရွက်ဖို့ပါပဲ။
.
၄။ Emotion ကိုဖယ်ပြီး Consistent ဖြစ်ရမယ်။
.
စစချင်း ကျွန်တော့် Page မှာ စာရေးဖို့ကို ပုံမှန် အလုပ်တစ်ခုအဖြစ် ကျင့်ယူလို့မရခဲ့ပါဘူး။ အရင်က စာရေးတယ်ဆိုတာ စိတ်ပါမှ တစ်နည်းအားဖြင့် စျာန်ဝင်မှ ရေးလို့ရခဲ့တာဖြစ်ပါတယ်။ အထက်ကလို စည်းကမ်း တစ်ခုအနေနဲ့ နှစ်ရက်ကို မျှဝေမှုတစ်ခု ရေးရမယ်လဲဆိုတော့ စစချင်းမှာ စိတ်မပါတာ၊ ပျင်းနေတာ၊ ခဏ အိပ်ပြီးမှရေးမယ်ကွာ ဆိုပြီး အိပ်ပျော်သွားတာ၊ စတာတွေနဲ့ အတော်လေး အဆင်မပြေဖြစ်ရပါတယ်။ ဒီလို emotion တွေ ဖြစ်နေပြီး စိတ်ပါမှ အလုပ်လုပ်မယ်ဆိုရင် အဲဒီနယ်ပယ်မှာ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်တော့ပါဘူး။ ဒီအတွက် စိတ်ပါပါ မပါပါ အချိန်ကျတာနဲ့ အလုပ်စားပွဲမှာ ထိုင်ပြီး စာတစ်ပုဒ်တော့ မဖြစ်မနေ ရေးသားခြင်းကို စတင်ခဲ့တာပါပဲ အဲဒီကနေအကျင့်ရသွားတဲ့အခါ စာရေးသားခြင်းဟာ စိတ်ပါတာ မပါတာမဖြစ်တော့ပဲ နေ့စဉ်ပုံမှန် အလေ့အထတစ်ခုအဖြစ်ကို ရရှိသွားပါတော့တယ်။
.
၅။ စိတ်အားတက် စရာလေးတွေ ရှာကြည့်ပါ။
.
နေ့စဉ် စည်းကမ်းတွေအတိုင်း လုပ်နေရဖို့ဆိုတာ တကယ်တော့မလွယ်ပါဘူး ဒီအတွက် လုပ်နေတဲ့ အလုပ်တွေထဲကပဲ ကိုယ့်ကို motivate ဖြစ်စေမယ့် အရာလေးတွေ ရှာဖွေအားတင်းဖို့လိုပါတယ်။ကျွန်တော် စာစသင်တုန်းကဆိုရင် သင်တန်းသားတွေက ပြန်ပေးတဲ့. Feedback လေးတွေဟာ အရမ်းစိတ်အားတက်ရပါတယ်။ ဆရာ စာသင်တာကောင်းတယ် နားလည်တယ် ဥပမာတွေရှင်းတယ် လက်တွေ့ကျတယ် စတဲ့ Feedback လေးတွေ ရရင်သိပ်ကိုပျော်ရပါတယ်။ စာရေးရင်လဲဒီလိုပါပဲ။ နောက်ပိုင်းကျတော့ စာသင်ပြီးတိုင်းမှာ Feedback form လေးနဲ့ စနစ်တကျ တောင်းယူဖြစ်ပါတယ်။ ဒါလေးတွေကို ဖတ်ရှုရင်း ဒီအလုပ်ကို ဆက်လုပ်ဖြစ်စေတဲ့ အားတွေရလာပါတော့တယ်။
.
ဒီလိုပါပဲ ပန်းတိုင်းကိုသွားနေတဲ့ လမ်းတစ်လျှောက် စိတ်ပင်ပန်းစရာတွေထဲကမှ ကိုယ့်ကိုပျော်စေမယ့် အချက်လေးတွေကို ရှာဖွေတတ်ဖို့လိုပါတယ်။ ဒါမှသာ စည်းကမ်းတွေကို ကောင်းကောင်းတောင့်ခံ ဆက်လုပ်နိုင်မှာပါပဲ။
.
၆။ ဘယ်လောက်တိုးတက်လာသလဲ သုံးသပ်ပါ။
.
ဒီလိုပုံမှန်လုပ်လာရင်းနဲ့ ကိုယ် ဘယ်လောက်တိုးတက်လာတယ် ခရီးပေါက်လာတယ်ဆိုတာကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ကြိုးစားအားထုတ်မှုကို အသေအချာပြန်မြင်ပြီး ဘာတွေပိုလုပ်ရမယ် ပိုကြိုးစားရမယ် ဆိုတာကို သိမှာဖြစ်သလို အောင်မြင်တိုးတက်လာမှုတွေ အတွက်လဲ အားဖြစ်စေမှာ ဖြစ်ပါတယ်။
.
.
မိမိ လိုချင်တဲ့ ပန်းတိုင်ကို ရဖို့ဆိုတာ လမ်းကြောင်းလွဲချော်မသွားပဲ တစ်နေ့ထက် တစ်နေ့ ပန်းတိုင်နဲ့ ပိုပိုပြီး နီးကပ်လာစေမယ့် အလုပ်တွေကို နည်းနည်းဖြစ်စေ များများ တတ်နိုင်သလောက်ဖြစ်စေ ပြီးစီးအောင်ဆောင်ရွက်ဖို့ပါပဲ။ ဒီလိုဖြစ်စေဖို့ကတော့ အခြားသူတစ်ဦးက လာရောက် ပြောဆိုတိုက်တွန်း ပေးနေမှာ မဟုတ်လို့ မိမိကိုယ်ကိုကိုယ်သာ ထိန်းချုပ်မောင်းနှင်ရမှာ ဖြစ်ပါတယ် ။ ဒီအတွက် အောင်မြင်မှုကို ရဖို့ဆိုရင် Self-Discipline ရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျား။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်းတဲ့အခက်အခဲတွေကိုလွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant
Keep Reading