Kaung Hein Soe - Strategic

အစာလဲဆေး ဆေးလဲအစာ ဆိုပေမယ့် အခန့်မသင့်ရင် အစာအဆိပ်သင့်တာ၊ ဝမ်းလျှောတာမျိုးဖြစ်တတ်တာပါပဲ။ ဒါကြောင့် ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းလေးတစ်ခု ထူထောင်မယ်ဆိုပြီး သေချာ မစီစဉ် မစဉ်းစားပဲ အခွင့်ကြုံတာ အလျဉ်းသင့်တာ တစ်ခုခုကို အလွယ်စလုပ်မိလိုက်တဲ့ အခါ အဆိပ်သင့်သလို ဖြစ်စဉ်မျိုးတွေ ဖြစ်တတ်ပါသေးတယ်။ ဒီနေ့တော့ ဘယ်လို လုပ်ငန်းမျိုးတွေဆို မလုပ်သင့်ဘူး ဆိုတာကို မျှဝေချင်ပါတယ်။
(1) ကိုယ့်ရဲ့ အပြုအမူကောင်းတွေကို ပျက်စီးစေတဲ့ လုပ်ငန်း
ဝန်ထမ်း ဘဝတုန်းက လစဉ် ဘယ်ရက်မှာ လစာ ဘယ်လောက် ဝင်မယ် ဆိုတာကို သေချာ သိရှိထားတော့ ဘယ်နေ့ထိ ကိုယ်ဘယ်လောက် ဘာတွေ သုံးမယ် ဆိုတာကို Financial Planning လုပ်လို့ရပါတယ်။ ကိုယ်ပိုင် လုပ်ငန်း တချို့က နေ့စဉ် Daily Income ဝင်နေတာမျိုး မဟုတ်ဘဲ တစ်လ နှစ်လနေမှ အလုံးအခဲ တစ်ကြိမ် နှစ်ကြိမ် ဝင်တာမျိုး ရှိပါတယ်။ ဒီအခါ ဝင်တော့လည်း ပမာဏများတော့ ငွေ စွတ်သုံးမိ၊ မဝင်တဲ့ ကာလမှာ စားဖို့တောင် အနိုင်နိုင်ဖြစ်ကာ ငွေစုခြင်းလို့ အလေ့အကျင့်တွေပါ ပျက်ကုန်တတ်ပါတယ်။
(2) လူကို ပျက်စီးစေတဲ့ လုပ်ငန်း
ကျွန်တော် သင်္ဘောသား ဖြစ်ဖို့ ရေကြောင်းတက်နေတုန်း စာသင်ခန်းမှာပဲ ဆရာက သင်္ဘောသားတွေဟာ ဘာကြောင့် လစာ မျေရသလဲလို့ မေးပါရော။ နောက်တော့ ဆရာကပဲ အဖြေ ပြန်ထုတ်ပေးပါတယ်။ စွန့်လွှတ်ခြင်းနဲ့ အသက် သေနိုင်ခြင်းတို့အတွက်လို့ ဆိုပါရော။ အိမ်နဲ့ ဝေးရတယ် ၊ ချစ်သူတွေခွဲရတယ်၊ လူသားဆန်မှုတွေကို စွန့်လွှတ်ရပါတယ်။ ပိုဆိုးတာက အသက်ပါ။ အသိ သင်္ဘောသား တစ်ဦးဟာ တစ်နှစ်ပဲ သင်္ဘောလိုက်ရသေးတယ် ကျောက်ကပ်တစ်ဖက် အလုပ်မလုပ်တော့ဘူးလို့ ကြားရဖူးပါတယ်။ နေ့စဉ် Chemical ဓာတုပစ္စည်းတေကို ထိတွေ့ ရှုရှိုက်နေရတဲ့အခါ ကိုယ်တွင်း ကလီစာတွေ ထိကုန်ပါတယ်။
နေ့စဉ် ဘိလပ်မြေမှုန့်တွေ ရှူနေရတာ၊ ပင်ပန်းလွန်းပြီး ကျန်းမာရေး ထိခိုက်စေတာမျိုး နေ့စဉ်ရှိတဲ့ လုပ်ငန်းတွေ ကို ကျွန်တော်ကတော့ အားမပေးချင်ပါဘူး။
(3) လူကို အကျဉ်းသား ဖြစ်စေတဲ့လုပ်ငန်း
ထောင်ကျတယ်ဆိုတာ ပတ်ဝန်းကျင်တစ်ခုထဲ အခန်းကျဉ်းလေးထဲမှာပဲ ဘဝ အဖိုးတန် အချိန်တွေကို အနှစ်သာရ မရှိ ကုန်ဆုံးစေတာပါပဲ။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကလည်း လူတစ်ယောက် အတွက် ကျလို့ကျမှန်း သတိမထားမိတဲ့ ထောင်တစ်ခု ဖြစ်နေတတ်ပါတယ်။
မနက်စောစောဆိုင်ဖွင့် ပစ္စည်းတွေ ကိုယ်တိုင်ဝယ် ကိုယ်တိုင်ရောင်း အလုပ်သမားတွေနဲ့ချာလည် ရိုက်ရင်း ဟော… ဆယ်စုနှစ်တစ်ခု ကုန်သွားပါရော။
(4) လူကို အညွှန့်တုံးစေတဲ့လုပ်ငန်း
အရက်ဆိုင်ဖွင့်ရင် အရက်ထုတ်ရင် အရက် မြည်းစမ်းသောက်ကြည့်မိတာပါပဲ။ ဒီကနေ တဖြည်းဖြည်း အရက်ကို သောက်လာ စွဲလာပြီး လူညွှန့်တုံးတာမျိုးပါပဲ။ လောင်းကစား မူးယစ်ဆေးဝါး စတဲ့လုပ်ငန်းများဟာ နှစ်ဖက်သွားဓား လို့ နှစ်ဖက်လုံးကို ထိခိုက်စေတာပါ။
(5) ငွေကုန်စေတဲ့ လုပ်ငန်း
လုပ်ငန်းသဘောအရ ချိတ်ဆက်ရမယ့် Customer တွေ အထင်အမြင် မသေးအောင် အဖိုးတန် အဝတ်အစားတွေ ဝယ်ရ၊ မော်တော်ကား ငှါးရ၊ ဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဧည့်ခံရနဲ့ လုပ်ငန်းငယ်ငယ်မှာ အမြတ်ဝေဝေမဖြစ်သေးခင် ပက်လက်လန်ရတတ်ပါတယ်။
(6) အချိန်ကို တိုက်စားတဲ့ လုပ်ငန်း
ငွေတော့ ရနေပါတယ် ဒါပေမယ့် နှစ်ချီသာ အချိန်ကုန်သွားတယ် ပညာလည်း တိုးမလာ အတွေ့အကြုံကလည်း ဒါကဒါ အပေါင်းအသင်း network ကလဲ မရှိဆိုရင် သေချာ ပြန်စဉ်းစားသင့်ပါတယ်။
(7) အခြားသူများကို ပျက်စီးစေတဲ့လုပ်ငန်း
အခု ခေတ်စားတဲ့ ကျားဖြန့်လိုမျိုးအပြင် မြတ်စွာ ဘုရားရှင်ဟောကြားတဲ့ သမာအာဇီဝ မဟုတ်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ အသက်သက်ပေးရတဲ့ ၊ အရက်ရောင်း လက်နက်ရောင်း အဆိပ်ရောင်းသူများ မျက်ရည်ပေါက် ကြီးငယ်ကျမှ ငွေရလာတဲ့ စတဲ့ လုပ်ငန်းများကိုလဲ ရှောင်ကျဉ်သင့်ပါကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲများကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်
Kaung Hein Soe - Strategic Serial Investor
Keep Reading