Kaung Hein Soe - Strategic

ချမ်းသာကြွယ်ဝဖို့အတွက် မိမိ လက်ရှိ လုပ်ကိုင်နေတဲ့ အပြုအမူတွေက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် အပြုအမူတစ်ခုခု ပြုလုပ်လိုက်ပြီဆိုတာနဲ့ အဲဒါနဲ့ နောက်ဆက်တွဲ သက်ဆိုင်ရာ. ရလဒ် Result က ဆက်တိုက် ကပ်လျက် ထွက်ပေါ်လာမှာ ဖြစ်လို့ပါပဲ။ ရလဒ် Result ဆိုတာကတော့ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း စတာတွေပါပဲ။ ကျွန်တော်တို့ဟာ ရလဒ်တွေကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုရင် ရလဒ်တွေကို တိုက်ရိုက်သွားပြီး ပြုပြင်ပြောင်းလဲလို့ မရနိုင်ပါဘူး။ သူ့ကို ဖြစ်စေတဲ့ ၊ တစ်နည်းအားဖြင့် အကျိုးကိုဖြစ်စေတဲ့ အကြောင်းကို ပြင်မှ မလိုချင်တာကိုပြောင်းနိုင်မှာပါပဲ။ ဆိုတော့ ရလဒ်ရဲ့ရှေ့မှာ အပြုအမူတွေ ရှိပါတယ်။ ဒါဆို အပြုအမူတွေကို ပြင်ဆင်နိုင်မလား မေးစရာဖြစ်လာပြန်ပါတယ်။
ငွေကြေးဆိုင်ရာ အပြုအမူ နည်းနည်းလေး မတူတာနဲ့ ရလဒ်တွေ ကွာခြားသွားနိုင်တာကတော့ အမှန်ပါပဲ။ ဥပမာ မောင်ဇော်နဲ့ မောင်ကျော်တို့နှစ်ဦးဟာ အရည်အချင်းတူ လစာဝင်ငွေတူ ကြိုးစားတာချင်းလဲတူကြတယ်ဆိုပါစို့။ သို့သော် မောင်ဇော့်မှာ လစဉ် ငွေစုတတ်တဲ့ အလေ့အကျင့် အပြုအမူရှိနေပြီး မောင်ကျော်မှာတော့ မရှိပါဘူး။ ဒီလို နဲ့ သူတို့နှစ်ဦးစလုံးဟာ မိဘ ကျန်းမာရေးချို့တဲ့လို့ ဆေးရုံတက်ရတဲ့ အခြေအနေကို ကြုံလိုက်ရပြီး လစာ သုံးလစာလောက် ကုန်ကျစရိတ်တွေ ကျသင့်သွားပါတယ်။ မောင်ဇော်ဟာ ငွေစုတဲ့ အလေ့အကျင့်ရှိလို့ စုငွေပမာဏ တစ်ခု ရှိနေပြီး ဒီအခြေအနေကို အလွယ်တကူ ကျော်ဖြတ်နိုင်လိုက်ပါတယ်။
ဒါပေမယ့် မောင်ကျော်ကတော့ အတိုး ပမာဏတစ်ခုနဲ့ ငွေချေးယူလိုက်ရကာ အကြွေးတင်သွားပါတော့တယ်။ ဒီနောက်တော့ မော်ဇော်က စုငွေလေးရှိနေလို့ အခြေမပျက်တာကို သတိပြုရင်း ငွေပိုစုကာ ပိုကြိုးစားပါတော့တယ်။ မော်ကျော်မှာတော့ အတိုးကပေးရ ၊အကြွေးက ပူနဲ့ ဖိအားတွေများကာ အစစ နောက်ကျ ကုန်ပါတော့တယ်။ တကယ်လို့ မောင်ဇော်လည်း အကြွေးတင်မယ်ဆိုရင် စုငွေက ပမာဏ တစ်ခုခံသာမှာဖြစ်ပြီး ငွေစုတဲ့ အလေ့ရှိနေလို့ အကြွေးကိုလည်း လစဉ် ဖဲ့ဆပ်နေနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြုအမူလေး တစ်ခုက ဘ၀ တစ်ခုလုံးကို ကွာခြားသွားစေနိုင်ပါတယ်။
ဆိုတော့ အပြုအမူကိုပြောင်းလဲရင် ရလဒ်တွေ ပြောင်းမယ်ပေါ့။ ဖော်မြူလာက
Behavior = Related Results လို့တွေ့ရပါမယ်။ ရလဒ်ကနေ စိတ်ဓာတ်ကျတာ၊ တက်တာ ဖြစ်ပြီး ဘဝပြောင်းလဲနိုင်လေတော့ Behavior = Related Results = Related Motivation Level လို့ပြောရမှာပါပဲ။
တကယ်တော့ အပြုအမူ Behavior and action တွေ ဆိုတာ လုပ်ဆောင်ချက်တွေ ဖြစ်နေပါသေးတယ်။
အပြုအမူကို အတင်းပြင်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ခက်ခဲပါတယ်။ ဥပမာ ခွေးကလေး ကြောင်ကလေးတွေကို အပြစ်ပေးတာ၊ ဆုပေးတာ စသဖြင့် လုပ်စေချင်တဲ့ အပြုအမူကို လုပ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်လုပ်ရတယ်ကို နားမလည်တဲ့အခါ ဆုပေး ဒဏ်ပေးစနစ်ရှိနေတုန်းမှာပဲ အလုပ်ဖြစ်ပြီး ရေရှည်မှာနေမြဲ အခြေအနေကို ပြန်ရောက်သွားတတ်ပါတယ်။ ဆိုတော့ အပြုအမူတွေကို ဆုပေး ဒဏ်ပေး စနစ်နဲ့ ရေတိုသာ ပြင်လို့ရမယ် ဆိုပါစို့။
ဒါဆိုရင် အပြုအမူတွေက ဘာကြောင့်ဖြစ်လာသလဲ။
လူတွေရဲ့ စိတ်ခံစားချက် Feelings, Emotions စတာတွေ ကြောင့် ဖြစ်လာပါတယ်။ ဝမ်းနည်းလာရင် ငိုလိုက်မယ်၊ ဒေါသထွက်လာရင် ထထိုးမယ်၊ ပျော်ရွှင်တဲ့အခါ ကခုန်တယ် စသဖြင့် လူတွေကို ခံစားချက်တွေက မောင်းနှင်နေတာပါပဲ။ ဒီအခါမှာ ဖော်မြူလာက..
Feeling(Emotions) + Behaviors (Action) = Related Results = Related Motivation
လို့ဖြစ်လာပါတယ်။
တကယ်တော့ စိတ်ခံစားချက်တွေ ဘာကြောင့် ဖြစ်ပေါ်ရသလဲ။ ဖြစ်ရပ်တစ်ခုခုကို ကြုံတွေ့လိုက်ရတဲ့အခါ ဒီဖြစ်ရပ်ဟာ ကိုယ့်အပေါ် ကောင်းတာလား ဆိုးတာလားလို့ ယူဆတဲ့အလိုက် စိတ်ခံစားချက်ကဖြစ်ပေါ်လာရတာပါပဲ။ ဥပမာ မိုးရွာတာကို ကြုံလိုက်ရတဲ့ မနက်ခင်းတစ်ခုကို တစ်ဦးက ဟာ..အတော်ဆိုးတဲ့ မိုး. ရုံးသွားတာ ဗွက်တွေ ရွှံ့တွေနဲ့ စိတ်ညစ်လိုက်တာလို့ တွေးနိုင်သလို၊ နောက်တစ်ဦးက ကောင်းလိုက်တာ၊ သစ်ရွက်လေးတွေ စိမ်း၊ မြေသင်းနံ့လေးနဲ့… စိတ်ကြည်နူးလိုက်တာလို့ တွေးနိုင်တာပါပဲ။ ဒါဟာ မိမိခံယူချက်ပေါ် ပဲ မူတည်ပါတယ်။
ကမ္ဘာကြီးမှာ ဖြစ်ရပ် Events တွေဟာ ရေအလျင်လို နာရီ မိနစ်အလိုက် လူတွေကို တူညီတဲ့ ထိတွေ့ မှုတွေ ပေးနေတာပါပဲ။ ဒါကို ခံယူလိုက်တဲ့ လူအပေါ်မူတည်ပြီး စိတ်ခံစားချက်တွေ ဖြစ်ပါရော။ ဥပမာ ထပ်ပေးရရင် အမြန်လမ်းမကြီးမှာ ကားတစ်စီး မီးလောင်တယ်ဆိုတဲ့ သတင်းကို လူတွေ ဖတ်ရှုကြတဲ့အခါ ပထမတစ်ဦးက ကားပွဲစားဖြစ်လေတော့ မီးလောင်တဲ့ ကားအမျိုးအစားကို မဝယ်ဘဲ ရှောင်ရမယ် တော်သေးတယ် မဝယ်ထားမိလို့လို့တွေးပါတယ်။ နောက် ကားပွဲစားတစ်ဦးကတော့ ဒိုးခပဲ .. မနေ့ကမှ ဝယ်လိုက်တဲ့ ကားတံဆိပ်က ဒီလို သတင်းကြီး တက်တော့ ငါတော့ ရှုံးပါပြီဆိုပြီး စိတ်ညစ်နေမယ်၊ မနက်ဖြန် အမြန်လမ်းသွားမယ့် ခရီးသည်က ဟာ… ငါစီးမယ့် ကားက စိတ်ရောချရရဲ့လားလို့ အတွေး ဖြစ်မယ်။ စသဖြင့် လူတွေဟာ ဖြစ်ရပ်ကို မိမိ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲ ခံစားကြပါတယ်။ ဒါကို အတွေးတွေလို့ သတ်မှတ်လိုက်ကြတာပေါ့။
Events = Though + Emotions (Feeling) + Behavior (Action) = Related Result = Related Motivation လို့ အစဉ် အတိုင်းတွေ့ရမှာပါပဲ။ ဒါကြောင့်လူတွေဟာ မိမိတွေးမိတဲ့ အတိုင်းသာ ပြုမူလုပ်ဆောင် ချက်တွေ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် စိတ်ပညာ ဆရာတွေက သင်ဘာကို လက်ခံယုံကြည်ထားသလဲ သင်လက်ခံယုံကြည်ထားတာဟာ သင့်အတွက် အမှန်ဖြစ်လာမှာပါပဲလို့ ဆိုကြလေ့ရှိတာပါပဲ။
ဒီနေရာမှာ Hidden Part လေး တစ်ခုရှိပါသေးတယ်။ အတွေးတွေဟာ လူကို ချုပ်ကိုင်ဖန်တီးနေတာပါပဲ။ ဒါပေမယ့် ဒီအတွေးရဲ့ အနိမ့်အမြင့် Level အပိုင်းအခြားကိုလည်း ထည့်တွက်ဖို့လိုပါသေးတယ်။ ငွေကြေးဆိုင်ရာ အတွေးကိုပဲ မှန်ကန်စွာ တွေးတာခြင်းအတူတူ မတူညီတဲ့ Level ပေါ်မူတည်ပြီး အတွေးက ကွာခြားသွားပြန်ပါရော ။ ဥပမာ မြစ်ကူးတံတားကြီး အသစ် စတင်ဆောက်လုပ်တဲ့အခါ ငွေရှာဖို့ပဲ တွေးကြသူတွေ တစ်ဦးအနက်က၊ တံတားကြီးပြီးရင် မြစ်ကို ကူးတို့လုပ်ပေးနေတဲ့ ဇက်တွေ လှေတွေ အလုပ်ရှိတော့မှာ မဟုတ်ဘူး ဒါဆိုရင် ဈေးပေါပေါနဲ့ ငါဖြတ်ဝယ်ပြီး တခြား ဘယ်နေရာမှာ သုံးလိုက်မယ်လို့ တွေးနေပါရော။
နောက်တစ်ယောက်ကျတော့ တံတားကြီး ပြီးတာနဲ့ ဘယ်လမ်း ဘယ်နေရာက လူအစည်ဆုံး ဖြစ်သွားမယ် အဲဒီနေရာမှာ ဆိုင်ခန်းရအောင်ငှားပြီး ဘာ ပစ္စည်းဆိုင်ဖွင့်လိုက်ရင်တော့ ငွေတွေဝင်ရောပဲလို့တွေးမယ်၊ တံတားကြီးပြီးလို့ ကူးသန်းတာတွေ များလာတဲ့ အခြား လူတွေ အခြေချနေထိုင်မှုလဲ များလာပြီး ဘယ်နေရာက မြေတွေကတော့ ဈေးတက်မယ်၊ ဒါကြောင့် အခု ကြိုဝယ်ထားမယ်လို့ တွေးသူလဲ ရှိပါတယ်။ ဒါက တွေးသူရဲ့ Level ပေါ်မူတည်ပါတယ်။
နောက်တစ်ခါ Limiting Beliefs တွေက အတွေးတွေရဲ့ အရည်အသွေး Quality ကို ဆွဲချတတ်ပါသေးတယ်။ ကိုယ်က အတွေး အခေါ်ကောင်းကောင်းတစ်ခု အရင်ရပေမယ့် ငါ့အနေနဲ့ဆို မလုပ်နိုင်လောက်ပါဘူးကွာလို့ ပြန်တွေးပြီး သူများလုပ်သွား ကောင်းစားသွားတာကို ထိုင်ကြည့်နေကြသူတွေလည်း အများအပြား ရှိနေပါတယ်။ မြေကျယ်ကျယ် ဧက လိုက်ကိုတွေ့တဲ့အခါ လယ်သမားက လယ်စိုက်လိုက်ရလို့ တွေးသလို၊ Construction လုပ်ငန်းရှင်က အိမ်ရာ ဝင်ကြီးဆောက်ရောင်းလိုက်ရလို့ တွေးမှာပါပဲ။
တစ်ခါက အင်မတန် ဆင်းရဲတဲ့ သူတောင်းစား တစ်ဦးကို သနားလွန်းတာနဲ့ နတ်မင်းကြီးတစ်ပါးက ကယ်မဖို့ လူယောင် ဖန်တီးကာ စကားအချို့ မေးပါရော။ အဓိက က သူတောင်းစား ဘ၀ကနေ ကျွတ်လွတ်ဖို့ သူ့ကို ငွေပမာဏ ဘယ်လောက်များ ကယ်မရမလဲ ဖန်ဆင်းပေးရမလဲ ဆိုတာ နတ်မင်းက သိချင်တာပါပဲ။
ဒါနဲ့ သူတောင်းစားကို ဒီမယ် အမောင် …မင်း ခုနေများ ငွေတစ်သိန်းရရင် ဘာလုပ်မလဲကွယ် ဆိုတော့ သကောင့်သားက.. ဟာ ဘယ်နှယ့်ပြောပါလိမ့်ဗျာ… ပိုတောင်းလို့ကောင်းအောင် ပတ်တီးအတု သွေးအတု ဒဏ်ရာ အတုတွေ သွားဝယ်ပြင်လိုက်ပြီး ပြန်တောင်းစားမှာပေါ့လို့ ဖြေသတဲ့။
နတ်မင်းလဲ အင်း တစ်သိန်းက နည်းသေးတာကိုးလို့တွေးပြီး ဆယ်သိန်းရရင်ရောကွာလို့ မေးပြန်သတဲ့။ သကောင့်သားကလဲ.. အားရဝမ်းသာ ဟာ ဒါဆိုလို့ကတော့ ဟော ဟိုမှတ်တိုင် တစ်တိုင်စီ အကွာက သူတောင်းစား နှစ်ယောက်ကို တစ်ယောက် ငါးသိန်းပေး မောင်းထုတ်ပြီး သူတို့ နေရာကိုပါ ကျွန်တော် အပိုင်ယူ တောင်းစားမယ်ဗျာ ဝင်ငွေကတော့ နှစ်ဆတိုးမှာပဲတဲ့။ နတ်မင်းလဲ နည်းနည်းတော့ဘူတာပေါ့။
ကဲ … အများဆုံး သိန်းတစ်ထောင် ရမယ်ဆိုရင်ရောလို့ မေးပြန်ပါရော။။ သူတောင်စားက ထခုန် မတတ် ဝမ်းသာသွားပြီး ဟာ…ဒါဆိုရင်တော့ ဒီလို ဘယ်တောင်းစားတော့မလဲဗျာ….. နတ်မင်းလဲ …အေး..အဲဒီလို လုပ်ပါ.. လို့ တွေးတုန်း သူတောင်းစား ဆက်ဖြေလိုက်တဲ့ စကားကြောင့် နတ်ပြည်ပြန်တက်သွားတာ လူပြည့်ကို ပြန်မလာတော့ပါဘူးတဲ့။ သူတောင်းစားက..ဟာ…ဒါဆိုရင်တော့ ဒီလို ဘယ်တောင်းစားတော့မလဲဗျာ… ကား အကောင်းစား တစ်စီဝယ်ပြီး ရန်ကုန်တစ်မြို့လုံးက လူအစည်ဆုံး နေရာတွေကို အချိန်ကိုက် လိုက်ပတ်ပြီး တောင်းစားတော့မှာပေါ့…တဲ့..။ အေးရော။
ဒါကြောင့် ငွေကြေးချမ်းသာ ကြွယ်ဝချင်ရင် အထက်က ဥပမာတွေကို သေချာတွေးပြီး ဘယ်လို အတွေးအခေါ်ရှိသင့်တယ်။ ဘယ်လိုအပြုအမူတွေက ချမ်းသာစေတယ်၊ ဘယ်လိုအယူအဆတွေ ထားမယ်ဆိုတာ သေချာ လေ့လာသုံးသပ်ဖို့ လိုအပ်ပါကြောင်း ပြောလိုတာပါပဲ။
လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Serial Investor
Keep Reading