Kaung Hein Soe - Strategic

ဒီတစ်ခါမှာလဲ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့လာတဲ့ ဟာသလေးတစ်ခုကို ပြန်လည်ဖြေရှင်းလိုတာ ဖြစ်ပါတယ်။ စိတ်ကူးကောင်းကောင်းနဲ့ ဟာသလေးက အတော်လေးရယ် ရပါတယ်။ နိုင်ငံကသာ အဆင်းရဲဆုံးဖြစ်နေတာ လမ်းလျှောက်လို့ ပုခုံးချင်းတိုက်မိရင် Management သင်တန်းဆင်းတွေချည်းပဲ ဆိုတာလေးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကွမ်းယာသည် ကို Management အကြောင်းတွေ သွားပြောရင် ဘာမှ သုံးလို့မရလို့တုတ်နဲ့ လိုက်ရိုက်လိမ့်မယ် ဆိုတာလေးလဲ တွေ့ရပါတယ်။ ဒီတော့ ဒီဟာသလေးတွေဟာ မှားလို့လားလို့မေးရင် တော့ လုံးလုံးမှားတယ်လို့လဲ ဆိုလို့မရနိုင်ပြန်ပါဘူး။ ခေတ်ကာလ အခြေအနေတွေက ဒီလိုဖြစ်ဖို့ တွန်းအားပေးနေတာလဲပါပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုအကြောင်းတွေကို သိတာနဲ့ မသိတာ ဘယ်ဟာပိုကောင်းလဲ ဆိုရင်တော့ သိထားတတ်ထားတာက ပိုကောင်းပါတယ်။ အဓိက က အသုံးချတတ်တာနဲ့အသုံးမချတတ်တာပဲ ကွာခြားပါတယ်။
.
တချို့မိရိုးဖလာလုပ်ငန်းရှင်တွေကတာ့ စီမံခန့်ခွဲမှု သင်တန်းတွေ မတက်ဖူးဘဲ အဆင်ပြေအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိနေကြတာလဲရှိပါတယ်။ ဒါကကျတော့ အလုပ်က သင်ပေးသွားတဲ့သဘောဖြစ်ပါတယ်။ တကယ်တော့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သီအိုရီတွေဆိုတာဟာလဲ လက်တွေ့တွေကို လေ့လာပြီးမှ ထွက်ပေါ်လာရတာဖြစ်တဲ့အတွက် သိလဲသိထားမယ် လက်တွေ့နဲ့အသုံးချတတ်မယ်ဆိုရင် ထိရောက်မှာပါပဲ။ အထက်က ပြောတဲ့ သီအိုရီတွေကို သိပြီး လက်တွေ့မှာ သုံးလို့မရပါဘူးကွာလို့ ဆိုသူဟာ သူသိထားတာကို လက်တွေ့နဲ့ကိုက်အောင် ဘယ်လို ပြုပြင်အသုံးချရမလဲဆိုတာကို မတွေးတတ်တဲ့သူပဲ ဖြစ်ပါလိမ့်မယ်။
.
ရန်ကုန်မြို့ထဲက နာမည်ကြီး ဘုရားတစ်ဆူရဲ့ဝန်းထဲမှာ ကွမ်းယာဆိုင်လေး တစ်ဆိုင် ဖွင့်လာပါတယ်။ တစ်ဆိုင်ထဲလဲရှိတာရယ် ဆက်ဆံရေးလဲ ကောင်းတာရယ်ကြောင့် အတော်လေး ရောင်းရပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်း မလှမ်းမကမ်းမှာ ပြိုင်ဖက်အဖြစ် နောက်ထပ် ကွမ်းယာဆိုင်လေး တစ်ဆိုင် လာဖွင့်ပါတော့တယ်။ တစ်နည်းအားဖြင့် ဆိုရရင် BCG matrix အရ market growth ဖြစ်လာနိုင်တဲ့အတွက် Competitor ပေါ်လာတဲ့ အခြေအနေဖြစ်ပါတယ်။
.
ဒါပေမယ့် ကာလ အတော်ကြာလာတဲ့အထိ ဒုတိယဆိုင်ဟာ ပထမဆိုင်လောက် ရောင်းအား မကောင်းဘဲ ဖြစ်နေပါတယ်။ ပထမဆိုင်လို ဆက်ဆံရေး ကောင်းတာအပြင် သူက အကြွေးပါပေးတာ သာပေမယ့် ပထမဆိုင်က ပန်း ပန် နေစဲဆိုတာကို အားမလိုအားမရဖြစ်လာပါသတဲ့။ ဒီအခြေအနေကတော့ ပြိုင်ဖက်ထက်သာအောင် အကြွေးပေးခြင်း ဆိုတဲ့ Competitive Advantages ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက် တစ်ခုကို လုပ်ငန်းမှာ တပ်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘာကြောင့် ဆိုတာကို သူက စုံစမ်းပါတော့တယ်။
.
တကယ်တမ်းကျတော့ ပထမ ကွမ်းယာသည်ဟာ ကွမ်းစားသူတွေနဲ့အဓိက ရပ်တည်နေတာ မဟုတ်ဘူးဆိုတာကို သွားတွေ့ရပါတယ်။ ထူးဆန်းပါသည်ကော..ကွမ်းယာသည်ဟာ ကွမ်းစားတဲ့ သူတွေကြောင့် မရပ်တည်ရင် ဘယ်သူ့ကြောင့်များဖြစ်မှာပါလိမ့်။ တကယ်ပါပဲ. သူ့ဆီမှာ ကွမ်းယာ လာဝယ်သူတွေဟာ ကွမ်းစားသူတွေထက် ဘုရားပွဲ နတ်ပွဲ ဘိုးဘိုးပွဲတွေ ကပ်တဲ့အခါမှာ သုံးရတဲ့ ပွဲတော်ဆက် ကွမ်းတွေက ပိုရောင်းနေရတာဖြစ်ပါတယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက်ထက် မိမိက Customer segment တစ်ခု ပိုမို သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ပြီး ဒါဟာ ပထမ ကွမ်းယာသည်ရဲ့competitive advantages ယှဉ်ပြိုင်မှုဆိုင်ရာ အားသာချက်ဖြစ်နေပါတော့တယ်။
.
ဒီတော့မှ ဒုတိယ ကွမ်းယာသည်ကလဲ ပွဲတော်ဆက်ကွမ်း၊ ကတော့ပုံစံ ရှည်ရှည်လေးတွေ ဖြစ်အောင် ဘယ်လို ယာ ရတယ် ဘာတွေထည့်ရတယ်ဆိုတာကို လိုက်လံလေ့လာပြီး ယတြာချေသူတွေ ပွဲဆက်သူတွေကို market ချဲ့ဖို့ကြိုးစားပါတော့တယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက်နဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့ Resource အသစ်တွေ ထပ်မံ ဖြည့်တင်းတဲ့ သဘောဖြစ်ပါတယ်။
.
ဒါပေမယ့် ရန်သူရဲ့ခြေလှမ်းကို အမြဲ စောင့်ကြည့်နေတဲ့ ပထမ ကွမ်းယာသည်ကလဲ ဒီအတိုင်းတော့ ငြိမ်ခံမနေပါဘူး။ သူက ဘုရားဝန်းအတွင်းမှာရှိတဲ့ ကန်တော့ပွဲတွေ အများဆုံးထိုးရတဲ့ ဗေဒင်ဆရာဆီကို သွားပြီး ချိတ်ဆက်လိုက်ပါတယ်။ လိုအပ်သမျှ ကန်တော့ပွဲတွေအတွက် ထည့်စရာအစုံနဲ့ကွမ်းယာတွေကို ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ကြိုက်တဲ့ အချိန် ကြိုက်တဲ့ အရေအတွက်ရအောင် လုပ်ပေးဖို့ပဲဖြစ်ပါတယ်။ ဒီအခြေအနေကတော့ ပြိုင်ဖက် ရဲ့ထိုးနှက်မှုကြောင့် ဈေးကွက်ရှယ်ယာ မဆုံးရှုံးအောင် Strategic Partner တွေ ရှာဖွေပြီး ပူးပေါင်းလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ Value added လုပ်တဲ့ သဘောလဲ ဖြစ်ပါတယ်။
.
အထက်က အကြောင်းတွေကတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တကယ်မြင်ရတဲ့ ကွမ်းယာသည်တွေရဲ့ စီးပွားရေးစစ်ပွဲအကြောင်းကို သီအိုရီနဲ့ချိတ်ဆက်ပြတာပဲဖြစ်ပါတယ်။ တကယ်လို့ဒီကွမ်းယာသည်တွေသာ စီမံခန့်ခွဲမှုနဲ့ စီးပွားရေးအကြောင်းတွေကို တတ်မြောက် နားလည်ထားမယ်ဆိုရင် ဒီထက်ပိုပြင်းထန်တဲ့ ပိုပြီးပြောင်မြောက်တဲ့ စစ်ပွဲတွေကိုတောင် ကြည့်ရှုရပါလိမ့်မယ်။
.
ပြင်ပက တခြားကွမ်းယာသည်တွေတောင်မှ customer segment and target customer ယူပုံတွေ မတူကြပါဘူး။ တချို့က ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာတွေကို အဓိက ဦးတည်တယ်…တချို့က အကြွေးစနစ်နဲ့…တစ်ချို့ကလဲ အပြောချိုချို အပျိုချောနဲ့…တစ်ချို့က အကောင်းဆုံးထုံးနဲ့…တစ်ချို့က ကွမ်းရွက် ဆေး အကောင်းစားနဲ့စတဲ့ မဟာဗျူဟာတွေကို သုံးကြတာ မြင်နိုင်ပါတယ်။ တစ်ခါ ပွဲဈေးတန်းတွေက ကွမ်းယာသည်တွေကတော့ လူငယ်နဲ့မိန်းကလေးတွေ စမ်းစားဖို့အတွက် အသီးယိုမျိုးစုံပါတဲ့ ကွမ်းယာချိုတွေနဲ့အဓိက စီးပွားရှာကြပါတယ်။
.
ဒီထက်ပိုပြီး စီးပွားရေးနဲ့ စီမံခန့်ခွဲမှုတွေ အကြောင်းကို သူတို့သိလာရင်တော့ ကွမ်းယာကို ကမ္ဘာကျော်အောင် ရောင်းချနိုင်ပါလိမ့်မယ်။
.
India နိုင်ငံမှာတော့ ကွမ်းယာကို ချက်ချင်းယာပြီး အရွက်ထဲမီးရှို့ကာ စားမည့်သူပါးစပ်ထဲ တစ်ခါထဲထည့်ပေးပြီး ရောင်းတဲ့ ကွမ်းယာသည်ဟာ လူတိုးမပေါက်အောင် တန်းစီစောင့်ရပြီး ကမ္ဘာကျော် တီဗီရုပ်သံတွေထဲတောင် ပါဝင်လာပါတယ်။
.
ထိုင်ဝမ်မှာတော့ Betel Nut Beauties ဆိုပြီး ခမ်းခမ်းနားနား ဆိုင်ကြီးမှာ 2 pieces သာ ဝတ်ထားပြီး ကွမ်းယာရောင်းတဲ့ လုပ်ငန်းဟာလည်း အထက်ကလို ကမ္ဘာကျော် ကွမ်းယာဆိုင်တွေထဲကို ပါဝင်လာပါတယ်။
.
အခြားနိုင်ငံတွေမှာတော့ ကွမ်းယာထဲကို ချိစ်ထည့်လိပ်ပြီး ဟိုတယ်ကြီးတွေကို အချို ပွဲ Dessert အနေနဲ့တောင် သွင်းကာ အလုပ်ဖြစ်နေကြတာတွေလဲ အများကြီး ရှိလာပါတယ်။
.
အချုပ်အားဖြင့် ဆိုရရင်တော့ စီးပွားရေး နဲ့စီမံခန့်ခွဲမှု ပညာတွေကို မတတ် မသိတာထက်စာရင်တော့ သိထားတတ်ထားတာက အများကြီး အားသာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စာအသိတင်မဟုတ်ဘဲ သီအိုရီတွေကို မိမိ ပတ်ဝန်းကျင်က အဖြစ်အပျက်လေးတွေ နဲ့ယှဉ်ထိုး သုံးသပ်ကာ လက်တွေ့ပြန် အသုံးချဖို့လိုအပ်ပါတယ်။
.
ကဲ…ဒီလောက်ဆိုရင်တော့ ဆိုလိုရင်းအဓိပ္ဗာယ်ကို သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ ဒါဆိုရင် ကွမ်းယာ သည်တွေ စီးပွားရေး နဲ့စီမံခန့်ခွဲမှု ပညာတွေ တတ်ဖို့ လို. မလိုကို အငြင်းပွားမယ့်သူတော့ မရှိလောက်တော့ဘူး ထင်ပါရဲ့ဗျား။
.
.
Kaung Hein Soe - Strategic
Serial Investor
Keep Reading