Author's Profile Photo

Kaung Hein Soe - Strategic

21/02/2026

စီးပွားရေး တစ်ခု စလုပ်တော့မယ် ဆိုရင် (သို့မဟုတ်) Operating methods for a start up

4 mins read
စီးပွားရေး တစ်ခု စလုပ်တော့မယ် ဆိုရင် (သို့မဟုတ်) Operating methods for a start up's photo

မင်္ဂလာပါခင်ဗျား။ ကျွန်တော့်အနေနဲ့အခုတလော Motivation နဲ့ဝန်ထမ်းအကြောင်းတွေပဲ စာရေးဖြစ်တာ များနေတော့ ဒီတစ်ခါမှာတော့ စီးပွားရေး အကြောင်းကို ပြန်ရေးလိုက်ပါတယ်ဗျ။ ဒီဖက်ခေတ်မှာ ဝန်ထမ်းအဖြစ် သက်မွေးကြသူတွေလဲရှိသလို ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေ လုပ်နေကြတဲ့သူ၊ လုပ်ချင်ကြတဲ့သူများလဲ ရှိတာကို တွေ့ရပါတယ်။ တချို့ကျတော့လည်း ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း တစ်ဖက်က တစ်နိုင်အလုပ်ကလေးတွေ စထားကြတာကိုလဲ တွေ့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်တော့မယ် ဆိုရင် ဘယ်လို Product or service နဲ့ ဘယ် customer ရဲ့ ဘာ Needs and Wants ကို ဖြည့်ဆည်းမယ်ဆိုတာကို အရင်ဆုံး စဉ်းစားတွက်ချက်ရပါတယ်။ ဒီလို စဉ်းစားဆုံးဖြတ်ပြီးရင်တော့ ဒုတိယအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လို ပုံစံနဲ့ လည်ပတ်မယ်ဆိုတဲ့ Operation Methods ကို စဉ်းစားဖို့လိုအပ်ပါတော့တယ်။ ဆိုလိုတာကတော့ ဘယ်လိုနေရာမှာ ဆိုင်ဖွင့်မလဲ ဘယ်လို လည်ပတ်မလဲဆိုတာမျိုးဖြစ်ပြီး အဲဒီရွေးချယ်မှုက ဘယ်လို ကောင်းကျိုးဆိုးကျိုးလေးတွေ ရှိမယ်ဆိုတာရယ် ဘယ်လည်ပတ်ပုံက ကိုယ့် product သဘာ၀နဲ့ အဆင်ပြေမယ် ဆိုတာရယ်တွေကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။
.
အဓိက ကတော့ ကိုယ့်ရဲ့လုပ်ငန်း အခြေအနေရယ် Product nature ရယ်ကို ကြည့်ကာ ဘယ်လိုပုံစံမျိုး လုပ်ရမယ်ဆိုတာကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ operating method ဟာ လုပ်ငန်းအတွက် ဝန်ထမ်းစရိတ် ပြီးရင် ဒုတိယမြောက် ကုန်ကျစရိတ်အများဆုံး expense လဲ ဖြစ်တဲ့အတွက် မိမိ စီးပွားရေး အခြေအနေနဲ့ ကိုက်ညီမှ သာ လုပ်ငန်းအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်မယ်ဆိုတိုင်း ဆိုင်တစ်ဆိုင် ဖွင့်မှ ရမယ်ဆိုတဲ့ ကာလမျိုးဟာလည်း ဒီဖက်ခေတ်မှာ မရှိတော့ပါဘူး။
.
ဒီတော့ ကိုယ့်လုပ်ငန်းကို ဘယ်လို Run မလည်းလို့စဉ်းစားမယ်ဆိုရင် အလွယ်အားဖြင့် သုံးခုရှိပါတယ်။ ဒါတွေ ကတော့
.
(1) မရွေ့မပြောင်းနိုင်တဲ့ ဆိုင်ခန်း သို့မဟုတ် လုပ်ငန်းနေရာ တစ်ခုဖြင့် Run ခြင်း
(2) ရွေ့ပြောင်းနိုင်သောဆိုင် mobile business အဖြစ် စတင်ခြင်း
(3) အိမ်ကနေ စတင်လုပ်ဆောင်ခြင်း
တို့ပဲဖြစ်ပါတယ်။
.
(1) ဆိုင်ခန်းဖွင့်ခြင်း
ဆိုင်ခန်း တစ်ခန်း ရှိခြင်းရဲ့အကောင်းဆုံး အကျိုးကတော့ customer တွေ အလွယ်တကူ ဝင်ရောက်လေ့လာ ကြည့်ရှု စမ်းသပ်နိုင်တာဖြစ်ပြီး သူတို့ရဲ့ယုံကြည်စိတ်ချမှုကိုလဲ ရနိုင်ပါတယ်။ တစ်နည်းအားဖြင့် မြင်သာ ထင်သာ တဲ့ လုပ်ငန်းတစ်ခုအဖြစ် ယုံကြည်မှုကို ရနိုင်ပါတယ်။
.
နောက်တစ်ချက်ကတော့ ဒီဖက်ခေတ်အတွက် အလိုအပ်ဆုံးဖြစ်တဲ့ မိမိ Brand အကြောင်းကို customer တွေ အလွယ်တကူ သိစေဖို့အတွက်လဲ လွယ်ကူပါတယ်။ အနည်းဆုံးတော့ ရပ်ကွက်ထဲက လူတွေက ဖြတ်သွားဖြတ် လာလုပ်ရင်း ဆိုင်နဲ့ဆိုင်းဘုတ်ကို တွေ့နေကာ မိမိဆီကနေ ဘာ product or service တွေ ရနိုင်တယ်ဆိုတာ ကြော်ငြာပြီးသားဖြစ်နိုင်ပါတယ်။
.
နောက်တစ်ချက်ကတော့ ဆိုင်ခန်းတစ်ခန်း အနေနဲ့ဖွင့်ထားတဲ့အတွက် မိမိရဲ့အဓိက ရောင်းကုန်အပြင် အခြားသော အပိုဝင်ငွေ လမ်းလေးတွေ လဲရနိုင်ပါတယ်။ ဥပမာ ဒီနေ့ခေတ်မှာဆိုရင် လူသုံးများတဲ့ Wave money လို service မျိုး ထပ်ထားတာ ၊ ဖုန်းဘေ တွဲရောင်းတာ၊ ခရီးသွား ကားလက်မှတ်တွေပါ တွဲရောင်းတာ စတဲ့ အပို ဝင်ငွေ ရနိုင်မှုလေးတွေ ရှိပါတယ်။ ကိုယ်နောက်ထပ် တင်ရောင်းချင်တာလေးတွေလဲ တင်လို့ရနိုင်ပါတယ်။
.
နောက်ထပ် တစ်ချက်ကတော့ company ကြီးတွေ လက်ကား ဆိုင်ကြီးတွေ ရဲ့ယုံကြည်မှုကို ပိုရနိုင်ပြီး ကိုယ်စားလှယ်နဲ့လက်ကား အခွင့်အရေးတွေ ပိုရနိုင်ပါတယ်။ ဥပမာ ဆိုင်ပိုင်ရှိတဲ့အတွက် တစ်ချို့လက်ကားတွေ က ကုန်တွေကို လပေးထားပေး နိုင်တာမျိုးတွေ ရနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဆီက ဆိုင်းဘုတ်လို ဗီနိုင်းလို sponser တွေ ပါရနိုင်ပါသေးတယ်။
.
ဆိုးကျိုး အနေနဲ့ ဆိုင်ခန်းတစ်ခု ဖွင့်မယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာကတော့ ကိုယ်ပိုင်ဆိုင်ခန်းလား၊ ငှားရမ်းမှာ လားဆိုတာဖြစ်ပါတယ်။ ငှားရမ်းပြီးမှ ဖွင့်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ကုန်ကျစရိတ်တွေ တက်လာနိုင်မှာ ဖြစ်ပြီး ကိုယ့် လုပ်ငန်းရဲ့ တစ်လရောင်းရမှုမှ အသားတင်အမြတ်ငွေက ဆိုင်ခန်းငှားခထက် ဘယ်လောက် ကျော်နိုင်သလဲ ဆိုတာ သေချာဖို့လိုအပ်ပါတယ်။
.
နောက်တစ်ခုကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ ခွင့်ပြချက်နဲ့ လစဉ်ကြေးတွေ ကုန်ကျနိုင်ပါတယ်။ ဥပမာ စည်ပင် အခွန်အခနဲ့ ဆိုင်းဘုတ်ခလိုမျိုး ကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။
.
နောက်တစ်ချက်ကတော့ ဆိုင်ခန်းအဖြစ် ဖွင့်မယ် ကိုယ့်ကုန်ပစ္စည်းကလဲ လူတွေ သိဖို့brand awareness ရနေ ဖို့လိုအပ်တဲ့ အနေအထားဆိုရင် ဆိုင်ခန်းဖွင့်မှ ရမှာဖြစ်ပေမယ့် အငှားအဖြစ်ဖွင့်ပြီး တစ်နှစ်တစ်ခါလောက် ဆိုင် နေရာ ပြောင်းနေမယ် ဆိုရင်လဲ မလွယ်ပါဘူး။ ဆိုင်ခန်း နေရာပြောင်းလိုက်တာ နဲ့customer လျော့ကျတာ အနည်းနဲ့အများတော့ ရှိလေ့ရှိပါတယ်။
.
(2) Mobile Business
.
ကိုယ့်လုပ်ငန်းကို ရွေလျားလုပ်ငန်းအနေနဲ့လည်း လုပ်လို့ရနိုင်ပါသေးတယ်။ ဒါကတော့ လူတိုင်း မြင်တွေ့နေကျ ဘာဂါကားလေးတွေလို၊ ကြက်ကြော် အအေးကားလေးတွေလို ဖြစ်ပါတယ်။
.
သူရဲ့အားသာချက်ကတော့ ဆိုင်နေရာကို အလွယ်တကူ ရွေ့ပြောင်းနေနိုင်တဲ့အတွက် တစ်နေ့တာလုံး လူစည်ကားတဲ့ နေရာတွေကို လိုက်လံ ရောင်းချနိုင်ပါတယ်။
.
ဆိုင်းဘုတ်နဲ့ လှည့်လည်သွားလာနေတဲ့အတွက် အလိုလို မြို့ပတ်ကြော်ငြာတဲ့ အနေအထားမျိုးလဲ ရှိနိုင်ပါတယ်။
.
ဒါ့အပြင်ဆိုင်ခန်းကြီးတစ်ခု ဖွင့်တာလောက်လဲ ကုန်ကျစရိတ်မများသလို အထက်က ဆိုင်ခန်းရဲ့အားသာချက်တွေကိုပါ ယူသုံးလို့ရနိုင်ပါသေးတယ်။
.
နောက်တစ်ချက်ကတော့ customer တွေအတွက်လဲ ပိုမို အဆင်ပြေလွယ်ကူစေတာမျိုးဖြစ်စေပါတယ်။ customer order တွေကို အိမ်တိုင်ရာရောက် သို့မဟုတ် customer နဲ့အနီးဆုံး နေရာအထိ ပို့ပေးနိုင်တာမျိုး ဖြစ်ပါတယ်။
.
အခြားနိုင်ငံ အချို့က ဘာဂါ ဗင်ကားလေးတွေဆိုရင် အစားအသောက်ပါ လူစည်ကားရာမှာ ရောင်းချတဲ့အပြင် deliver service မျိုးကိုပါ တွဲလုပ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။
.
သူရဲ့ဆိုးကျိုးလေးတွေကတော့ လှည့်လည်သွားလာမှာဖြစ်တဲ့အတွက် အနည်းဆုံး ကားလေး တစ်စီးတော့ လိုအပ်ပါတယ်။ ဒါ့အပြင် ကားနဲ့လှည့်လည်ရမယ့် ကုန်ကျစရိတ်တွေ ဆီဖိုးတွေကိုလဲ ထည့်သွင်းတွက်ချက်နိုင်ဖို့လိုအပ်ပါတယ်။ နေရာ အတည်တကျမရှိဘဲ ဒီအတိုင်း လှည့်လည်ရောင်းချနေမယ်ဆိုရင်တော့ Loyal customer ရတာလဲနည်းနိုင်တာမျိုး အခြေအနေရှိပါတယ်။
.
ဒါ့အပြင် လှည့်လည်ရောင်းချတာဖြစ်တဲ့အတွက် နေရာကောင်း မရတာမျိုး လူတွေ သတိထားမိနည်းတာမျိုးတွေ ရှိနိုင်ပါတယ်။
.
.
(3) အိမ်ကနေ စလုပ်ကြမယ်
.
အိမ်ကနေ လုပ်မယ်ဆိုတဲ့အပိုင်းမှာ နှစ်မျိုးထပ်ပြီး ကွဲပါသေးတယ်။ ရိုးရိုး သာမာန်အိမ်မှာ တစ်နိုင်လုပ်တဲ့ အလုပ်မျိုးနဲ့ online အသုံးပြုပြီး online ငွေချေစနစ်နဲ့ လုပ်တဲ့စီးပွားရေးမျိုးပါ။ ပထမ တစ်ခုကတော့ ဥပမာပေးရရင် အထည်ချုပ်ဆိုင်ကြီးတွေကနေ ကိုယ်က အထည်ပြန်ယူပြီး လက်ခနဲ့ပြန်ချုပ်ပေးတာမျိုး ဖြစ်ပါတယ်။
.
ဒီပထမ တစ်မျိုးကတော့ ကုန်ကျစရိတ်အသက်သာဆုံး ဖြစ်ကာ စလုပ်ဖို့လဲ လွယ်ကူပါတယ်။ ဒါပေမယ့် ဆိုးကျိုး ကတော့ ကိုယ့်လက်ရာဘယ်လောက်ကောင်းကောင်း ကိုယ့်ကို လူမသိတော့ဘဲ ပင်ရင်းဆိုင်ကသာ နာမည်ထွက်တာမျိုး ဖြစ်နိုင်သလို customer တွေကလဲ ကိုယ့်ကို ရှာဖွေတွေ့ဖို့မလွယ်ပါဘူး။
.
အွန်လိုင်းကနေ လုပ်တဲ့စီးပွားရေးတွေကတော့ customer တွေ နဲ့တိုက်ရိုက်ထိတွေ့နိုင်မယ့် သူတို့အကြိုက်ကို အလွယ် သိနိုင်ကာ တစ်နိုင်ငံလုံးကိုလဲ ဖြန့်ဝေနိုင်တဲ့အားသာ ချက်တွေလဲရှိပါတယ်။ ဒါ့အပြင် ကုန်ကျစရိတ်လဲ အသက်သာဆုံးပဲ ဖြစ်ပါတယ်။
.
အထက်က ပြောခဲ့တာတွေကတော့ operating method ၃ ခုပဲဖြစ်ပြီး ဒီသုံးခုလုံးကို ရောသမမွှေကာ အားသာ ချက်တွေအကုန်လုံးကို ရယူနိုင်အောင် လဲ လုပ်လို့ရနိုင်ပါတယ်။ အနည်းဆုံးတော့ ဒီဖက်ခေတ်မှာ ဆိုင်ခန်း ဖွင့်ထားရင်း onine ကနေ ငွေပေးချေတာ ကြော်ငြာတာတွေကိုပါ ပူးတွဲ လုပ်နေကြပြီဖြစ်ပါတယ်။
.
ဘယ်နည်းလမ်းက အကောင်းဆုံး ဆိုတာရယ်မရှိဘဲ မိမိ လုပ်ငန်းရဲ့သဘောသဘာ၀ အခြေအနေရယ် မိမိရဲ့ ရင်းနှီးနိုင်စွမ်းရယ်ကို မူတည်ကာ ရွေးချယ်အသုံးချကြဖို့ပဲ ဖြစ်ပါကြောင်းမျှဝေလိုက်ရပါတယ်။
.
.
Kaung Hein Soe. - Strategic
Business Consultant

Keep Reading