Kaung Hein Soe - Strategic

စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် Investment ပဲဖြစ်ဖြစ် လုပ်ဆောင်ကြသူတိုင်းမှာ မဆုံးရှုံးဖူးတဲ့ သူဆိုတာမရှိပါဘူး။ ဒီလိုပဲ အကြိမ်တိုင်း လုပ်တိုင်း အောင်မြင်နေတယ်ဆိုတာမျိုးလဲ မရှိတတ်ပါဘူး။ ဆုံးရှုံးမှုတွေကနေ ပြန်ထရင်း၊ အတွေ့အကြုံ ရင့်ကျက်လာကာ တဖြည်းဖြည်း အမြတ်ရတဲ့ အလုပ်တွေက များလာတတ်တာ သဘာ၀ပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ Investor အနေနဲ့ ပထမဆုံး နှစ်တွေရဲ့ အလုပ် ၁၀ ခုမှာ လေးငါးခုက ဆုံးရှုံးတာပါပဲ။ ဒါပေမယ့်ဒီ နောက်ပိုင်း နှစ်တွေမှာတော့ ဆယ်ခုမှာ ဆယ်ခုလုံးနီးပါး မမြတ်တောင် ဆိုးဝါးတဲ့ ဆုံးရှုံးမှုတွေ မရှိတော့တာကိုတွေ့ရပါတယ်။ ဆုံးရှုံးမှုကို ကြုံကိုကြုံမယ်ဆိုပေမယ့် ပမာဏနည်းနည်းနဲ့ သင်ခန်းစာရတာက ပိုကောင်းပါတယ်။ တချို့ကျတော့လဲ လုပ်တိုင်း လုပ်တိုင်း ဆုံးရှုံးမှုတွေ ချည်းပဲကြုံနေရတာလဲ တွေ့ရပါတယ်။ ဒီနေ့မှာတော့ Investment တစ်ခုခု Business တစ်ခုခုလုပ်လို့ အမြဲပဲ ဆုံးရှုံးနေတယ်ဆိုရင် ကိုယ့်ကိုကိုယ် ဘယ်အချက်လေးတွေ ပြန်စစ်ဆေးကြည့်ဖို့လိုကြောင်းမျှဝေပေးချင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အောက်ကအချက်တွေ ရှိနေရင် အမြဲ ဆုံးရှုံးနေဖို့ များတယ်လို့ ဆိုလိုတာပါပဲ။
.
.
(၁) လောဘကြီးတာ…
.
ဒါကတော့ Investment မှာဆုံးရှုံးတာအပြင် ငွေကြေး လိမ်လည်ခံရတာတွေရဲ့ အဓိကတရားခံ ဖြစ်လေ့ရှိပါတယ်။ များပြားတဲ့ အမြတ်အစွန်းကို ကြားလိုက်ရတဲ့အခါမှာ လိုချင်တပ်မက်တဲ့ စိတ်က များသွားပြီး ဘာကြောင့် ဒီလောက် အမြတ်ပေးနေနိုင်တာလဲကို မဆန်းစစ်နိုင်တော့ဘဲ ဆုံးရှုံးမှုတွေ ကြုံရတော့တာဖြစ်ပါတယ်။ တကယ်တော့ Investment ရဲ့ သဘော သဘာဝမှာ အရင်းအနှီး ပမာဏ များလေလေ ပြန်ရချက်က နည်းသွားလေလေ ဆိုတာကိုသဘောပေါက်ဖို့လိုပါတယ်။ ဥပမာ ငွေတစ်ရာ့ငါးဆယ်နဲ့ ဈေးထဲမှာ ကြက်ဥတစ်လုံးဝယ် ၊ ပြုတ်ပြီး ဆားထုပ်လေးနဲ့ တွဲကာ ကြက်ဥပြုတ်ဆိုပြီး တစ်ထုပ်ကို သုံးရာလောက်နဲ့ ရောင်းလို့ ရနိုင်ပါတယ်။ ဒါဆိုရင် အရင်း ၁၅၀ ရောင်းတာက ၃၀၀ ဆိုတော့ ၁၀၀% အမြတ် ရတာဖြစ်ပါတယ်။ ဒါပေမယ့် ငွေတစ်သိန်းကို ၁၀၀% ဆ နဲ့မြတ်ဖို့ကျ မလွယ်တော့ပါဘူး။ ဒီလိုပဲ သိန်း ၁၀၀ ကို တစ်လ ၅၀% လောက်မြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ဖြစ်သွား ပြန်ပါတယ်။ တစ်ခါ သိန်းတစ်သောင်းလောက်ကို တစ်လ ၃% လောက်ကိုက်ဖို့ဆိုတာ ပိုပြီး ခက်ခဲသွားတတ်ပြန်ပါတော့တယ်။ ချွင်းချက်အနေနဲ့ လုပ်ငန်း အချို့ကလွဲလို့ လုပ်ငန်းကြီးလေလေ Overhead cost တွေ များလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းကြီးကလဲ အကြီးကြီး လည်ပတ်ငွေတွေကလဲ မနည်းပဲ တစ်လကို အမြတ် ၁၀%အထက်လောက်တွေ ရမယ်လို့ဆိုလာရင် ဒါဟာ သေချာ စစ်ဆေးဖို့လိုအပ်လာတာပါပဲ။
.
.
(၂) အယုံလွယ်တာ…
.
သာမာန်လူတစ်ယောက်က ကိုယ့်ကို လာပြီး ရော့..ဒီဆေးသောက် ကျန်းမာရေးအတွက်ကောင်း တယ်ဆိုရင် ယုံချင်မှယုံပါလိမ့်မယ်။ ဒါပေမယ့် နားကြပ် လည်ပင်းမှာလွယ် ဂျူတီကုတ်အဖြူဝတ်ထားသူ တစ်ဦးက ရော့..ဒီဆေးခင်ဗျားသောက်မှရမယ်လို့ ပြောရင်တော့ လူတိုင်း သောက်မိကြပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးပညာနယ်ပယ်မှာ ကျန်းမာရေးနယ်ပယ်မှာ ကျွမ်းကျင်နားလည်သူ ဖြစ်တဲ့ ဆရာဝန်တစ်ဦးက ပြောတာလို့ ယုံကြည်ယူဆလိုက်လို့ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းက သူဟာ ဆရာဝန်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ဒါပေမယ့် လူအများစုက ဝတ်ထားတဲ့ ဂျူတီကုတ်နဲ့ နားကြပ်ကြောင့် ဆရာဝန်လို့ တန်းယုံသွားတာပါပဲ။
.
ဒီလိုပါပဲ ရုံးခန်းကြီး လှလှပပရှိမယ်၊ စကားလုံး အကြီးကြီးတွေ ကမ္ဘာနဲ့ချီပြောမယ်၊ ကုတ်အင်္ကျီကြီးတွေ ပြောင်ပြောင်လက်လက် ဝတ်ထားမယ်၊ လက်ဝတ်ရတနာတွေ ဆင်မြန်းထားမယ် စတဲ့ အချက်တွေဟာ လူအများစုကို အယုံလွယ်သွားစေပါတယ်။ လုပ်ငန်းမှာအောင်မြင်နေသူတွေ၊ ငွေကြေးပိုင်း ယုံကြည်စိတ်ချရသူတွေလို့ အထင်ရောက်သွားစေပါတယ်။ ဒီလို အပေါ်ယံအချက်တွေနဲ့တင် ယုံကြည်မိရင်တော့ ဆုံးရှုံးမှုတွေ ကြုံရတတ်ပါတယ်။
.
.
(၃) လုပ်ငန်းအကြောင်း၊ Business Model အကြောင်း နားမလည်တာ..
.
တကယ်တော့ Investor တိုင်းသာ သူတို့ ရင်းနှီးမြုပ်နှံမယ့် အလုပ်အကြောင်း လုပ်ငန်းအကြောင်းကို အစအဆုံး အခြေခံကစပြီး အသေးစိတ် နားလည်ဖို့ မလိုအပ်ပါဘူး။ ဥပမာ ကိုယ်က မြန်မာပြည်ကနေ ဥရောပကို သွားဖို့ လေယာဉ်စီးရမယ်ဆိုပါစို့။ လေယာဉ်စီးရမယ်ဆိုတိုင်း လေယာဉ်ကို မောင်းတတ်ဖို့၊ ပြုပြင်ထိန်းသိမ်းပြင်ဆင်တတ်ဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် လေယာဉ်လက်မှတ် ဘယ်လိုဝယ်ပြီး လေယာဉ်ပေါ်အချိန်မီရောက်အောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကတော့ သိရပါတယ်။ ဒီလိုပါပဲ ရင်းနှီးလိုက်မယ့် လုပ်ငန်းအကြောင်းကို အခြေခံက အစ သိဖို့မလိုပေမယ့် ငွေက ဘယ်လိုဝင်နေတာလဲ၊ Financial အခြေအနေက ဘယ်လိုဖြစ်နေလဲ၊ Business Performance က ကောင်းသလား ညံ့သလား၊ Business Model က တကယ်အလုပ်ဖြစ်နေတာလား ဆိုတာတွေလောက်ကိုတော့ သုံးသပ်တတ်ဖို့လိုပါတယ်။
.
.
(၄) အများကလုပ်လို့ ….
.
လူဆိုတာ အသိုင်းအဝန်းရဲ့ဖိအားကို တွန်းလှန်ဖို့က အတော်လေးခက်ခဲတတ်ပါတယ်။ တစ်ခါတစ်လေမှာ မိတ်ဆွေ သူငယ်ချင်းတွေ၊ အမျိုးတွေ အားလုံးက ဒါလုပ်ကြတယ် ဒါလုပ်တာကောင်းတယ်ဆိုတာနဲ့ ကိုယ်ကပါ ရောယောင်ပြီး လုပ်မိရာကနေ ဆုံးရှုံးမှုတွေကို အတူတူ ကြုံရတော့တာပါပဲ။
.
(၅) လူရင်း….
.
တစ်ခါတစ်လေကျ သိပ်ကို ရင်းနှီးတဲ့ ငယ်သူချင်းက လုပ်လို့ သူ့အလုပ်ထဲမှာ စပ်တူထည့်လိုက်တာမျိုး၊ ဒါမှ မဟုတ် ဆွေမျိုးသားချင်းက လုပ်မယ့် အလုပ်တစ်ခုအတွက် ကိုယ့်ဆီငွေလာချေးယူရာကနေ ကိုယ်ပါ လုပ်ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာ ဒီလူက ဒီစီးပွားရေးလုပ်ငန်းကို အရင်က အောင်အောင်မြင်မြင်လုပ်ဖူးလား အတွေ့အကြုံကောင်းတွေ ရှိလား စသဖြင့်မသုံးသပ်ပဲ ခင်မင်မှု သက်သက်နဲ့ ရင်းနှီးမိတဲ့အခါ ဆုံးရှုံကြီးဖြစ်ရတတ်တာပါပဲ။
.
.
(၆) မက်လုံးတွေ ဥပမာ သိပ်လွယ်တယ်…ဘာမှ လုပ်စရာမလိုပဲ ငွေရမယ်…
.
ဒါဆိုပိုဆိုးပါတယ် Passive Income ဆိုတဲ့ ကိုယ်တိုင်အားထုတ်စရာ သိပ်အများကြီး မလိုတဲ့ ငွေကြေး အမျိုးအစားတွေတောင်မှ အားထုတ်ရမှုနည်းနည်းကတော့ရှိတာပါပဲ။ ဘာမှလုပ်စရာမလိုပဲ ငွေရမယ်ဆိုကထဲက ဒါဟာ တစ်ခုခု မှားယွင်းနေဖို့ သေချာသလောက်ပါပဲ။
.
.
(၇) တိုင်ပင်ဖော်…
.
တကယ်လို့ကိုယ်က ရင်းနှီးမြုပ်နှံမှုအတွေ့အကြုံကလဲနည်းနေတယ်၊ ချက်ချင်း Investment လုပ်ဖို့ကလဲ လိုအပ်နေပြီဆိုရင် ဒါဟာ လုပ်သင့်တဲ့ အလုပ်တစ်ခု ဟုတ် မဟုတ်ကို စဉ်းစားသုံးသပ်ပေးနိုင်မယ့် မိတ်ဆွေ တစ်ဦးဦး သို့မဟုတ် ဆရာ တစ်ဦးဦး ရှိနေဖို့လိုပါတယ်။ အဲဒီနယ်ပယ်မှာ လက်တွေ့ လုပ်နေတဲ့ သူတစ်ဦးဦး ရဲ့ အကောင်းအဆိုးအကြံပြုချက်တွေကို နားထောင်ပြီးတော့မှ ဆက်လက် လုပ်ဆောင်သင့်တာပါပဲ။ တစ်ခါတစ်လေကျ ဝါရင့် အကျိုးဆောင်တွေ၊ ပွဲစားတွေဟာလည်း တိုင်ပင်ဖော်ကောင်းတွေ ဖြစ်တတ်ပြန်ပါတယ်။
.
.
(၈) လောတာ…အစီစဉ်မကျတာ..
.
တစ်ခါက မိတ်ဆွေ တစ်ယောက် မြေဝယ်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ပါတယ်။ အရင်ကလဲ ဝယ်ဖူးလုပ်ဖူးပြီး မြေအကြောင်းလဲ အနည်းငယ်နားလည်နေတဲ့သူဖြစ်ပါတယ်။ ဒီလို သိထားပါလျက်နဲ့ လောပြီး မြေဝယ်ရင် စစ်ဆေးရမယ့် စာရွက်စာတမ်းအချို့ကိုမစစ်ပဲ လက်ခံထားလိုက်ပါတယ်။ အချိန်နည်းည်းကြာ ငွေချေပြီးတော့မှ အဲဒီစာရွက်တွေဟာ အတု ပြုလုပ်ထားတာတွေ ဖြစ်ပြီး ဆုံးရှုံးရတာပါပဲ။ ဆိုတော့ ဘယ်လောက် ကျွမ်းကျွမ်း စည်းကမ်းမဖောက်ပဲ အစီအစဉ်အတိုင်း သေချာ ဆောင်ရွက်တာမျိုး လုပ်ဖို့လိုပါတယ်။
.
.
(၉) Exit Strategy and damage control
.
တကယ်လို့ ရင်းနှီးမြုပ်နှံမှု တစ်ခုခုလုပ်ပြီးမှ အမြတ်ကောင်းကောင်းမရရင်၊ လုပ်ငန်းတစ်ခု စပြီးမှ အရှုံးပေါ်လာရင် ဘယ်လို အခြေအနေရောက်တဲ့အခါမှာ ဘယ်လိုနည်းလမ်းနဲ့ အရှုံးသက်သာအောင် ဆောင်ရွက်မယ်ဆိုတဲ့ Exit Strategyတွေ Damage Control တွေ သတ်မှတ်ထားဖို့လိုပါတယ်။
.
.
(၁၀) ဥပဒေ အကာအကွယ်…
.
ငွေကြေးလိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ၊ Investment ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေမှာ တရားဥပဒေ အကာအကွယ်ရအောင် သေချာမလုပ်မိတဲ့ ဖြစ်စဉ်တွေ များပါတယ်။ ရှေ့နေငှားဖို့ နှမျောလိုက်တာနဲ့ ပိုင်ဆိုင်မှု မခိုင်မာတော့တာ၊ နောင်ကျမှ ဇာတ်လမ်းအရှုပ်အရှင်းတွေ ဖြစ်တာ စတာတွေပါပဲ။ နောက်တစ်ခါ ကိုယ့်ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လိုလုပ်ရမလဲမသိတာ၊ ဥပဒေ အရကိုယ့်မှာ ဘာတွေ တောင်းဆိုပိုင်ခွင့် ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ရှိကြောင်း မသိနားမလည်ထားတဲ့အခါ ဆုံးရှုံးမှုတွေ ကြုံရတတ်ပြန်ပါတယ်။
.
.
အထက်က အချက်လေးတွေကတော့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့အခါမှာ၊ စီးပွားရေး လုပ်ငန်းတစ်ခုခု လုပ်ကြတဲ့အခါမှာ ဆုံးရှုံးမှုတွေ အမြဲကြုံတွေ့နေရတဲ့ သူတွေမှာ မြင်ရတွေ့ရတတ်တဲ့အချက်လေးတွေ ဖြစ်ပါတယ်။ ဒါလေးတွေကို လေ့လာပြီး အောင်မြင်မှုတွေ ရယူနိုင်ကြစေဖို့ဆုတောင်းလိုက်ပါတယ်။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant
Keep Reading