တင်ညွန့်

ကျွန်မသုံးအိမ်စုရွာလေးကို ကျောင်းဖွင့်အမီ တာဝန်ထမ်းဆောင်ရန် ရောက်လာသည်။ ပညာရေးမှူးရုံးကလည်း ကျောင်းအုပ်ရာထူးကို နွေရာသီတွင်ထုတ်ပြန် ခန့်အပ်ပေးပြီး ချက်ချင်းတာဝန်ကျရာရွာကို အရောက်သွားခိုင်း သည်။ နွေရာသီကျောင်းပိတ်ရက် ကျွန်မထိုရွာကိုမသွားနိုင်ပါ။ နွေရာသီဖြစ်သောကြောင့် ထိုရွာသို့သွားရန် ခရီးလမ်းကြောင်းကလည်း ခြေကျင်သွားမှသာရနိုင်မည်။
“မိုးတစ်ဖြိုက်နှစ်ဖြိုက်လောက် ရွာလိုက်ရင်တော့ ချောင်းထဲမှာ ရေကျလာပြီ။ အဲဒီအချိန်ဆိုရင် ပဲ့ထောင်တွေ ပေါက်တယ်။ အဲဒီအချိန်မှသွားပါဆရာမ” ဟု လက်ထောက်မြို့နယ်ပညာရေးမှူးက ကျွန်မကိုပြောသဖြင့် ကျွန်မမိုးအရွာကို စောင့်နေရသည်။
ယခုနှစ်မိုးဦးစောသဖြင့် ချောင်းထဲကို ဇွန်လကျောင်းဖွင့်အမီ ရေတွေရောက်လာသည်။ ကျွန်မပဲ့ထောင်ဖြင့် သုံးအိမ်စုကို ရောက်ခဲ့ပါသည်။
ကျောင်းပေါ်ကိုတက်လိုက်သည်နှင့် ကျွန်မ စိတ်ပျက်သွားမိသည်။ သွပ်မိုးတွေက ဆွေးနေပြီဖြစ်သဖြင့် မိုးယို သည်။ ကျောင်းခန်းမကျယ်ကြီးတွင် မိုးရေတွေက ဟိုတစ်ကွက် သည်တစ်ကွက်။
ကျောင်းဖွင့်ချိန်တွင် မိုးယိုသည့်အခါ ကျောင်းသားတွေကို မိုးလွတ်သည့်နေရာကို ပြောင်းရွှေ့သင်ရသည်။ မိုးယို သည်ကို ပစ်ထားသဖြင့် ကြမ်းခင်းတွေကလည်း ဆွေးသည့်နေရာတွေဆွေးနေသည်။
ကျောင်းအဆောက်အအုံကြီးက ပြည်တွင်းစစ်ကာလအပြီး ငြိမ်းချမ်းရေးရချိန်တွင် ဆောက်ထားခြင်းဖြစ်သည်။ ကျောင်းတိုင်ကလွဲပြီး ကျန် အခင်း၊ အကာ၊ အမိုးပိုင်းအားလုံးသည် အင်၊ ကညင်သစ်တွေနှင့် ဆောက်လုပ်ထား သည်ဖြစ်ရာ ဆွေးသည့်နေရာတွေဆွေး၊ ခြစားသည့် နေရာတွေ စားနှင့် ဖြစ်နေကြသည်။ နောက်ပြီး ကျောင်းက ယိုင်တိုင်တိုင်ကို အနောက်မှ ကျားကန်ထားရသည်။
ပြောရလျှင် တစ်ရွာလုံးက ကျောင်းကိုပစ်ထားကြသည်။
ကျွန်မသည် မိန်းမသားဖြစ်သော်လည်း ကျောင်းအမိုးကို စတင်ပြင်ဆင်ရန် ရွာလူကြီးအိမ်ကို မကြာခဏဝင်ပြီး စည်းရုံးကြည့်သည်။
“ဆရာမလေး … တို့ရွာက အလွန်ဆင်းရဲတာကွယ့်။ ဒီကျောင်းတောင် အထက်ကဆောက်ပေးလို့ဖြစ်တာ။ တို့ရွာအနေအထားနဲ့ဆိုရင် ဘုန်းကြီးကျောင်းမှာ သွားသင်ရမှာ။ မိုးယိုတာကတော့ ပြင်ဖို့မလွယ်ဘူး။ သွပ်တွေက နှစ်ကြာတော့ဆွေးနေတာလေ။ အမိုးပေါ် လူတက်ရင်တောင် ပြိုကျမယ့် အနေအထားရှိတယ်”
“အမိုးအပေါ်မတက်နိုင်ရင်လည်း အမိုးအောက်မှာပဲ တောင်ထန်းအမိုး ယာယီလုပ်ရင်ရပါတယ်။ အဲဒါ လောက်လေးတော့ ကူညီပေးပါရှင်။ မိုးရွာရင် ဘယ်လိုမှ စာသင်လို့ မဖြစ်လိုပါ”
ကျွန်မ မကြာခဏ ဂျီကျလွန်း၍ထင်ပါသည်။ ကျောင်းတစ်ခြမ်းကို အမိုးအောက်မှာ နောက်ထပ်အမိုးတစ်ထပ် တောင်ထန်းနှင့် လာလုပ်ပေးသဖြင့် ကျွန်မတို့မှာ မိုးရွာလျှင် မိုးလုံသည့်ဘက်ခြမ်းကိုကပ်ပြီး စာသင်ကြရသည်။
တစ်မိုးတွင်းလုံး စိုစိုစွတ်စွတ်နှင့် ကျွန်မတို့ကလေးတွေ ဖြတ်သန်းရသည်။ ကလေးတွေ ကျန်းမာရေးမကောင်း သဖြင့် ကျောင်းပျက်များသည်။ ကျွန်မကလည်း မြို့နယ်ပညာရေးမှူးရုံးကို ကျောင်းပြင်ဆင်စရိတ်များ ချပေးလို ချပေးငြား စာတင်သည်။
“ဆရာမပြောသလိုဆိုရင် ကျောင်းက ပြင်ဖို့ထက်၊ အသစ်ပြန်ဆောက်တာကမှကောင်းမယ်ထင်တယ်”
“ဟုတ်ပါတယ်ဆရာကြီး ကျောင်းက သက်တမ်း ၄၅ နှစ်ကျော်ပါပြီ။ သစ်သားတွေကလည်း အမျိုးအစား မမှန်တော့ ကျောင်းကဆွေးပြီး ပြိုလုလုဖြစ်နေပါပြီ။ ဒါကြောင့် နောက်နှစ်ဆိုရင်တော့ ကျောင်းမှာစာသင်ဖို့ မဖြစ်နိုင်တော့ ပါဘူး”
“အေးဗျာ … ကျောင်းအနေအထားကို ဓာတ်ပုံရိုက်ပြီး ပူးတွဲတင်ဗျာ”
ကျွန်မသည် ဝေးလံသောဒေသကို ဓာတ်ပုံဆရာအား တောင်းတောင်းပန်ပန်နှင့် ခေါ်သွားရသည်။ ဓာတ်ပုံတွေ ရိုက်ကာ မှတ်တမ်းယူပြီး ရုံးကိုပူးတွဲတင်ခဲ့ရပါသည်။
မိုးကုန်လုလုဖြစ်သွားသဖြင့် ကျွန်မစိတ်ချမ်းသာသွားသည်။ ဆောင်းအဝင်ရောက်ပြီဖြစ်သဖြင့် ကျွန်မလည်း ပျော်သွားသည်။ မိုးတွင်း၏ စိတ်ပျက်ဖွယ် ဒုက္ခတွေက ကျွန်မလွတ်ကင်းပြီဟုတွေးကာ ဝမ်းသာနေမိသည်။ ရွာကလည်း ဆင်းရဲသည်ဆိုခြင်းထက် ပညာရေးကို အားမပေးဟုဆိုလျှင် ပိုမှန်မည်။ သူတို့ရွာအဆိုတစ်ခုက ရင်နာစရာကောင်းသည်။
“စာတတ်လည်း ဝါး ၁၀၀ … စာမတတ်လည်း ဝါး ၁၀၀” ဟူ၏။
ဆိုလိုသည်မှာ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ တောသူတောင်သား ဆင်းရဲသားများ အနေဖြင့် တစ်နေ့ ဝါး ၁၀၀ လောက် ခုတ်နိုင်မှ စားဝတ်နေရေး အဆင်ပြေမည်ဆိုသည့် သဘောဖြစ်သည်။ သူတို့ ရေရှည် မတွေးကြပါ။ အလုပ်မရှိလျှင် တောထဲသွား ဝါးခုတ်ပြီး ဝါးကုန်သည်ထံအပ်လိုက်ကြသည်။ ရသော ပိုက်ဆံ လေးတွေနှင့် ဆန်၊ ဆီ၊ ဆားဝယ်ကာ ဖြစ်သလိုစားပြီး မိသားစု အသက်ရှင်နေရခြင်းကို သူတို့က ဘဝကြီး တစ်ခုဟူ၍ ထင်နေကြသူများဖြစ်သည်။
တစ်မနက် အစောကြီး ၃ နာရီလောက် ဘုန်းကြီးကျောင်းမှ ကြေးစည်ထုသံ၊ အုံးမောင်းခေါက်သံများ ကျယ်လောင်စွာကြားလိုက်ရသည်။ ကျွန်မက နာရီကိုကြည့်လိုက်ရာ ၄ နာရီပင်မထိုးသေးသဖြင့် အံ့အားသင့်မိ သည်။
မိုးလင်းမှ ရွာထဲကို စုံစမ်းကြည့်သည့်အခါတွင် ရွာဦးကျောင်းဆရာတော် ပျံလွန်တော်မူသွားသဖြင့် ရွာကို အသိပေးခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ကျွန်မစာသင်ကျောင်းလေးနှင့် ဘုန်းကြီးကျောင်းသည် လယ်တစ်ကွာသာခြားသည်။ ဆရာတော်ပျံလွန်တော် မူသဖြင့် တစ်ရွာလုံးအပြင် ရွာနီးချုပ်စပ်ရွာတွေကလည်း လာရောက်ကြသည်ဖြစ်ရာ ဘုန်းကြီးကျောင်းအတွင်း စည်ကားလှသည်။
ကျွန်မအံ့အားသင့်မိသည်မှာ ပိုက်ဆံမရှိဘူးဟူ၍ ညည်းညူနေကြသည့် ရွာသူရွာသားများကို ဖြစ်သည်။ ဘုန်းကြီးကျောင်းမှ ဘယ်သူက ဘယ်လောက်လှူသွားကြောင်း ဓာတ်စက်ကတစ်ဆင့် အကြိမ်ကြိမ် အော်ပေး နေသည်။ ကျွန်မစာသင်ကျောင်းအတွက်ဆိုလျှင် ငွေ ၁၀ ပင် အလှူခံ၍မရသောသူတွေက ဘုန်းကြီးပျံကို ငွေတွေ ရာချီ၊ ထောင်ချီကာ လှူဒါန်းနေကြသောကြောင့် အံ့အားသင့်နေခြင်းဖြစ်သည်။ ကျောင်းအတွက် ပိုက်ဆံမရှိဘူးဆိုသူတွေ ဘယ်က ပိုက်ဆံတွေရလာကြသနည်း။
ဘုန်းကြီးပျံကား လချီကြာသည်။ အေးယင်ကျူးရန် မြို့ကနာမည်ကြီးဆိုင်းဝိုင်းကို သုံးညငှားသည်။ မင်းသမီး ကိုလည်း မြို့ကခေါ်သည်။ မဏ္ဍပ်ကြီးကို လယ်ကွင်းထဲတွင် ဟီးနေအောင် ဆောက်ထားကြသည်။ ကျွန်မကတော့ ကျောင်းပေါ်ကထိုမြင်ကွင်းကိုကြည့်ကာ ငေးနေမိသည်။ ကျွန်မကျောင်းလေးကပြိုတော့မည်။ မဏ္ဍပ်နှင့်လောင်တိုက်ကြီးက ခမ်းနားလွန်းသည်ကိုယှဉ်ကြည့်ပြီး ဝမ်းနည်းနေမိသည်။ ကျွန်မစိတ်ထဲတွင်တော့ ပိုက်ဆံတွေကို မီးရှို့ပစ်တော့မည်ဟုထင်နေမိသည်။
ကျွန်မကျောင်းဘေးကွက်လပ်တွင် ဇာတ်စင်ကြီးလာဆောက်ကြသည်။ ထိုအချိန်က စာမေးပွဲလည်း နီးနေပြီ။ ကျွန်မအတွက် စာသင်ရအခက်ဆုံးအချိန်ဖြစ်သည်။ ကျောင်းသားတွေကလည်း စာကို စိတ်မဝင်စားတော့။ ကျောင်းလွှတ်သည်နှင့် ဘုန်းကြီးကျောင်းကိုပြေးကြသည်။
ထိုညတွင် မြို့ကလာသည့် “ရွှေမေတ္တာအငြိမ့်” အဖွဲ့ဧည့်ခံမည့်ညဖြစ်သည်။ နောက်တစ်နေ့ ကျောင်းပိတ် ရမည်ကို စိတ်ညစ်နေသည်။ တစ်ညလုံးပွဲကြည့်မည့် ကျောင်းသားတွေကို နောက်တစ်နေ့ ကျောင်းဖွင့်ကာ ကျွန်မ မည်သို့စာသင်၍ရနိုင်ပါအံ့နည်း။
ကျွန်မနေသည့်အိမ်မှာ ရွာထဲတွင်ရှိသည်။ ကျွန်မသည် ပွဲမကြိုက်ပါ။ ထို့ကြောင့် ထိုညကပွဲသို့လည်း မသွားမိ။ သို့သော် ဆိုင်းသံဗုံသံတွေက အတိုင်းသားကြားနေရသည်။
ကျွန်မအိပ်ပျော်သလိုရှိချိန်တွင် မိုးစက်လေးတွေက တဖောက်ဖောက်ကျလာသဖြင့် လန့်နိုးသွားမိသည်။ အခါလွန်မိုးက အငြိုးနှင့်ရွာချသည်။ ကျွန်မသတိရလိုက်သည်မှာ ပွဲတော့ ပျက်တော့မည်။
“ဝုန်း” ဆိုသည့် အသံကြီးကို ကျွန်မကြားလိုက်ရသည်။
ဘာဖြစ်တာလဲ။
အော်သံတွေ ငိုသံတွေကြားရသည်။
“ကျောင်းပြိုလို့ … ကျောင်းပြိုလို့”
အော်သံကြားရသဖြင့် ကျွန်မထိတ်လန့်သွားသည်။ နောက်မှ သတိရပြီး
“ငါ့ကျောင်းလေး … ငါ့ကျောင်းလေး” ဟုအော်ကာ ကျွန်မ ကျောင်းဆီကို အပြေးလာမိသည်။
ကျွန်မက လက်နှိပ်မီးတရမ်းရမ်းနှင့် ခမောက်ဆောင်းကာ ကျောင်းဆီကို ရောက်လာသည်။
လူတွေ အော်ဟစ်ငိုညည်းသံတွေနှင့်အတူ ကျွန်မကျောင်းလေးဆီကို လက်နှိပ်မီးဖြင့် ထိုးကြည့်လိုက်သည်။ ကျွန်မတစ်ကိုယ်လုံးလည်း ရွှဲနေသည်။ မိုးကသည်းထန်သည်။ ပွဲခင်းဆီတွင်လည်း ပစ္စည်းတွေသိမ်းနေကြ သည်။
ကျွန်မကျောင်းလေး
ကျွန်မကျောင်းလေး
ကျွန်မကျောင်းလေးကား ပြိုကျပျက်စီးသွားပြီ။ အပျက်အစီးပုံတွေကို လှန်လှောကာ လူတွေကို သယ်ထုတ် နေကြသည်။ ကျွန်မလည်း လူတွေကို တတ်နိုင်သလောက်ဆွဲထုတ်ပေးသည်။
မိုးရွာလာသဖြင့် ပွဲခင်းထဲကလူတွေ ကျောင်းကုန်းပေါ်ပြေးတက်ပြီး မိုးခိုကြသည်။ ကျောင်းပေါ်ကို တက်သူတွေ တက်ကြသည်။ လူအင်အားကများလွန်းသဖြင့် ဆွေးနေသောကျောင်းကြီး ပြိုကျပျက်စီးသွားရသည်။
မိုးလင်းပြီ
အပျက်အစီးပုံကြီးကို ကျွန်မကြည့်ပြီး စိတ်ပျက်နေသည်။
လူတွေ ထိပ်ပေါက်ခေါင်းကွဲ၊ ခြေကျိုးလက်ကျိုးတွေဖြစ်ကုန်သည်။ တော်ပါသေးသည် သေသည်အထိ မဖြစ်ကုန်ကြ။
ကျွန်မလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို ကျောင်းပြိုကျသည့်အကြောင်း စာတင်ရသည်။ ဘုန်းကြီးပျံပွဲပြီးသည့် နောက် စာသင်ရခြင်းကို ဘုန်းကြီးကျောင်းထဲပြောင်းကာ ဇရပ်ထဲတွင် စီစဉ်သင်ကြားရသည်။
စာသင်နှစ်တစ်နှစ်ကုန်သွားပြီ။
ကျွန်မလည်း ကျောင်းသစ်လေး ရရှိနိုင်ရေးအတွက် ကြိုးပမ်းရသည်။ သို့သော် အစိုးရအလုပ်တိုင်းသည် ကြိုးနီစနစ်တွေနှင့်ဖြစ်ကာ အဆင့်ဆင့်ဖြတ်သန်းနေရသည်။ ရွာကလူတွေကလည်း ဘုန်းကြီးပျံတွင် အိတ်သွန် ဖာမှောက် ခြေကုန်လက်ပန်းကျသွားသည်။ အစိုးရကဆောက်ပေးလိမ့်မပေါ့ဟုဆိုကာ ဟိုကပ်၊ သည်ကပ် လုပ်နေကြသည်။ ရောက်လာသည့် ပါတီကောင်စီလူကြီးတွေကလည်း စားသောက်ပြီး ကျောင်းပျက်ကြီးကို ကြည့်ကာ လိုအပ်သည်များ ညွှန်ကြားသွားကြသည်။ သို့သော် ကျောင်းကားဖြစ်မလာ။
နောက်စာသင်နှစ်တစ်နှစ်ကို ကျွန်မတို့ ဘုန်းကြီးကျောင်းထဲတွင်ပင် ကုန်ဆုံးလိုက်ရသည်။
“ကျောင်းဆောက်လုပ်ရေးအတွက် ပိုက်ဆံတွေချပေးတော့မယ်”
ထိုအချိန်မှ ရွာလူကြီးတွေ ခေါင်းထောင်လာသည်။ ကျောင်းအပေါ် စိတ်ဝင်စားလာကြသည်။ ကျွန်မလည်း အထက်တန်းပြအဖြစ် ရာထူးတိုးရန်အတွက် ဘီအီးဒီသင်တန်းသွားတက်ရန် ရွေးချယ်ခြင်း ခံရသည်။ သင်တန်း တစ်နှစ်တက်ရသည်။ သင်တန်းပြီးသော် ရာထူးတိုးသည်။ သုံးအိမ်စုကိုမပြန်ရတော့။ ထိုအချိန်အထိ ဆောက်လုပ်ရေးအတွက် နောက်ရောက်သည့် ကျောင်းအုပ်နှင့်ရွာ စကားတွေများကာ ကျောင်းမဆောက် ဖြစ်သေးကြောင်း သတင်းတွေကြားရသည်။
ကျွန်မကတော့ တာဝန်ကျသည့် တောင်တန်းဒေသကို ပြောင်းရွှေ့လာခဲ့သည်။
ယနေ့အထိ သုံးအိမ်စုကိုပြန်မအရောက်တော့။ ထိုရွာသတင်းကိုလည်း မမေးမိတော့။
(သူငယ်ချင်း ဆရာမဒေါ်ညိုမီအောင်၏ပြောပြချက်ကို ပြန်ရေးပြခြင်းဖြစ်ပါသည်)
တင်ညွန့်
Keep Reading