Author's Profile Photo

Kaung Hein Soe - Strategic

4/02/2026

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....

3 mins read
Personal Development
General Knowledge
ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....'s photo

ဒီနေ့တော့ ကျွန်တော်နဲ့ ညီအစ်ကိုလို ရင်းနှီးနေတဲ့ လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့ ဝန်ထမ်း ညီ၊ ညီမငယ်တွေကို ဘ၀ အတွက် သိမှတ်စရာတွေ လိုက်နာစရာတွေ ရရှိစေဖို့ စိတ်အားတက်ကြွဖို့ တစ်ရက်တာ သင်တန်းတစ်ခု စီစဉ်ပေးဖို့ အကူအညီတောင်းတာနဲ့ လုပ်ပေးဖြစ်ပါတယ်။ သင်တန်းခန်းမထဲမှာတော့ ငယ်ရွယ်တဲ့ တက်ကြွတဲ့ ဝန်ထမ်းငယ် လေးတွေ အများအပြားဟာ သင်ယူဖို့ကို အသင့်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ သင်တန်း စတင်နေရင်း ကျွန်တော်က မေးခွန်းတစ်ခု မေးဖြစ်လိုက်ပါတယ်။ အလုပ်မလုပ်ဘဲ ငွေ ရနိုင်ပါ့မလား။ ဘယ်လိုထင်ကြလဲလို့ဆိုတာပါပဲ။ အားလုံးက တစ်ညီတည်း သံပြိုင်ဖြေလိုက်တာပါပဲ။ အလုပ်မလုပ်ပဲ ငွေ မရနိုင်ပါဘူးဆရာ တဲ့…..
.
“ဒါဆိုရင် ခင်ဗျားတို့အားလုံး ငွေရဖို့အတွက် အမြဲအလုပ်လုပ်နေရမှာပဲ ..ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က အဲဒီလို ယုံကြည်ထားတာကိုး……”
.
ကျွန်တော်က အထက်ကအတိုင်း ပြောလိုက်တဲ့အခါ တစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။လူငယ်အချို့ရဲ့ မျက်လုံးတွေထဲမှာတော့ လင်းခနဲ ဖြစ်သွားတာကိုတွေ့ လိုက်ရပေမယ့် အများစုကတော့ ကျွန်တော်ပြောလိုက်တဲ့ စကား အဓိပ္ပာယ်ကို သိပ်ပြီး နားလည်ပုံမရကြပါဘူး။ ဒါနဲ့ ကျွန်တော်က မေးခွန်း တစ်ခုထပ်မေးပါတယ်။ ဟောဒီမှာ ရှေ့ဆုံးက ထိုင်နေတဲ့ မင်းတို့ရဲ့ CEO က ဒီနေ့ကစပြီး ဘာအလုပ်မှ မလုပ်တောဘဲ တစ်လလုံးခရီးပတ်ထွက်နေမယ်ဆိုရင် သူရော ငွေ ရနေဦးမလားလို့ပါပဲ။ ဒီမေးခွန်းကျတော့ ဖြေတာ မြန်သွားပြန်ပါတယ်။ သူဌေးကတော့ ငွေ ရနေမှာပါပဲဆရာတဲ့။
.
ဒါဖြင့် ခင်ဗျားတို့ကျတော့ အလုပ်လုပ်မှ ငွေရမယ် သူကျတော့ အလုပ်မလုပ်လဲ ငွေရနေတယ် ဘာကွာလို့တုန်းဗျာ လို့ ထပ်မေးတော့ ထပ်ပြီး တိတ်ဆိတ် သွားပြန်ပါတယ်။ ပြီးတော့မှ အသံ တိုးတိုးလေးတစ်ခု ချောင်က ထွက်လာပါလေရော… သူဌေးက သူဌေးကို ဆရာရဲ့တဲ့…….မှန်လိုက်လေဗျာ။
.
.
လူတစ်ယောက်ရဲ့ အောင်မြင်မှုကိုဘယ်သူက ဟန့်တားထားသလဲလို့မေးရင် အဲဒီလူ ကိုယ်တိုင်ပါပဲလို့ တန်းပြီးဖြေရမှာပါပဲ။ ဟုတ်ပါတယ်။ များသောအားဖြင့် လူတွေဟာ ကိုယ့်ကိုကိုယ်ပြန်ပြီး ဟန့်တားနေကြတာပါပဲ။ ဒါတွေကို ကျွန်တော်ကတော့ Limitations ကန့်သတ်ချက်များလို့ သုံးနှုန်းလေ့ရှိပါတယ်။ လူတွေမှာ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ လက်ရှိ လူနေမှု အနေအထား၊ အသိုင်းအဝန်းစတဲ့ အချက်အလက်တွေ ပေါ်မူတည်ပြီး ယုံကြည်မှု Belief တွေ ဖြစ်ပေါ်နေတတ်လေ့ရှိပါတယ်။ ဒီယုံကြည်မှုတွေကလည်း လူတွေကို ကန့်သတ်ထားတဲ့ ဘောင်တွေ Limitations တွေ ဖြစ်လာစေတာပါပဲ။ အထက်ကပြောသလိုပါပဲ အလုပ်လုပ်မှ ငွေ ရမယ်လို့ ယူဆ သတ်မှတ်ထားတဲ့သူဟာ သူ့တစ်ဘဝလုံး ငွေရဖို့အတွက် အလုပ်လုပ်ဖို့ပဲ စဉ်းစားနေတော့မှာ ဖြစ်ပါတယ်။ အလုပ်မလုပ်ပဲ ငွေဝင်မယ့်နည်းဆိုတာကိုလဲ မယုံကြည်တဲ့အတွက် အိမ်မက်ထဲတောင် ထည့်မက်ပြီး ရှာဖွေ မှာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်မလုပ်ဘဲ ငွေဝင်နိုင်တဲ့ နည်းတွေ များစွာရှိနေပါတယ်။ သူဌေးလိုမျိုး ဝန်ထမ်းတွေငှားရမ်း စနစ်တစ်ခုနဲ့ ထိန်းချုပ်ပြီး သူမပါဘဲ လည်ပတ်ငွေဝင်နေအောင် လုပ်လို့ရတယ်၊ Intellectual Properties ဆိုတဲ့ ဉာဏ ဆိုင်ရာ ပိုင်ဆိုင်မှုတွေတစ်ခါ ဖန်တီးပြီး တစ်သက်လုံးငွေ ဝင်နေအောင်လုပ်လို့ရတယ်၊ ပိုင်ဆိုင်မှု Assets ဥပမာ အိမ် ကား စတာတွေဝယ်ယူပြီး အငှားချတာ ကိုယ်တိုင် လုပ်စရာမလိုတဲ့. Rental Income တွေ လုပ်လို့ရတယ်၊ အခြားသူရဲ့ လုပ်ငန်းမှာ အစုရှယ်ယာထည့်ဝင်ပြီး ငွေဝင်အောင်လုပ်လို့ရတယ် စသဖြင့် Passive Income နည်းလမ်းပေါင်းများစွာ ရှိနေပြန်ပါတယ်။
.
နောက်ထပ် ကျွန်တော်မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်ဖို့အတွက် အရင်းအနှီး လိုအပ်လား မလိုအပ်ဘူးလား ဆိုတာပါပဲ။ ဒါကိုလဲ သင်တန်းသားတိုင်းက သံပြိုင် ဖြေကြပါတယ်။ အရင်းအနှီး ကျိန်းသေ လိုအပ်ပါတယ်ပေါ့။ ဆိုတော့ ကျွန်တော်ကလဲ ချက်ချင်း ပြန်ပြောတာပါပဲ။
.
“ခင်ဗျားတို့က အရင်းအနှီးရှိမှ ကိုယ်ပိုင်လုပ်ငန်း စလို့ရမယ်လို့ ယုံကြည်ရင် ခင်ဗျားတို့အရင်းအနှီးရှိလာတဲ့နေမှ ကိုယ်ပိုင်လုပ်ငန်း စဖြစ်လိမ့်မယ် ….” လို့ပါပဲ။
.
ဆိုလိုတာက အရင်းအနှီး မရှိလာရင် ဘယ်တော့မှ ကိုယ်ပိုင်လုပ်ငန်း စဖြစ်မှာ မဟုတ်တော့ပါဘူး။ တကယ်တော့ ကိုယ်ပိုင် အရင်းအနှီးမရှိပဲ လုပ်ငန်းတစ်ခုက စလို့ရတဲ့ နည်းတွေ အများအပြား ရှိပါတယ်။ သူငယ်ချင်းမိတ်ဆွေ တွေဆီက ရှယ်ယာ ခေါ်ယူစတင်တာ၊ ဘဏ်ချေးငွေ နဲ့စတင်တာ၊ Investor ရှာဖွေတာ၊ Supplier ကောင်းကောင်းရှိနေတာ၊Network ကောင်းတစ်ခုရှိတာ စတာတွေက အရင်းအနှီးမရှိပဲ လုပ်ငန်း တစ်ခုစဖို့ လုံလောက်ပါတယ်။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ဆိုရင် သူဖွင့်ထားတဲ့ အထည်ဆိုင်က အားလုံးနီးပါးဟာ သူ့သူငယ်ချင်း အထည်ချုပ်ကနေယူပြီး တင်ရောင်းနေတာတွေ ချည်းပါပဲ ။ငွေလဲ စိုက်မဝယ်ရသလို တစ်လစီ လကုန်တော့မှ ရောင်းရသမျှကို ရှင်းပေးရုံအပြင် မရောင်းရတဲ့ အထည်တွေကိုပါ ပြန်လဲလှယ်ပေးပါသေးတယ်။
.
ဆိုတော့ လူတွေမှာ ကိုယ့်ကိုကိုယ် ပြန်ကန့်သတ်ထားတဲ့Limitation တွေဟာ ကြောက်ဖို့ကောင်း လောက်အောင်များပြားပါတယ်။ အထက်က ဥပမာ နှစ်ခုကတော့ ငွေနဲ့ပတ်သက်ရင် လူအများစုမှာရှိနေတတ်တဲ့ Limitation တွေဖြစ်ပါတယ်။ ဒီလိုပဲ နယ်ပယ်အစုံမှာ ကိုယ့်ကိုကိုယ် ကန့်သတ်ထားမိတာတွေ အများအပြားရှိနေပါတယ်။ အသိတစ်ယောက်မှာဆိုရင် သူ့တစ်ယောက်ထဲ ယုံကြည်ထားတဲ့ ကန့်သတ်ချက် တစ်ခုရှိပါတယ်။ ဒါကတော့ သူ့ ဟာ ဘ၀မှာ ဘာကိုမှ ပထမဆုံးတစ်ကြိမ်ထဲနဲ့ မရတတ်ဘူးလို့ဆိုတာပါပဲ။ အမြဲတမ်းပထမ တစ်ကြိမ်ဟာ ကျရှုံးရမယ်ပေါ့။ ဒီလို ယုံကြည်လိုက်တာဟာ ဘောင်ခတ်ကန့်သတ်လိုက်ပြီး တစ်သက်လုံး ဒီအတိုင်းဖြစ်နေတော့တာပါပဲ။
.
ကျွန်တော့်ရဲ့ လက်ထောက် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ညီလေးကပြောပြန်ပါတယ်… ကျွန်တော်အတွက်ကငွေကိုဘယ်တုန်းကမှ လွယ်လွယ်ရှာလို့ မရခဲ့ဘူးဆရာတဲ့။ အေး ..ဒါဆိုရင်တော့ မင်းတစ်သက်လုံး ငွေကို ခက်ခက်ခဲခဲ ပင်ပန်းပြီးမှပဲ ရှာလို့ရနေတော့မှာ အသေအချာပဲလို့၊ ဒီကန့်သတ်ချက်ကို ပြင်ဖို့လိုတယ်လို့ ပြောရတာပဲ။ ဒီလိုနဲ့ ကျွန်တော့်ဆီမှာ လအတော် ကြာလာတော့မှ ကဲ..အခုဆို ငွေရှာရတာကတော့ သိပ်ခက်ခဲနေသေးလားလို့ ပြန်မေးတော့မှ ဒီလောက်လဲ မခက်ပါဘူးဆရာ လုပ်စရာတွေက အတော်များတာပါပဲလို့ ဆိုပါတော့တယ်။ ကျွန်တော်နဲ့ လိုက်ပါရင်း သူလဲ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ စကားပြော ရင်းနှီးကာ အမြင်ကျယ်လာလို့ပါပဲ။
.
ဒီလိုကန့်သတ်ချက်တွေဟာ ငယ်ရွယ်တဲ့ ကျောင်းသားလေးတွေမှာတောင် ရှိနေတတ်ပါတယ်။ ငါက သင်္ချာ တအားညံ့တာ ဘယ်လိုမှ လုပ်လို့မရဘူးဆိုတာမျိုး၊ အတန်းရှေ့ထွက်ပြီး စကားပြောတိုင်း ရယ်စရာ တစ်ခုခုဖြစ်တယ်ဆိုတာမျိုး၊ စာမေးပွဲနီးတိုင်း မတော်တဆ တစ်ခုခုဖြစ်တယ်ဆိုတာမျိုး စတာတွေပါပဲ။
.
အဆုံးသတ် အနေနဲ့ပြောလိုတာကတော့ ကိုယ့် အောင်မြင်မှုကို ဟန့်တားနေတာဟာ များသောအားဖြင့် ကိုယ်ကိုယ်တိုင်သာ ဖြစ်နေလေ့ရှိတတ်ပါတယ်။ ဒီတော့ မိမိမှာ ဘယ်လို ကန့်သတ်ချက်တွေ ရှိနေလဲ ယုံကြည်မှုတွေ ရှိနေလဲ ဒီယုံကြည်မှုတွေက တကယ်ရော ဟုတ်မှန်သလားဆိုတာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေကို မေးမြန်းသုံးသပ်ကာ ပြင်ဆင်နိုင်ဖို့ လိုအပ်ကြောင်းပါပဲ။
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကိုလွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
အသိပညာ လုံလောက်ဖို့… Kaung Hein Soe – Strategic မှာ Online သင်တန်းတွေ တက်ကြစို့။
.
.
Kaung Hein Soe - Strategic
Business Consultant

Keep Reading

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလူကဲခတ်နည်း အပိုင်းသုံးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း လူကဲခတ်နည်း အပိုင်းနှစ်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါ