Author's Profile Photo

တင်ညွန့်

30/01/2026

စာပျောက်မင်

3 mins read
General Knowledge
Fiction
စာပျောက်မင်'s photo

ဒေါက်တာဘသာ၏ စာအုပ်ထွက်လာပြီဆိုသဖြင့် လူတိုင်းက စိတ်ဝင်စားကြသည်။
အဘယ်ကြောင့်ဆိုသော် ဒေါက်တာဘသာသည် ထောင်ထဲတွင် ၁၀ နှစ် ခန့်နေပြီးမှ ပြန်ထွက်လာရသောကြောင့်ဖြစ်သည်။ ဤစာအုပ်သည် သူထောင်ထဲကထွက်လာပြီးနောက် ပထမဆုံးထုတ်ဝေလိုက်သောစာအုပ် ဖြစ်နေသောကြောင့်ပင်။

“ဒေါက်တာဘသာ၏ ကျောရိုးမဲ့လူသားများစာအုပ် ထွက်ပြီ”
ထိုသတင်းသည် ဆိုရှယ်မီဒီယာများပေါ်တွင်ရော၊ သတင်းစာတွေထဲမှာပါ ရေပန်းအစားဆုံး သတင်းတစ်ခု ဖြစ်သွားသည်။

ဒေါက်တာဘသာ၏ “ကျောရိုးမဲ့လူသားများ” စာအုပ်ကို လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်မည်။
ကျင်းပမည့်နေရာ - The Lantern House
ကျင်းပမည့်အချိန် - နေ့ ၁ နာရီမှ ၃ နာရီ

ထိုသတင်းသည် လက်မှတ်မထိုးမီ တစ်ပတ်ကြိုတင်ပြီး ဆိုရှယ်မီဒီယာထဲတွင် ပျံ့နှံ့နေသည်။
လက်မှတ်ထိုးသည့်နေ့တွင် The Lantern House ၌ နေ့ ၁၂ နာရီလောက်ကတည်းက သတင်းမီဒီယာများ စာအုပ်ဝယ်လိုသူများနှင့်ပြည့်နေသည်။

စာအုပ်ကို ထိုနေ့တွင်ဖြန့်ချိခြင်းဖြစ်ရာ စာချစ်သူများသည် ဗိုလ်အောင်ကျော်လမ်းအဆုံးတိုင် တန်းစီကာ နေကြသည်။

ဒေါက်တာဘသာရောက်လာချိန်တွင် လူတန်းကြီးကဝယ်ထားသော စာအုပ်များကို လက်မှတ်ထိုးပေးနေရသည်မှာ ညနေ ၄ နာရီထိုးသည်အထိဖြစ်သွားသည်။

သူ့ကို အင်တာဗျူးလိုသူများ ညနေ ၅ နာရီထိုး သည်အထိ စောင့်လိုက်ရသည်။ အင်တာဗျူးတစ်ခုတွင်
“ဒေါက်တာ ဒီစာအုပ်ကို ထောင်ထဲမှာ ရေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား”
“ထောင်ထဲမှာ ရေးလို့မရပါဘူး။ ထောင်ထဲမှာတွေးခဲ့တာတွေပါ။ အပြင်ရောက်မှရေးတာ”

“ဒေါက်တာအပြင်ရောက်တာ တစ်နှစ်ပဲရှိသေးတယ်နော်”
“ဟုတ်တယ် နှစ်လအတွင်းအပြီးရေးတာ။ ရင်ထဲမှာ သိမ်းထားတာတွေ ပျောက်သွားမှာစိုးလို့ နှစ်လလုံး စားချိန်နဲ့ အိပ်ချိန် ၃ နာရီပဲနားပြီး တောက်လျှောက်ရေးခဲ့တာ”

“ဒေါက်တာရေးတဲ့စာအုပ်ကို တချို့က ဖတ်လို့မရဘူးလို့ ဝေဖန်သံတွေ ကြားနေရပါတယ်”
“ဖတ်မရဘူးဆိုတဲ့သူတွေကို ငွေပြန်ပေးလိုက်ဖို့မှာထားပါတယ်”
“စာအုပ်က ဘာဖြစ်လို့ လူတိုင်းဖတ်မရတာလဲခင်ဗျာ”

ဒေါက်တာဘသာက အင်တာဗျူးသူကို ပြန်မေးသည်။
“ခင်ဗျားရော ကျွန်တော့်စာအုပ် ဖတ်လို့ရသလား”
“ဟီး … ဟီး … လုံးဝ ဖတ်လို့မရဘူးခင်ဗျ”

“ကျွန်တော်က အရှင်းဆုံးစကားပြေနဲ့ ပညာရှင်တွေရဲ့ ရှုပ်ထွေးတဲ့လက်စွမ်းပြမှုတွေမပါဘဲ ရေးထားတာ။ ဘာကို နားမလည်လို့လဲ”
“နားမလည်တာမဟုတ်ဘူးခင်ဗျ။ ကျွန်တော့်စာအုပ်မှာ ဘာမှကို စာလုံးတွေရိုက်ထားတာ မတွေ့ရတာ။ စာမျက်နှာတိုင်းမှာ ဗလာတွေချည်းပဲ”

“ဒါဆိုလည်း သွားပြန်လဲလေဗျာ”
“သွားပြန်လဲတယ်။ ဘယ်စာအုပ်နဲ့လဲလဲ စာမျက်နှာတိုင်းက ဗလာချည်းပဲ”
“နေဦး တစ်ခုခုတော့ မှားနေပြီထင်တယ်”

ထိုစဉ် ကလေးမလေးတစ်ယောက်က စာအုပ်လေးကိုကိုင်ပြီး လက်မှတ်လာထိုးခိုင်းသဖြင့် ဒေါက်တာဘသာက လက်မှတ်ထိုးပေးလိုက်ပြီး
“သမီး ဒီစာအုပ်ထဲက စာတွေကို တွေ့သလား”
“တွေ့တယ်လေ”
“ဖတ်လို့ရသလား”
“ရတာပေါ့”
“ဒါဆို ဒီနေရာက စာတစ်ပိုဒ်လောက်ကို ဖတ်ပြစမ်းပါ”

ကလေးမလေးက ဒေါက်တာပေးသည့် စာမျက်နှာကို သေချာစွာကြည့်လိုက်ပြီး ထောက်ပြသည့် စာတစ်ပိုဒ်ကို ဖတ်ပြလိုက်သည်။
"အမှန်တရားဆိုသည်မှာ နေရောင်ခြည်ကဲ့သို့ပင်။ မျက်စိမှိတ်ထားသူများအတွက် နေမင်းကြီးသည် ပျောက်ကွယ်နေမည် ဖြစ်သော်လည်း၊ လောကကြီးကို အလင်းပေးနေသည်မှာတော့ အမှန်ပင်ဖြစ်သည်။ အစားတစ်လုတ်အတွက် လျှာကို ရောင်းစားသူများနှင့် ရာထူးအတွက် ခါးရိုးကို လဲလှယ်သူများသည် ဤစာအုပ်ကို မြင်နိုင်မည်မဟုတ်ပေ။ အကြောင်းမူကား ဤစာမျက်နှာများသည် စက္ကူပေါ်တွင် ရေးထားခြင်း မဟုတ်ဘဲ “လူသားဆန်မှု” ပေါ်တွင်သာ ရေးထွင်းထားသောကြောင့် ဖြစ်လေသည်"

“ကဲ ဘယ်လိုလဲ … စာရှိလို့ဖတ်ပြနိုင်တာပေါ့ မဟုတ်ဘူးလား”
“ဒါဆို ကျွန်တော်က ဘာဖြစ်လို့ စာတွေကို မတွေ့ရတာလဲ”

“အင်း … တစ်ခုတော့ရှိတယ်ဗျ။ ဒီစာအုပ်ကို ပုံနှိပ်တိုက်ကို အပ်လိုက်တုန်းက အဖုံးကလွဲပြီး နောက်ဆုံးပေါ် မင်နဲ့ ရိုက်မယ်လို့ပြောတယ်။ ဒီစာအုပ်ကို ပုံနှိပ်ထားတဲ့မင်က “စာပျောက်မင်” လို့ခေါ်တယ်။ လူတိုင်း စာအုပ်ထဲက စာတွေကို မမြင်နိုင်ဘူး။ တစ်ခုတော့ရှိတယ်။ စာရေးသူနဲ့ နှလုံးသား မတူတဲ့သူ၊ ရှင်းအောင် ပြောရရင်ဗျာ … ရင်ဘတ်ချင်းမတူရင် စာတွေကို မမြင်နိုင်ဘူး”

“အဲဒီမင်မျိုး တကယ်ရှိလို့လား”
“ရှိလို့ ခင်ဗျားလက်တွေ့ ကြုံနေရပြီလေ။ ခင်ဗျားနဲ့ကျွန်တော် ရင်ဘတ်ချင်း မတူဘူးထင်တယ်။ ဒါကြောင့် ကျွန်တော့်စာတွေကို ခင်ဗျားမမြင်နိုင်ဘူး”

နောက်တစ်နေ့ သတင်းစာတွေ၊ ရုပ်သံတွေမှာ ဟိုးလေးတကျော်ဖြစ်သွားသည်။
“မမြင်ရသည့် စာပျောက်မင်နှင့်ထုတ်ဝေသောစာအုပ်”
“ဒီစာအုပ်ထဲကစာတွေကို သင်မြင်ပါသလား”
စာအုပ်ကအမှန်တကယ်နာမည်ကျော်သွားသည်။

မြင်ရတယ်
မမြင်ရဘူး
ဖတ်နိုင်တယ်
မဖတ်နိုင်ဘူး
လူတွေ ငြင်းကြသည်၊ ရန်တွေဖြစ်ကြသည်။ အချို့က စာအုပ်ထဲပါ စာသားတွေကို ကောက်နုတ်ကာ ဆိုရှယ် မီဒီယာပေါ်တင်ကြသည်။ အချို့ကလည်း စာအလွတ်စာအုပ်ကြီးကို တစ်အုပ် သုံးသောင်းပေးရသည်မှာ မတန်ဘူးဟု ဆိုကြသည်။

ထိုစာအုပ်ပြဿနာက အတော်လေးပွဲဆူသည်။
ထိုစာအုပ်ဂယက်က အတော်လေးထသည်။
စာမပါသည့် စာရွက်လွတ်တွေကို ရောင်းသည်ဆိုပြီး တရားစွဲမည်တွေဖြစ်ကုန်သည်။

အချို့ကလည်း စာတွေကအမှန်တကယ်ထိပြီး ခေတ်ကိုမီးမောင်းထိုးပြထားသည့် စာတွေဖြစ်သည်။ ထိုစာမျိုးကို မဖတ်ဖူးလျှင် လူဖြစ်ရကျိုးနပ်မည်မဟုတ်ဟုဆိုကြသည်။ ထိုသို့ လူပြောများလေ ပြဿနာက ကြီးလေဖြစ်ပြီး နောက်ဆုံးတွင် လူကြီးမင်းတို့သည် ခုံဖွဲ့ကာ ထိုစာအုပ်ကို စစ်ဆေးသည့် အခြေအနေတစ်ခုကို ရောက်သွားလေတော့သည်။

လူကြီးမင်း ၁၀ ဦး ဘဲဥပုံစားပွဲကြီးတွင် ထိုင်နေကြသည်။ ရှေ့တွင် ကော်ဖီခွက်တွေလည်းရှိသည်။
“ကိုင်း ဘယ်လိုလုပ်ကြမလဲ။ “ကျောရိုးမဲ့လူသားများ” စာအုပ်ကတော့ ပြဿနာရှာနေပြီ။ ခင်ဗျားတို့ ဖတ်ပြီး ကြပြီလား”
အားလုံးက
“ဖတ်ပြီးပြီ” ဟုပြောကြသည်။

သူတို့ရှေ့တွေမှာ “ကျောရိုးမဲ့လူသားများ” စာအုပ်တွေချထားကြသည်။
သူတို့အမှန်တကယ် ဖတ်နိုင်သလား၊ မဖတ်နိုင်သလား မည်သူမျှမသိ။
သူတို့ရှေ့တွင်ချထားသည့် စာအုပ်ထဲက စာတွေကို သူတို့မြင်နိုင်၊ မမြင်နိုင် သူတို့သာသိသည်။
သို့သော် သူတို့ ဖတ်ပြီးကြောင်း ဆိုရှယ်မီဒီယာထဲက စာသားတွေကို ကိုးကားပြီးပြောနေကြသည်။

သင်တို့ရော
ဒေါက်တာဘသာ စာပျောက်မင်နှင့် ရေးထားသည့် “ကျောရိုးမဲ့လူသားများ” စာအုပ် ဖတ်ပြီးကြပြီလား။

တင်ညွန့်


Keep Reading

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာErnest Hemingway ဘဝဟာသများလူကဲခတ်နည်း အပိုင်းသုံး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာပျောက်မင်စာပေဆိုင်ရာ နိုဘယ်ဆု