Kaung Hein Soe - Strategic

Personal Finance တစ်ကိုယ်ရည်ငွေကြေးပညာရပ်မှာ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေက အဓိကလို့တောင်ပြောလို့ရပါတယ်။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုတဲ့ မြန်မာစကားပုံအတိုင်း မိမိကိုယ် မိမိ ကြီးပြင်းလာရာ အသိုင်းအဝိုင်းက အယူအဆ အတွေးအခေါ်တွေဟာ မိမိဆီကို တိုက်ရိုက်ကူးစက်နေတတ်ပါတယ်။
ဒီအယူအဆ တွေဟာ ငွေကြေးပညာအရပ်အရ မှန်ကန်နေရင် တော်ပါရဲ့ မမှန်ကန်တဲ့ အယူအဆများကို အရိုးစွဲလာရင်တော့ ငွေကြေး ချမ်းသာမှု တည်ဆောက်ရာမှာ လမ်းမှားတွေချည်းတွေ့တော့တာပါပဲ။ ဒါဆိုရင်မိမိ အယူအဆတွေက မှန် မမှန်ဘယ်လိုသုံးသပ်မလဲ။ လွယ်ပါတယ် မိမိ ကြီးပြင်းကျင်လည်ခဲ့ရအသိုင်းအဝန်းက ငွေကြေး အဆင်ပြေကြသူတွေများသလား၊ ငွေကြေးကို ခက်ခဲနေကြသူတွေလား၊ ကြောက်ရွံ့နေကြသူတွေလား စသဖြင့် တွေးကြည့်ရုံနဲ့ ခန့်မှန်းနိုင်ပါတယ်။
ဘာကြောင့် ဒီ အယူအဆတွေဟာ အရေးပါသလဲဆိုရရင် ငွေကြေးကိုကြောက်ရွံ့ ခက်ခဲနေသူတွေက ငွေကြေး မလောက်ငတဲ့ အခြေအနေမျိုး ကြုံတဲ့အခါ ငွေကိုလျော့ချသုံးစွဲပြီး ကျစ်ကျစ်ပါအောင် ကိုင်ထားကြပါတော့တယ်။ တကယ်လို့ လုံး၀ မလောက်တော့ရင်တော့ အတိုးနှုန်း မြင့်မြင့်တွေနဲ့ မရမက ငွေရှာပြီး အခက်အခဲကို ဖြေရှင်းလိုက်ကြပါတယ်။ ဒါပေမယ့် ဒီအတိုးနှုန်းတွေက နောက်လမှာ ပိုပြီး ငွေကို ကြပ်တည်းစေပါရော။
သူဌေးတွေ ကတော့ ငွေကြေး မလောက်ငတဲ့ အခြေအနေမျိုးကို ကြုံတဲ့ငွေကို ပိုတိုးပြီး ရှာပါတော့တယ်။ လက်ထဲကငွေကို ရင်းပြီး ပိုငွေရအောင် လုပ်ဖို့ ဦးတည်ပါတယ်။ ကဲ ..လမ်းကြောင်းက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်မနေဘူးလား။ အမှန်ပါပဲ။ တကယ်လို့များ သူဌေးတွေက လုံး၀ ငွေပိုရှာလို့ မရတော့ဘူးဆိုရင် သူတို့လဲ တခြားကနေ ငွေကို ယူရတော့တာပါပဲ။ ဒါပေမယ့် သူဌေးတွေအတွက်
(၁) ငွေကြေး အဆင်မပြေသူတွေ ငွေလိုတဲ့အခါ အတိုးနဲ့ ချေးမယ့်သူတောင် ရှာဖို့ အတော်ခက်ပါတယ်။
ငွေကြေးအဆင်ပြေပါတယ် ဆိုတဲ့ သူဌေးတွေ ငွေလိုတဲ့ အခါကျတော့ အတိုးမပါပဲ ငွေကိုကြိုက်သလောက်ယူဆိုတဲ့ မိတ်ဆွေတွေ ပေါများနေတတ်ပါရော။
ဒါဟာ တိုက်ဆိုင်မှုလို့ သင်ထင်ပါသလား၊ ကံကောင်းလို့လား၊ တည်ဆောက်ယူရတာလား၊
(၂) ငွေကြေး အဆင်မပြေသူတွေက တခြား သူတစ်ဦးဦးကို ခြစ်ကုပ်ပြီး ငွေလေး နည်းနည်း ချေးလိုက်တဲ့အခါ ချေးယူသူက မှန်မှန်ဆပ်ဖို့ မပြောနဲ့ ပေါ်ကိုမလာတော့ပါဘူး။
သူဌေးတွေဆီက ငွေချေး ထားတဲ့သူတွေကတော့ သူတို့ ငွေကို အတိုးရော အရင်းပါ အချိန်မှန်မှန် ရအောင် ဆပ်ကြ ပါရော။
ဒါဟာ သူဌေးဖို့လို့ဖားတာလား၊ ရေရှည် အကျိုးအတွက် relation ကိုအပျက်မခံနိုင်လို့လား၊ လုပ်လို့ရတဲ့ သူမို့လို့လုပ်တာလား။
(၃) လူလတ်တန်းစား ငွေကြေး သိပ်အဆင်မပြေသူတွေအတွက် ငွေထပ် ရှာရတာကိုခက်လိုက်တာ ၊ ငွေနည်းနည်း စုမိရင်လည်း ပွားအောင် ဘာလုပ်ရမယ်ဆိုတာ ဘယ်လိုမှ စဉ်းစားမရဘူး။
သူဌေးတွေများ အကွက်မြင်လိုက်တာ၊ လုပ်ငန်းကိုနည်းပေါင်းစုံအောင် ချဲ့တာမှ လုပ်စရာက ပေါပေါ ငွေတောင်မလောက်ပါဘူးတဲ့။
ဒါဟာ ကိုယ့် ကံကိုက နည်းတာလား၊ မြင်တတ်အောင် ကြည့်တတ်လို့လား၊ လေ့ကျင့်လာတဲ့ အကျိုးကျေးဇူးလား။
(၄) ငွေကြေး အဆင်မပြေသူတစ်ဦးက သူဌေးတစ်ဦးကို ဝေဖန်တယ် ဒီလူ ချမ်းသာမှာပေါ့ မိဘက ငွေရှိတာကိုး သူလုပ်ချင်တဲ့ လုပ်ငန်းကိုငွေ ရင်းထုတ်ပေးလိုက်တာ ၊ ငွေထုတ်ပေးလို့ကတော့ဗျာ ကျုပ်လဲ လုပ်နိုင်တာပေါ့။
မကြာခင်မှာပဲ အဲဒီ လူလဲ ထီပေါက်ပြီး ငွေ အလုံးအရင်းရလိုက်ပါတယ်။ ဒါပေမယ့် နောက် သုံးနှစ်ကြာတော့ အရင်ကထက်တောင်ပိုဆင်းရဲ သွားပါရောလား။
ဒါကရော.. ကုသိုလ် ကံ အကျိုးမပေးတာလား၊ နောက်ခံ မကောင်းသေးတာကြောင့်ပဲလား၊ …
(၅) ငွေကြေးအဆင်မပြေသူတစ်ဦး ဘဏ်ကနေ ချေးငွေယူပြီး ပြန်မဆပ်နိုင်တော့ ဘဏ်က တရားစွဲကာ ပိုင်ဆိုင်တာတွေ သိမ်းလိုက်ပါတယ်။
သူဌေးတစ်ဦး ငွေ မရှိပါဘူး ဆိုနေတာတောင် ဘဏ်ကဘာအပေါင်ပစ္စည်းမှ မယူပဲ အကောင့်ကနေ ငွေအပို ထုတ်ယူခွင့်တွေ ပေးလို့ပေး၊ ချေးငွေ အသစ်တွေ ထပ်ယူပါဦးလို့ တောင်းပန်လို့တောင်းပန်နဲ့တဲ့။
ဒါကတော့ ဘဏ် မန်နေဂျာကို ပိုင်လို့လား၊ တစ်စုံတစ်ခုသော တည်ဆောက်ထားမှုကြောင့်လား၊ ကံကောင်းတာလား။
အထက်က ဖြစ်ရပ်တွေကို တစ်ခုချင်းစီဖတ်ပြီး တွေးကြည့်စမ်းပါ။ ငွေကြေး အဆင်ပြေဖို့ ဘာလိုနေသေးတာလဲဆိုတာ။
တစေ့စေ့တွေးရင်း တရေးရေး ပေါ်လာမှာက ငွေေကြေးချမ်းသာမှုဆိုတာ စနစ်တကျတည်ဆောက်ယူရပြီး ဒီလို တည်ဆောက်နိုင်ဖို့ အသေအချာ သင်ကြားလေ့လာရတဲ့ တစ်ကိုယ်ရည်ငွေကြေးပညာ ဆိုတာ ရှိနေတယ်ဆိုတဲ့အကြောင်းပါပဲ။ ဒါကို လေ့လာကြစမ်းပါ။
Personal Finance ဆိုတဲ့ တစ်ကိုယ်ရည် ငွေကြေးပညာ သင်တန်းကို ကျွန်တော် online သင်နေပါတယ်။ သင်တန်းဆွယ်တယ်ဖြစ်မှာစိုးလို့ ကျွန်တော့်အတန်းမှ မဟုတ်ဘူး Personal Finance အတန်းတစ်ခုခုကို လူတိုင်း သေချာတက်ဖို့ လိုပါတယ်။ မဟုတ်လို့ကတော့ ဒီတစ်သက် အယူလွဲလို့ နတ်စိမ်းဖြစ်သလို အယူတိမ်းလို့ လူပိန်း ဖြစ်နေဦးမှာပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Serial Investor
Keep Reading