Kaung Hein Soe - Strategic
တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၄)

လူတွေ ရဲ့စိတ်ဟာ ချစ်ခြင်းမုန်းခြင်းတွေ စတဲ့ ခံစားချက်တွေ နဲ့ ပြည့်နှက်နေတာပါ။ ဒါ့အပြင် လူ့စိတ်အရ ချစ်တဲ့ အရာတွေကို ပိုပြီး ဖြစ်လာအောင် ဆွဲဆောင်၊ လုပ်ဆောင်၊ ပြုမူတတ်သလို၊ မချစ်တဲ့ အရာတွေကိုလဲ ကိုယ့်ဘ၀ထဲ ကနေ တွန်းထုတ်လေ့၊ ပုန်းကွယ်လေ့၊ ရှောင်ဖယ်လေ့ရှိကြပါတယ်။ ဒီနေ့ခေတ်မှာလဲ Law of attraction တို့လို ဖော်ပြချက်တွေ ဆက်တိုက်တွေ့ရှိ ဖော်ပြလာကြပါတယ်။ ကဲ….ဒါ ဆိုရင် ဒီစိတ်အခြေခံက Personal Finance ဆိုတဲ့ တစ်ကိုယ်ရည်ငွေကြေး ပညာရပ်မှာ ဘယ်လိုသက်ရောက်မှုရှိနေသလဲ ကြည့်ရအောင်ပါ။
ကိုယ်ကဘာတွေကို မုန်းမိနေသလဲ။ကြောက်မိနေသလဲ။
ဒါမေးခွန်းကို မိမိကိုယ့်ကို ပြန်မေးကြည့်ပေးပါဦး။ လူတွေဟာ မိမိကိုယ်ကို ဘာတွေကို ကြောက်တယ်ဆိုတာကို ထင်ထင်ရှားရှားသိရှိကြပေမယ့် ဘာတွေကို မုန်းနေတယ် ဆိုတာကိုတော့ တိတိကျကျ မသိတတ်ကြပါဘူး။ Personality တစ်ကိုယ်ရည် အရေ ယခင်က မမုန်းတီးပေမယ့် ကျင်လည်ရာ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ ၊ လုပ်ကိုင်ရာ အလုပ်ကြောင့် ဖြစ်စေ၊ ကြားဖူးနား၀ ပုံပြင် ဇာတ်ကြောင်းများအရဖြစ်စေ အရာဝတ္တုတစ်ခုခု၊ လူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု စသဖြင့်ကို မုန်းနေတတ် လေ့ရှိကြပါတယ်။
ဥပမာအားဖြင့် ဒုတိယ ကမ္ဘာစစ်ကို စတင်ခဲ့တဲ့ ဟစ်တလာကို မုန်းသလားချစ်သလားလို့ မေးရင် လူအတော်များများကမုန်းတယ် မကြိုက်ဘူး စသဖြင့် ဖြေကြပါလိမ့်မယ်။ ဘာကြောင့်လဲလို့ ဆက်မေးရင် ဂျူးလူမျိုး သန်းချီကို သတ်ခဲ့လို့ပါလို့ ဆိုကြပါလိမ့်မယ်။ ဒါဆိုရင် ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ဖို့ဆိုပြီး ဂျပန်မြို့ကြီးနှစ်မြို့ပေါ်ကို နျူကလီယား ဗုံးကြဲကာ ဂျပန်ပြည်သူ သိန်းသန်းချီ သေစေခဲ့တဲ့ အမေရိကန်ကိုရော မုန်းလားဆိုရင် အဖြေက ပြောင်းလဲသွားတတ်ပါရော။ ဒါဟာ မိမိ ဘ၀ကို မသက်ရောက် မထိတွေ့ရပေမယ့် မုန်းနေ မကြိုက်နေတဲ့ အရာတွေ ရှိနေတတ်ကြောင်းကို ဥပမာ ပြောချင်တာပါ။
ဒါကို သဘောပေါက်ပြီဆိုရင် ငွေကြေး အဆင်ပြေ၊ ချမ်းသာဖို့ Personal Wealth ကိုတည်ဆောက်ရာမှာ သတိ ထားရမယ့် စိတ်ခံစားချက်တစ်ခုကို တွေ့လာပါလိမ့်မယ်။ အောက်က စိတ်ပိုင်းဆိုင်ရာ ခံယူချက်မေးခွန်းတွေကို ဖြေ ကြည့်ပါဦး။
(၁) မိမိ အလုပ်ရှင်ကို မုန်းတယ်။
(၂) သူဌေးတွေကိုမုန်းတယ်။
(၃) ပိုက်ဆံရှိသူတွေ၊ ငွေကြေး အဆင်ပြေသူတွေကို ပတ်ဝန်းကျင်မှာတွေ့ရင် မုဒိတာဖြစ် ဝမ်းသာပေးရမယ့် အစား အမြင်ကပ်တယ် ၊ မုန်းတယ်၊
(၄) ချမ်းသာတဲ့ သူငယ်ချင်းတွေကို မတွေ့တော့ဘူး။ စကား မပြောဖြစ်တော့ဘူး။
(၅) လက်ဝတ်ရတနာတွေ ဝတ်ဆင်ရတာ မကြိုက်ဘူး မုန်းတယ်။ ဝတ်ထားသူတွေဆိုရင် အရောမဝင်ချင်ဘူး။
(၆) ပွဲလမ်းသဘင်တွေဆိုမသွားချင်ဘူး။ လူအများကြားမှာလဲ မနေချင်ဘူး။ အများစုကို အပေါ်ယံ အရေးမပါတဲ့ ပကာသနတွေလို့ပဲမြင်တယ်။
မေးခွန်း အဓိပ္ဗာယ်လေးတွေကို နည်းနည်းပြန် ရှင်းပြပေးချင်ပါတယ်။
၁။ အလုပ်ရှင်ကို မုန်းတယ်ဆိုတာက နှစ်ပိုင်းရှိနိုင်ပါတယ်။ မိမိ အလုပ်ရှင်က စိတ်သဘောထား မကောင်းဘူး ။အနိုင်ကျင့်တယ် ဒေါသကြီးတယ် ခေါင်းပုံဖြတ်တယ် စသဖြင့် သူ့ရဲ့ တစ်ကိုယ်ရည် Personality နဲ့ ဆိုင်လို့ သူ့ တစ်ဦးတစ်ယောက်ထဲကိုပဲ မုန်းနေတာ ဆိုရင်တော့ ပြဿနာမဟုတ်ပါဘူး။ တချို့ကကျ အလုပ်ရှင် မှန်သမျှကို မုန်းနေတာပါ။ FB လို့ မှာ ဝန်ထမ်းအလုပ်ရှင် ပြဿနာဖြစ်ကြရင် ဘာကိုမှ သေချာမသုံးသပ်ဘဲ အလုပ်ရှင်ဖက်ကိုပဲ ဝိုင်းဆဲတာ၊ တစ်ဖက်သတ် ယူဆတာ၊ စသဖြင့်တွေ ဆိုရင်တော့ အလုပ်ရှင်ဆိုတဲ့ အခြေအနေကို မုန်းနေတာလို့ သတ်မှတ်ရမှာပါ။
ဒါဆိုစိတ် ပိုင်းဆိုင်ရာအရ မိမိ မုန်းတဲ့အရာ အဖြစ် မိမိကိုယ်ကို ဖြစ်လာစေမလား၊ ဝေးကွာစေမလားဆိုရင် ဝေးကွာစေမှာပါ။ ဒါဆိုသင်က လုပ်ငန်းတစ်ခု ကိုယ်ပိုင် ပိုင်ဆိုင်တဲ့ အလုပ်ရှင်တစ်ဦး အဲဒီအမုန်းရှိနေသရွှေ့ဖြစ်မလာနိုင်ပါဘူး။ ကိုယ်ချစ်တာကိုပဲ ကိုယ်ရတာကိုး။
၂။တချို့ကျ သူဌေးမုန်းရောဂါ ရှိတာပါ။ ဌေးချိုလို့ ရပ်ကွက်ထဲမှာ ခေါ်ကြတဲ့ ပိုက်ဆံရှိသူကိုမှ ချိုသာကြသူတွေ ရှိသလို ငွေရှိ ပိုက်ဆံရှိရင်ကို အော်တိုမျက်မုန်းကျိုးတဲ့ လူတွေလဲရှိပါတယ်။ ကဲ ..ကိုယ်ကိုတိုင်ကမှ ပိုက်ဆံရှိရတာ ၊သူဌေးဖြစ်ရတာကို မုန်းနေရင် ဘယ်ကလာ သူဌေးဖြစ်လာနိုင်ဦးမှာတုန်း။
၃။ ဒါကကျ အငုံ့စိတ်လို့ခေါ်တဲ့ ထရော်မာတစ်မျိုး ဖြစ်သွားပါပြီ။ ငွေချမ်းသာမှ မဟုတ်ဘူး အကြောင်း တစ်ခုခုကြောင့် ငွေအဆင်ပြေသွားတဲ့ မည်သူ့ကိုမဆို ကြည့်မရသလိုလို ဖြစ်နေရင် ဒါက ပြင်ကိုပြင်ရမယ့်စိတ်ထားပါ။
၄။ ကျွန်တော်ကိုယ်ပိုင် အလုပ်စလုပ်တော့ ဘယ်သူကမှ အလုပ်မအပ်ကြပါဘူး။ ဒီတော့ စိတ်ဓာတ်က ကျလာတာနဲ့ ငယ်သူငယ်ချင်း လုပ်ငန်းရှင်တစ်ဦးစီကို သွားပြီး အတွေ့အကြုံ နဲ့ အားပေးစကား နားထောင်ဖို့ သွားဖြစ်ပါတယ်။ တကယ်တော့ငယ်သူငယ်ချင်း ဆယ်တန်းကျောင်းနေဖက်ချင်း အတူတူ သူနဲ့ကျွန်တော်က အဲဒီအချိန်မှာ အခြေအနေချင်းက အတော်ကွာပါတယ်။ ကျွန်တော်က တပြားမှ မရှိသေးတဲ့ ကိုယ်ပိုင် စလုပ်တဲ့ ဝန်ထမ်းလူထွက်၊ သူက နှစ်ထပ်တိုက်ကြီးမှာ ဝန်ထမ်းတွေ အများကြီးနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်၊ တကယ်တော့ တခြားသူသာဆိုရင် ရှိန်နေတာနဲ့ သွားဖြစ်ဖို့ ခက်ပါတယ်။ ကျွန်တော့်မှာက ငယ်သူငယ်ချင်းဆိုတဲ့ စိတ်အပြင် သူအောင်မြင်တာကိုဝမ်းသာတဲ့စိတ်ကြောင့် ပညာသွားယူရင်း စိတ်အားတက်ကြွလာကာ သူ့လို့ပဲ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာပါတော့တယ်။
၅။ လက်ဝတ်ရတနာ၊ ရွှေထည် စတာတွေဟာ အဆောင်အယောင်တွေပါ။ ချမ်းသာကြွယ်ဝမှုရဲ့ လက္ခဏာပါ။ ဒါတွေကို ချစ်ပါ စုဆောင်းပါ။ မဟုတ်ရင် ချမ်းသာဖို့ ခက်ပါတယ်။
၆။ ကတော့ လူရှုပ် လူများတာကို မကြိုက်လို့ မသွားဖြစ်တာမျိုးမဟုတ်ပဲ လူအများကြား ၊ ပွဲများသွားတဲ့အခါ အောင်မြင်ပျော်ရွှင်နေတဲ့ သူတွေချည်းကိုပဲ မြင်ပြီး မိမိကိုယ်ကို သိမ်ငယ်ကာ လူတောမတိုးတော့တဲ့ အခြေအနေ မျိုးကို ဆိုလိုတာပါ။
အထက်က မေးခွန်းတွေထဲက ၄ ခုနဲ့ အထက်လောက် မိမိ စိတ်ခံယူချက်နဲ့ ကိုက်ညီနေတယ်ဆိုရင်
ငွေကြေးချမ်းသာတဲ့ အခြေအနေ Personal Wealth ကိုတည်ဆောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုရမှာပါ။
၂ ခုလောက် ကိုက်ညီနေသေးတယ်ဆိုရင်တော့ ငွေကြေးအဆင်ပြေတဲ့ အဆင့်လောက်ကိုတော့ ရောက်နေနိုင်ပါတယ်။ သို့သော် ချမ်းသာ ကြွယ်ဝတယ်လို့ ပြောနိုင်တဲ့ အဆင့်အတွက် ခက်ခဲနေပါတယ်။
၁ ချက်လောက်ပဲ သို့မဟုတ် တစ်ခုမှ မကိုက်ညီဘူးဆိုရင်တော့ ငွေကြေးဆိုင်ရာ စိတ်ပိုင်းခံယူမှုတွေ အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။
အမြဲ အမှတ်ရဖို့ကတော့ ကိုယ်ချစ်တဲ့ အရာတွေကိုသာ ကိုယ်က ကိုယ့်ဆီလာဖို့ ခွင့်ပြုပေးလေ့ရှိပြီး ကိုယ်မုန်းပါတယ်ဆိုတာတွေက သဘာ၀အရကိုက ကိုယ့်ကို ရှောင်ဖယ်သွားမှာပါပဲ။ ဒါကြောင့် ကိုယ် ဘာတွေကို မုန်းနေလဲဆိုတာကို သတိပြုပါလို့ ပြောချင်တာပါပဲ။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Serial Investor
Keep Reading