Author's Profile Photo

Kaung Hein Soe - Strategic

17/12/2025

တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၃)

2 mins read
Business
Finance
တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၃)'s photo

တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာပညာရပ်ရဲ့ အဓိကဘာသာရပ်က မိမိရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေကို မှန်ကန်စွာ ပြောင်းလဲပြုမူတတ်ဖို့လဲဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ ထားရှိရမယ့် အပြုအမူတွေကို အပိုင်း လိုက် တင်ဆက်လာတာ အခုဆိုရင် အပိုင်း ၃ ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပထမဆုံး အပြုအမူကတော့ Budgeting ဆိုတဲ့ အသုံးစရိတ်များ မှန်ကန်စွာခွဲေ၀ သုံးစွဲနိုင်ရေးဖြစ်ပြီး ဒုတိယမျှဝေမှုမှာတော့ မိမိနဲ့ မသက်ဆိုင်သေး မလုပ်ဖြစ်သေးပေမယ့် ရင်းနှီးမြုပ်နှံမှု အချက်အလက် အခွင့်အရေးများကို သုံးသပ်နေဖို့ ဖြစ်ပါတယ်။

တတိယ ထားရှိစေချင်တဲ့ ငွေကြေးဆိုင်ရာ အပြုအမူကတော့ Personal Finance ပညာရပ်မှာ Rich Formula လို့ဆိုကြတဲ့ချမ်းသာခြင်း နည်းလမ်းကို ပြုမူဆောင်ရွက်ဖို့ပါပဲ။

ချမ်းသာခြင်းနည်းလမ်း Rich Formula ဆိုတာက ရိုးရှင်းပါတယ်။

Income – Saving = Expenses လို့ သတ်မှတ် ပြုမူစေတာဖြစ်ပါတယ်။

လူအများစုဟာ ဝင်ငွေလမ်းကြောင်း အနည်းဆုံးတစ်ခုကို ရှာဖွေနေကြဖို့လိုအပ်ပါတယ်။ အဲဒီ ဝင်ငွေရရှိလာတဲ့အခါမှာ အသုံးစရိတ်လို့ခေါ်တဲ့ Expenses တွေကို အရင်သုံးပစ်လိုက်ကြပါတယ်။ ပိုလာတဲ့ငွေကိုမှ စုဆောင်းမယ် လို့ စဉ်းစားကြလေ့ရှိပါတယ်။ ဥပမာ ဒီလ လစာထုတ်ရင်တော့ ဘာလေး ဝယ်လိုက်ဦးမှ သို့မဟုတ် ဘာလေးတော့ သွားစားလိုက်မယ်၊ စသဖြင့်သာ စဉ်းစားကြလေ့ရှိပါတယ်။ တစ်နည်းအားဖြင့်တော့ သုံးစွဲလိုက်ဖို့ စဉ်းစားမှုက အရင်ဖြစ်ပေါ်လာတာပါပဲ။ ဒီလိုဖြစ်ပေါ်လာရတာကလဲ လူတွေရဲ့ သဘာ၀ကြောင့်ကို ဖြစ်လာရတာပါပဲ။ ဒါပေမယ့် ဒီ အပြူအမူဟာ ငွေကြေးချမ်းသာရေး လမ်းစဉ်အတွက် မှားယွင်းနေပါတယ်။

အမှန်က ရရှိလာတဲ့ ဝင်ငွေထဲကနေ စုငွေ Saving ပမာဏကို အရင်ဖယ်ထုတ်ရမှာပါ။ ဒီလို ဖယ်ထုတ်နိုင်ဖို့အတွက် မိမိအနေနဲ့ လစဉ်စုငွေ Saving ပမာဏ ဘယ်လောက်ကို စုဆောင်းမယ်လို့ အရင်သတ်မှတ်ဖို့လိုပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက စုငွေကို များများစုနိုင်လေ ကောင်းလေပါပဲ။ဒါပေမယ့် တစ်လကို လစာသုံးသိန်း ရတဲ့ သူတစ်ဦးက နှစ်သိန်းရအောင် စုမယ်ဆိုတာမျိုးကို ကျွန်တော်ကသိပ် အားမပေးချင်ပါဘူး ။ ဟာ ..ဆရာပဲ ပိုစုနိုင်လေ ကောင်းလေဆို လို့ပြောရရင် ဟုတ်တော့ဟုတ်ပေမယ့် ရေရှည်ကို ကြည့်ဖို့လိုပါသေးတယ်။ လစာရဲ့သုံးပုံနှစ်ပုံလောက်ကို စုလိုက်တာဟာ လစဉ် စုငွေပမာဏ အများကြီး ရပေမယ့်ရေရှည်မှာ လူရဲ့ရှင်သန် တက်ကြွခြင်းတွေ ပျောက်ဆုံးသွားတတ်ပါတယ်။

ဥပမာ တာတိုပြေးပွဲနဲ့ မာရသွန် ခရီးရှည်ပြေးပွဲ ပြေးပုံပြေးနည်းကွာခြားသလိုပါပဲ။ တာတိုပြေးပွဲမှာ အနိုင်ရချင်ရင်တော့ စစချင်း စထွက်ကတည်းက အားကုန်သုံးပြီး ပြေးကာပန်းဝင်ဖို့ ကြိုးစားရမှာပါ။ ဒါပေမယ့် ခရီးရှည်မိုင်များစွာ ပြေးရင်တော့ စထွက်ချိန်မှာ ဖြည်းဖြည်း မှန်မှန်ပဲ ပြေးသွားရမှာပါ။ စထွက်မှာ အားကုန်ပြေးခဲ့ရင် လမ်းခုလတ်မှာ အင်အား ကုန်ခမ်းပြီး မပြေးနိုင်တော့ပဲ ပြိုင်ပွဲမှာ ရှုံးနိမ့်တတ်ပါတယ်။

နောက်တစ်ချက်ကတော့ လူရယ်လို့ ဖြစ်လာရင် လူတစ်ဦးအတွက် အခြေအနေအလိုက် ထိုက်သင့်တဲ့ အပန်းဖြေမှု၊ ပျော်ရွှင်စရာခံစားရမှု၊ စိတ်ကျေနပ်စေမှုတွေကလဲလိုအပ်ပါသေးတယ်။  လစာသုံးသိန်းရသူတစ်ဦးက တစ်လကို နှစ်သိန်း စုလိုက်တဲ့အခါ သူ့ဘ၀မှာ ပျော်စရာ ရွှင်စရာ လုပ်ဖို့လဲ ငွေမရှိ၊ ပေါင်းသင်းဆက်ဆံရေးအတွက်လဲ ငွေ မသုံးနိုင်၊ အသစ်အသစ် လေ့လာတိုးတက်ရေးအတွက်လဲ ငွေမသုံးဖြစ်နဲ့ အဖက်ဖက်က ဆုတ်ယုတ်လာနိုင်တာပါပဲ။ ဆိုတော့ ဒီလို အခြေအနေမှာ ဘယ်နှစ်လလောက်များ ဖြတ်သန်းနိုင်မယ်ထင်ပါသလဲ။

ဒါကြောင့် ကျွန်တော်က ငွေစစုကြမယ်ဆိုရင် မိမိရှင်သန်နေထိုင်ရေးအတွက် အကျပ်အတည်းကြီး သိပ်မဖြစ်စေမယ့် ပမာဏကနေ စဖို့သာ အကြံပြုလေ့ရှိပါတယ်။ ဥပမာ ဝင်ငွေ ရဲ့ ၂၀% နှုန်းလောက်ဆိုရင် သင့်တော်ပါတယ်။ သုံးသိန်း ဝင်ငွေရှိသူဟာ ခြောက်သောင်းကျပ်လောက် ပုံမှန် စုနိုင်ရင် အစခရီးအတွက် အဆင်ပြေပါတယ်။ ငွေစုတယ်ဆိုတာ ငွေကိုပိုအောင် ပြုမူဆောင်ရွက်ခြင်းပါပဲ။ ဒါ့အပြင် အဲဒီ ပိုလာတဲ့ စုငွေလေးကို ထိန်းသိမ်းထားနိုင် ခြင်းကိုလဲ လေ့ကျင့်တာ ဖြစ်ပါတယ်။

စုဆောင်းငွေက နည်းပါးလွန်းရင်လည်း စိတ်အားတက်ကြွမှု နည်းပါးလာတတ်ပါတယ်။ တစ်လမှ တစ်သောင်း လောက်စုမိရင်း ခြောက်လ တစ်နှစ်နေလဲ သိန်းဂဏန်းလောက် မစုဖြစ်တဲ့အခါ ငွေစုခြင်းရဲ့ အကျိုးကျေးဇူးတွေလဲ မရရှိပဲ ပေါ့သွားတတ်ပြန်ပါတယ်။

ဒီအတွက် ငွေကြေး အဆင်ပြေတဲ့ဘ၀ကို သွားဖို့လိုအပ်တဲ့ အပြုအမူက မှန်ကန်သော ငွေစုဆောင်းခြင်း အပြုအမူ ဖြစ်ကြောင်း ထပ်လောင်းသတိပေးချင်ပါတယ်။

လုံလောက်တဲ့ အသိပညာဟာပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

Kaung Hein Soe – Strategic
Serial Investor

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်ချမ်းသာဖို့အတွက် ဘာလိုသလဲစျေးကွက်ထဲမှာ ဦးဆောင်တဲ့သူဖြစ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်Product တွေ ရောင်းထွက်စေမယ့် နည်းလမ်းတစ်ခုအလုပ်ထွက်ဖို့ စဉ်းစားနေပြီလားရှယ်ယာခေါ်တဲ့ ကိစ္စကို လုပ်ငန်းရှင် အနေနဲ့စဉ်းစား ကြည့်ရအောင်။ ငွေမစုတဲ့ သူဌေးများငွေကြပ်တည်းမှုPersonal Finance အရ စတင် တည်ဆောက်ချိန်