Author's Profile Photo

Aung Ko Ko

15/12/2025

ကမ္ဘာ့စွမ်းအင်အနာဂတ်အတွက် သန့်ရှင်း၊ ထက်မြက်သော Sustained Fusion Energy

1 min read
Education
Science
Technology
ကမ္ဘာ့စွမ်းအင်အနာဂတ်အတွက် သန့်ရှင်း၊ ထက်မြက်သော Sustained Fusion Energy's photo

       နျူကလီးယားစွမ်းအင်က မျက်မှောက်ခေတ်နဲ့ အနာဂတ်အတွက် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ရင်းမြစ်ပါ။ ဒါပေမဲ့ လက်ရှိ သုံးနေတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေရဲ့ အဓိက ပြဿနာက စွန့်ပစ်ပစ္စည်းတွေပါ။ ဓာတ်ပေါင်းဖိုတွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ ဟာ ရေဒီယိုသတ္တိကြွနေပြီး ဒါတွေ ပျက်ပြယ်ဖို့အတွက် နှစ်ပေါင်း ထောင်နဲ့ချီပြီး ကြာမှာပါ။ ဒီပစ္စည်းတွေက လူတွေကိုလည်း ဓာတ်ရောင်ခြည်သင့်၊ မျိုးရိုးဗီဇပျက်စီးစေနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။ ဒါ့ကြောင့် သိပ္ပံပညာရှင်တွေဟာ အနာဂတ်မှာ သန့်ရှင်းပြီး ဘေးကင်းတဲ့နျူကလီးယား စွမ်းအင်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

သန့်ရှင်းမယ်၊ ဘေးကင်းမှုမြင့်မယ်၊ အန္တရာယ်နည်းမယ်၊ စွမ်းဆောင်ရည်မြင့်မယ်ဆိုတဲ့ အချက်တွေနဲ့ အံကိုက်ဖြစ်နေတဲ့ နည်းပညာက ဘယ်ဟာဖြစ်မလဲ


         Sustained Fusion Energy ပါ။ မြန်မာမှုပြုရင်တော့ စဉ်ဆက်မပြတ် ပေါင်းစည်းစွမ်းအင် လို့ခေါ်ရမှာပေါ့။ ဒါကတော့ ကျွန်တော်တို့ကို အလင်းရောင်နဲ့ အပူစွမ်းအင် ပေးနေတဲ့ နေလုံးကြီးနဲ့ သဘောသဘာဝ တူညီပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာ လက်ရှိ တွင်တွင် ကျယ်ကျယ် သုံးနေတဲ့ နျူကလီးယားနည်းပညာက Fission Energy ပါ။ အလွယ်ကူဆုံးပြောရရင် ယူရေနီယမ်လို အက်တမ်အကြီး ကြီးတွေကို နျူထရွန်နဲ့ ပစ်တိုက်ခွဲလိုက်ပြီး ဆင့်ကဲဓာတ်ပြုမှုကြောင့် ထွက်လာ တဲ့ အပူစွမ်း အင်ကို အသုံးချတာပါ။ အခုပြောတဲ့ Fusion Energy ကတော့ ဒီလိုမဟုတ်ပါဘူး။ ပြောင်းပြန်သဘောဆန်ပါတယ်။ အက်တမ်ပေါ့ပေါ့သေးသေးလေးတွေကို ပေါင်းစည်းစေခြင်းဖြင့် ထွက်လာတဲ့ အပူစွမ်းအင်ကို အသုံးချတာပါ။

ဒီနည်းပညာက ဘယ်လိုအလုပ်လုပ်တာလဲ


         ဟိုက်ဒရိုဂျင်အိုင်ဆိုတုပ် တစ်မျိုးဖြစ်တဲ့ Deuterium နဲ့ လစ်သီယမ်ကနေထုတ်ယူထားတဲ့ Tritium ကို အပူချိန်စင်တီဂရိတ် သန်း ၁၅၀ ဒီဂရီအထိ အပူပေးလိုက်မယ်ဆိုရင် ဟိုက်ဒရိုဂျင်အက်တမ်က ဟီလီယမ်အက်တမ်အဖြစ် ပေါင်းစည်းသွားပြီး အလွန်ကြီးမားတဲ့ အပူစွမ်းအင်ထွက်လာမယ်၊ အဲဒီစွမ်းအင်ကို ရေနွေးငွေ့အဖြစ် ပြောင်းပြီး တာဘိုင်တွေ လည်ပတ်ပြီး လျှပ်စစ်ထုတ်နိုင်ပါ တယ်။

လက်ရှိအသုံးပြုနေတဲ့ ဓာတ်ပေါင်းဖိုတွေနဲ့ အဓိကကွာခြားချက်

ဥပမာပေးရရင် လက်ရှိ Fission ဓာတ်ပေါင်းဖိုတွေက ထင်းမီးဖိုနဲ့ အလားတူပါတယ်။ လောင်စာကို အရင်ထည့်ထားပြီး မီးမွှေးရတယ်၊ မီးမွှေးပြီးရင်တော့ သူ့ဆီက အပူထွက်လာပြီ၊ တောက်လျှောက်အပူပေးနေစရာ မလိုဘူး၊ ဒါပေမဲ့ မီးတောက်အကြီးကြီးဖြစ်မသွားအောင် ထိန်းပေးထားရတယ်၊ မီး နည်းနေရင် ထင်းထပ်ထိုး၊ မီးများရင် ထင်းချောင်းတွေ ဆွဲထုတ်သလိုပေါ့လေ။ ထင်းမီးဖိုနဲ့ မတူတာက နျူကလီးယားဓာတ်ပေါင်းဖိုဖြစ်လို့ ရုတ်တရက် ရပ်ပစ်လိုက်လို့မရဘူး၊ ရပ်ဖို့အတွက်လည်း အချိန်ပေးရတယ်၊ လောင်စာကုန်သွားရင် ပြာတွေကျန်ခဲ့တယ်၊ ဒါပေမဲ့ ဓာတ်ရောင်ခြည်သင့်တဲ့ ပြာတွေပါ၊ မြေအောက်မှာ လုံလုံခြုံခြုံ စွန့်ပစ်ရတယ်၊ နှစ်ပေါင်း ထောင်ချီပြီး အန္တရာယ်ရှိနေတယ်။

Fusion Reactor ကတော့ ဂက်စ်မီးဖိုနဲ့ အလားတူပါတယ်။ လောင်စာ(ဂက်စ်)ကို တောက်လျှောက် လွှတ်ပေးနေရတယ်၊ ဂက်စ်ကို ဖြတ်လိုက်ရုံနဲ့ မီးငြိမ်းသွားတယ်။ ဒီလိုပဲ ဖျူးရှင်းဓာတ်ပေါင်းဖိုတွေကလည်း လောင်စာထည့်သွင်းမှုကို ရပ်လိုက်တာနဲ့ အမြန်ပဲ အေးသွားပြီး ရပ်သွားတယ်။ ပြာတွေ မကျန်ခဲ့ဘူး (ရေဒီယိုသတ္တိကြွပစ္စည်းအများကြီးမကျန်ခဲ့ဘူး)။

ဖျူးရှင်းဓာတ်ပေါင်းဖိုမှာ အဓိကအခက်အခဲက ဘာလဲ

 
        အဓိကအခက်အခဲကတော့ အထက်မှာရေးခဲ့တဲ့ အပူချိန် သန်း ၁၅၀ ဒီဂရီဆိုတာက နေရဲ့ အတွင်းပိုင်းအပူချိန်ထက်တောင် ဆယ်ဆလောက် များတဲ့ အပူချိန်ပါ။ အဲဒီအပူချိန်ရအောင် လုပ် ဖို့ လိုအပ်ပါတယ်။ အဲဒီအပူချိန် ရမှသာ Fusion Reaction ဖြစ်လာမှာပါ။ ဒီတော့ အဲဒီအပူချိန် ရအောင် လုပ်ဖို့ Ohmic Heating နဲ့ အပူချိန်တစ်ခုအထိရအောင်အပူပေး၊ အဲဒီအထဲကို အမှုန်အရှိန်ပေးစက်နဲ့ နျူထရွန်တွေပစ်သွင်းပြီး အပူထပ်မြှင့်၊ အဲဒါကို တစ်ခါ ရေဒီယိုလှိုင်းနဲ့ ထပ် အပူပေးတော့မှ လိုအပ်တဲ့ သန်း ၁၅၀ ဒီဂရီအထိ ရောက်လာမှာ။ အဲဒါကို ပလာစမာ (Plasma) အခြေအနေရောက်သွားတယ်လို့ ခေါ်ပါတယ်။ အဲဒီကျမှပဲ Fusion က ဖြစ်လာမှာပါ။

         အပူချိန်ပေးနိုင်ပြန်တော့ မပြီးသေးပါဘူး။ နောက်ထပ် ပြဿနာက အဲလောက် နေထက် တောင် ၁၀ ဆလောက် များတဲ့ ပလာစမာကို ဘယ်ဒြပ်သားကမှ မခံနိုင်ဘူး၊ အရည်ပျော်ပြာကျ သွားမှာပဲ၊ အဲဒီအပူချိန်ကို ကိုင်တွယ်နိုင်ဖို့က ပြဿနာနောက်တစ်ခုပါ။ သူနဲ့ ထိသမျှ အကုန် ပျော်ကျသွားမှာဆိုတော့ မထိအောင် ထားမှပဲ ရမှာပေါ့။

ဒီပြဿနာကို ဘယ်လိုရှင်းမလဲ


အဲဒီတော့ ဘယ်ဒြပ်သားနဲ့ မှာ မထိတွေ့ရဘဲ Plasma ကို သံလိုက်စက်ကွင်းထဲမှာ ချုပ်ထိန်းထားရပါတယ်။ အလွန်ပြင်းတဲ့ သံလိုက်စက်ကွင်းက ဖန်ပုလင်းကြီးလိုမျိုး အလုပ်လုပ်ပြီး Plasma ကို သူ့ထဲမှာ ချုပ်နှောင်ထား လိုက်တယ်။ အဲဒီထဲကမှ လျှပ်စစ်ဓာတ်အဖို/အမမရှိတဲ့ စွမ်းအင်မြင့်နျူထရွန်တွေက သံလိုက်စက်ကွင်းကို ကျော်ပြီး ဓာတ်ပေါင်းဖိုနံရံကို သွားပြေးတိုက် တယ်။ အဲဒီက အပူကို ရေနွေးငွေ့ထုတ်ပြီး လျှပ်စစ်တာဘိုင်တွေ မောင်းနှင်တာပါ။

အားနည်းချက်၊ အားသာချက်များ


အားသာချက်ကို အရင်ပြောရရင်တော့ Fusion Reactor လည်ပတ်ဖို့အတွက် လိုအပ်တဲ့ Deuterium ကို ပင်လယ်ရေကနေ ပေါပေါများများရနိုင်ပြီး နှစ်သန်းပေါင်းများစွာ မကုန်နိုင် မခမ်း နိုင်ပါဘူး။

Tritium ကလည်း လီသီယမ်ကနေ ထုတ်လို့ရတဲ့အပြင် ဓာတ်ပေါင်းဖို စတင် လည်ပတ်ချိန်မှာသာ လိုအပ်ပြီး လည်ပတ်နေပြီဆိုရင် သူ့ဘာသာသူ Tritium ပြန်ထုတ်နေတာမို့ အများကြီး ထည့်ပေးစရာမလိုပါဘူး။ ဒီတော့ လောင်စာပေါများတယ်ဆိုပါတော့။

နောက်တစ်ချက်က လက်ရှိ Fission Reactor တွေလို ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်သင့် မှာကို စိုးရိမ်စရာမလိုပါဘူး။ တစ်ခုခုချို့ယွင်းသွားတာနဲ့ အပူချိန်က ချက်ချင်း လျော့ကျသွားမှာမို့ အန္တရာယ်ကင်းပါတယ်။

ဖျူးရှင်းဓာတ်ပေါင်းဖိုက ထွက်တဲ့ ဓာတ်ငွေ့ကလည်း ဟီလီယမ်ဓာတ်ငွေ့ပဲမို့ ဓာတ်ရောင် ခြည်မသင့်တဲ့အပြင် ပြန်သုံးလို့တောင် ရသေးပါတယ်။ ဓာတ်ပေါင်းဖိုနံရံတွေကတော့ ဓာတ်ရောင်ခြည်သင့်မှု အနည်းငယ်ရှိတယ်ဆိုပေမဲ့ နှစ် ၁၀၀ လောက်မှာတင် အန္တရာယ်ကင်းတဲ့ အခြေအနေ ရောက်လောက်အောင် သက်တမ်းတိုပါတယ်။ Fission Reactor တွေလို စွန့်ပစ်ပစ္စည်းအန္တရာယ် နှစ်ပေါင်း ထောင်ချီမကြာဘူး။

အားနည်းချက်ကတော့ လက်ရှိအနေအထားမှာ သုတေသနလုပ်ဆဲဖြစ်ပြီး ကုန်ကျစရိတ် အလွန်များပါတယ်။ နည်းပညာပိုင်းအလွန်ရှုပ်ထွေးပြီး ဆက်လက်သုတေသနပြုဖို့ လိုနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၃၅ ခုနှစ်လောက်မှာ စီးပွားဖြစ်ဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်မယ်လို့ သိပ္ပံ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
         



မောင်သိပ္ပံ

Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားကမ္ဘာ့စွမ်းအင်အနာဂတ်အတွက် သန့်ရှင်း၊ ထက်မြက်သော Sustained Fusion Energyအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၂"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါ