ReadAct
အပိုင်း ၂ - ခင်ဗျားရဲ့ ဇာတ်လမ်းကို ပုံဖော်ခြင်း
ဒုတိယ အပိုင်းကတော့ ခင်ဗျားရဲ့ ဘဝအတွေ့အကြုံတွေကို လူတွေရဲ့ နှလုံးသားကို ထိစေမယ့် အနုပညာအဖြစ် ဘယ်လို ပြောင်းလဲရမလဲဆိုတဲ့ အကြောင်းပါပဲ။
Matthew Dicks ပြောတာက ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ဖို့ ရှင်းလင်းပြတ်သားမှု၊ စိတ်ခံစားမှု နဲ့ ပြောင်းလဲမှုတွေပဲ လိုပါတယ်။ အဲ့ဒါတွေ ပိုင်နိုင်ရင် ဘယ်သူမဆို ဇာတ်လမ်းကောင်း ပြောနိုင်ပါပြီတဲ့။
ခင်ဗျားပြောပြမယ့် ဇာတ်လမ်းတိုင်းမှာ ဒါတွေ ပါရမယ်
• ရှင်းလင်းတဲ့ တည်ဆောက်ပုံ ရှိရမယ်။
• လူတွေကို စိတ်ဝင်စားစေမယ့် စွန့်စားရမှု (stakes) နဲ့ တင်းမာမှု (tension) ကို ဖန်တီးပေးရမယ်။
• စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်သွားတဲ့ "ငါးစက္ကန့်စာ အခိုက်အတန့်" တစ်ခုဆီကို ဦးတည်သွားရမယ်။
• နောက်ဆုံးမှာ ရှင်းပြချက်တွေနဲ့ မဟုတ်ဘဲ၊ ပြောင်းလဲသွားတဲ့ ပုံစံနဲ့ အဆုံးသတ်ရမယ်။
အခန်း ၆ — စစ်မှန်ပါ
အရေးကြီးဆုံးအချက်။ ခင်ဗျားရဲ့ အားနည်းချက်၊ ရှက်စရာကောင်းတဲ့ အတွေ့အကြုံတွေကပဲ အကောင်းဆုံး ဇာတ်လမ်းတွေ ဖြစ်လာနိုင်တာ။ ရဲရဲဝံ့ဝံ့ ပွင့်လင်းလိုက်ပါ။ ခင်ဗျားရဲ့ အမှားကို ဝန်ခံလိုက်။ ပြီးပြည့်စုံတဲ့သူ မဖြစ်ချင်နဲ့။ အစစ်အမှန်အတိုင်း ချပြပါ။
သူတို့က မင်းကို ပြီးပြည့်စုံစေချင်တာ မဟုတ်ဘူး၊ မင်းကို လူသားဆန်တဲ့ အစစ်အမှန်တစ်ယောက် ဖြစ်စေချင်တာ!
အခန်း ၇ — ငါးစက္ကန့်ပဲ လိုတယ်
ခင်ဗျား ဇာတ်လမ်းရဲ့ နှလုံးသားကို ရှာပါ။ ဇာတ်လမ်းတစ်ခုလုံးဟာ ခင်ဗျားရဲ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်လေး တစ်ခုဆီကိုပဲ ဦးတည်နေရမယ်။
• "ငါ့ကို ဘယ်အချိန်က ပြောင်းလဲသွားစေတာလဲ?" လို့ မေးကြည့်။
• ခင်ဗျားရဲ့ ဇာတ်လမ်းကို အဲ့ဒီ "ငါးစက္ကန့်စာ ပန်းတိုင်" ကို ရောက်အောင် တည်ဆောက်လိုက်! ဥပမာ- "ငါ့အဖေက ငါ့ကို တကယ်ချစ်ပါတယ်၊ ငါမျှော်လင့်သလို ပုံစံမဟုတ်ဘူး" လို့ ရုတ်တရက် သဘောပေါက်လိုက်တာမျိုးပေါ့။
အခန်း ၈ — စစချင်းကို ရှာ
ဇာတ်လမ်းစတာ အမြဲလိုလို စောနေတတ်တယ်။ နောက်ခံသမိုင်းတွေ၊ ကိုယ်ရေးအကျဉ်းတွေနဲ့ အချိန်မဖြုန်းပါနဲ့။
• ပြောင်းလဲမှု မစခင် နည်းနည်းလေးအလို ကနေ စလိုက်!
• တင်းမာမှု သို့မဟုတ် ဆုံးဖြတ်ချက် စတင်တဲ့နေရာဟာ ခင်ဗျားရဲ့ ပထမဆုံး မြင်ကွင်းဖြစ်ရမယ်။
အခန်း ၉ — စွန့်စားရမှု (Stakes) ငါးမျိုးနဲ့ စွဲဆောင်ပါ
လူတွေက ဘာလို့ ဒီဇာတ်လမ်းကို စိတ်ဝင်စားရမလဲ? "ဘာလို့ အရေးပါတာလဲ?" ဆိုတဲ့ အဖြေကို ရှာပါ။
• စိတ်ခံစားမှု (ကိုယ်ပိုင် ဆုံးရှုံးမှု/ရရှိမှု)
• ရုပ်ပိုင်းဆိုင်ရာ (အန္တရာယ်၊ အဆင်မပြေမှု)
• ဂုဏ်သတင်း (လူတွေ ဘာထင်မလဲ)
• ဆက်ဆံရေး (ဆက်ဆံရေး ပြတ်တောက်သွားမလား)
• ကိုယ်ကျင့်တရား (ယုံကြည်ချက် စမ်းသပ်ခံရတာ)
ဒိုင်နိုဆောတွေအကြောင်း မဟုတ်ဘူး၊ မင်းကလေးတွေကို ကာကွယ်ခြင်းအကြောင်းပဲ!
အခန်း ၁၀ — ခွင့်ပြုထားတဲ့ လိမ်ညာမှု ၅ မျိုး
ဇာတ်လမ်းက အမှန်တရားပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ပိုကောင်းအောင်၊ ပိုရှင်းအောင် သေးသေးလေး ပြောင်းလို့ရတယ်။
• အချိန်ကို ချုံ့လိုက် (ရက်ပေါင်းများစွာကို တစ်ရက်လုပ်)
• စကားပြောတာကို ပိုရှင်းအောင် ပြင်လိုက်
• အစီအစဉ်ကို ပြောင်းလိုက်
• မဆိုင်တာတွေ ချန်ထားခဲ့
• မှတ်ဉာဏ်ကို တတ်နိုင်သလောက် ပြန်ဖန်တီး
ပန်းတိုင်က စိတ်ခံစားမှုဆိုင်ရာ အမှန်တရား ဖြစ်တယ်၊ စစ်ဆေးရေးမှူးရဲ့ တိကျမှု မဟုတ်ဘူး
အခန်း ၁၁ — စိတ်ရဲ့ရုပ်ရှင်ရုံ
လူတွေ မြင်အောင် ပြောပြပါ။ သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အမြဲသိနေပါစေ။
• တိကျတဲ့ နေရာနာမည်တွေ ပေးပါ ("ကျောင်း" မဟုတ်ဘဲ "ကံ့ကော်ဆောင်က စာသင်ခန်း")
• မြင်ရ၊ ကြားရ၊ ရှူရ၊ ခံစားရတဲ့ အသေးစိတ် အာရုံတွေကို တိုတိုနဲ့ ထိထိမိမိ ဖော်ပြပါ
ပရိသတ်က မမြင်နိုင်ရင်၊ သူတို့က မခံစားနိုင်ဘူး!
အခန်း ၁၂ — "ဒါပေမဲ့ (But)" နဲ့ "ဒါကြောင့် (Therefore)"
"ပြီးတော့..." ဆိုတာကို မသုံးနဲ့တော့! ဒါကို အစားထိုးလိုက်:
• "ဒါပေမဲ့" က ပဋိပက္ခနဲ့ အံ့အားသင့်မှုကို ယူလာတယ်။
• "ဒါကြောင့်" က အကျိုးဆက်ကို ဖန်တီးတယ်။
• “ငါ့သူဌေးကို အထင်ကြီးစေချင်တယ်၊ ဒါပေမဲ့ကော်ဖီ ဖိတ်ချပစ်လိုက်တယ်။ ဒါကြောင့် အင်္ကျီလျှော်နေရတယ်…”
အခန်း ၁၃ — "ဒါ ပျက်တော့မယ်!"
တင်းမာမှု က ခင်ဗျားဇာတ်လမ်းကို အသက်ဆက်ရှင်စေတယ်။ တစ်ခုခု မှားတော့မယ်လို့ ပရိသတ်ကို ကတိပေးလိုက်ပါ
• ကြောက်ရွံ့မှု နဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု ကို တည်ဆောက်ပါ
အခန်း ၁၄ — ကြီးမားတဲ့ ဇာတ်လမ်းကို သေးငယ်အောင် လုပ်ပါ
အကြီးကြီးတွေ မပြောနဲ့! မီးလောင်တာ၊ စစ်ပွဲတွေဆိုတာ လူတွေနဲ့ ဝေးတယ်။
• "အိမ်မီးလောင်သွားတယ်" မဟုတ်ဘူး။
• "ငါ့ ကလေးဘဝစောင်လေး ပြာဖြစ်သွားတာ ထိုင်ကြည့်နေရတယ်" လိုမျိုး သေးငယ်ပြီး စိတ်ခံစားမှုပြင်းထန်တဲ့ အခိုက်အတန့် ကိုသာ အာရုံစိုက်ပါ
ဇာတ်လမ်း ပိုသေးလေ၊ ပရိသတ်ကို ပိုကြီးတယ်လို့ ခံစားရစေလေပဲ!
အခန်း ၁၅ — ငိုစေချင်ရင် ရိုးသားလိုက်
လူတွေကို ငိုအောင် မကြိုးစားနဲ့။ ခင်ဗျားရဲ့ အမှန်တရားကို ပြောပြပြီး ငိုခြင်းကို ရယူ လိုက်ပါ။ ခင်ဗျားကိုယ်တိုင်ရဲ့ အမှန်တရားကို ထုတ်ပြောလိုက်တာနဲ့ သူတို့က ခံစားပြီး ငိုပါလိမ့်မယ်။
အခန်း ၁၆ — ဟာသဆိုတာ ရိုးသားမှုနဲ့ ထူးခြားတဲ့ အသေးစိတ်
ရယ်စရာဖြစ်အောင် "မကြိုးစားပါနဲ့"။ ရိုးသားမှု နဲ့ မထင်ထားတဲ့ အသေးစိတ် တွေကပဲ ဟာသဖြစ်စေတယ်။
အခန်း ၁၇ — မပြေလည်တဲ့ အဆုံးသတ်
"ဒါကနေ ငါသင်ယူခဲ့ရတာက..." လို့ ရှင်းပြပြီး မပြီးလိုက်ပါနဲ့။
• ပြောင်းလဲသွားတဲ့ အခိုက်အတန့်မှာပဲ ရပ်လိုက်ပါ!
• ဆုံးမစာ မလိုဘူး။ အနှစ်ချုပ် မလိုဘူး။
ဇာတ်လမ်းက ခင်ဗျားပြောင်းလဲသွားတဲ့ အချိန်မှာ ပြီးဆုံးတယ်— ရှင်းပြတဲ့အခါ မဟုတ်ဘူး
အပိုင်း ၂ ရဲ့ တစ်ကြောင်းတည်း အနှစ်ချုပ်
"တည်ဆောက်ပုံ၊ စွန့်စားရမှုနဲ့ ရိုးသားမှုတွေက မင်းရဲ့ဘဝကို အနုပညာအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဇာတ်လမ်းကောင်းတိုင်းဟာ လူသားတစ်ယောက်ရဲ့ ပြောင်းလဲမှု အခိုက်အတန့်တစ်ခုဆီကို ဦးတည်နေတာပါပဲ!"
၁။ ခင်ဗျားရဲ့ ငါးစက္ကန့် အခိုက်အတန့်ကို ရှာပါ။
ဒါက ဇာတ်လမ်းရဲ့ အသည်းနှလုံးပဲ။ ခင်ဗျားရဲ့ဘဝ ဒါမှမဟုတ် အတွေးအခေါ် တကယ်ပြောင်းသွားတဲ့ "ချက်ကနဲ" ဆိုတဲ့ အချိန်လေးကို ရှာပါ။
• ဥပမာ:
• ကိုယ့်တန်ဖိုးကိုယ် သိသွားတာမျိုး: "ကျွန်မက 'သာမန် ဆရာမပါ' လို့ ပြောနေခဲ့ရာကနေ၊ ကျောင်းသားမိဘတစ်ဦးက 'ရှင် သူ့ဘဝကို ပြောင်းလဲပေးခဲ့တာ' လို့ ပြောလိုက်တဲ့ အချိန်မှာ၊ ငါ တကယ် အရေးပါတာပဲ လို့ ရင်ထဲက သိလိုက်ရတာမျိုး။"
• ခွင့်လွှတ်နိုင်ခဲ့တာမျိုး: "အဖေဆုံးတော့ သူ့ကားဂိုဒေါင် ရှင်းရင်း၊ 'ပိုကောင်းတဲ့ ဖခင် မဖြစ်ခဲ့လို့ တောင်းပန်ပါတယ်' ဆိုတဲ့ စာလေး တွေ့လိုက်ရတယ်။ အဲဒီ့မှာပဲ ရင်ထဲက မကျေနပ်မှုတွေ ပြေပျောက်ပြီး ခွင့်လွှတ်လိုက်တယ်။"
၂။ " ဒီလိုဖြစ်တယ်.. ဒါပေမဲ့(But) / ဒါကြောင့် (Therefore) ဒီလိုလုပ်ခဲ့တယ်" ပုံစံ သုံးပါ
ဇာတ်လမ်းပြောတဲ့အခါ "ဒီလိုလုပ်တယ် ပြီးတော့မှ ဒီလိုဖြစ်တယ်" ဆိုတဲ့ ပုံစံကို ရှောင်ပါ။ တင်းမာမှု (Tension) နဲ့ စိတ်ဝင်စားစရာ ကောင်းအောင် "ဒါပေမဲ့/ဒါကြောင့်" ပုံစံနဲ့ ချိတ်ဆက်ရမယ်။
• ဥပမာ - အင်တာဗျူး:
• "ဟိုလူကို သဘောကျအောင် လုပ်ချင်ခဲ့တယ်၊ ဒါပေမဲ့ (But) သူ့စားပွဲပေါ် ကော်ဖီ ဖိတ်ပစ်လိုက်တယ်။ ဒါကြောင့် (Therefore) ဟာသလုပ်ပြီး လက်ကိုင်ပဝါ ကမ်းပေးလိုက်ရတာပေါ့။"
• ဥပမာ - စိတ်လှုပ်ရှားမှု:
• "စိတ်မလှုပ်ရှားဘူးလို့ ကိုယ့်ဘာသာ ပြောခဲ့တယ်၊ ဒါပေမဲ့ (But) လက်တွေ တုန်နေလို့ ဘောပင် လိမ့်ကျသွားတယ်။ ဒါကြောင့် (Therefore) 'ကျွန်မ စိတ်လှုပ်ရှားနေတာပါ' လို့ ရိုးရိုးသားသား ဝန်ခံလိုက်တယ်။" (အဲဒီ့မှာ စိတ်ပြေလက်ပျောက် ဖြစ်သွားတာပဲ)
၃။ အကျိုးအပြစ် (Stakes) ကို မြှင့်တင်ပါ။
ဘာတွေများ စွန့်စားရမလဲ ဆိုတာကို ပရိသတ်ကို သိစေမှ သူတို့က ခင်ဗျားဇာတ်လမ်းကို စိတ်ဝင်တစား နားထောင်မှာ။ ကိုယ့်ဂုဏ်သိက္ခာ ဒါမှမဟုတ် ဆက်ဆံရေးကို လောင်းကြေးထပ်ရရင် ပိုဆွဲဆောင်အားကောင်းတယ်။
• ဥပမာ:
• ဟောပြောပွဲ: "ငါ စင်ပေါ်မှာ စာသားတွေ မေ့ကုန်ရင်၊ ငါ့ကို လာကြည့်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာကို ဘယ်လိုများ ပြရပါ့မလဲ။" (လူတွေရဲ့ အမြင်၊ ကိုယ့်ဂုဏ်သိက္ခာ)
• လျှို့ဝှက်ချက်: "ညီမလေးကို ဒီမတော်တဆမှု ငါ့ကြောင့်ဆိုတာ ဖွင့်ပြောလိုက်ရင်၊ သူ ငါနဲ့ ဘယ်တော့မှ စကားမပြောတော့မှာကို စိုးရိမ်ရတယ်။" (ဆက်ဆံရေး)
၄။ နောက်ကျမှ စပါ၊ စောစောဆုံးပါ
မလိုအပ်တဲ့ အစချီတွေကို ရှောင်ပြီး၊ ပြောင်းလဲမှု စတင်မယ့် နေရာကနေ ဇာတ်လမ်းကို စတင်ပါ။ ပြီးတော့ ပြောင်းလဲမှု ပြီးတဲ့အခါ ချက်ချင်း ရပ်လိုက်ပါ။
• မလုပ်သင့်တာ: "ကျွန်တော် မြို့ငယ်လေးမှာ မွေးခဲ့ပြီး..." (အချိန်ကုန်လွန်)
• လုပ်သင့်တာ: "ဘွဲ့မယူခင် တစ်ရက်အလိုမှာ၊ အမေက ဖုန်းဆက်ပြီး လာလို့မရတော့ဘူးလို့ ပြောတယ်..." (စိတ်ခံစားမှု စတင်)
အဆုံးသတ်: "စင်ပေါ်က ဆင်းလာတဲ့အခါ၊ အမေ ဂုဏ်ယူနေမှာပဲလို့ သိလိုက်ရတယ်။" (ဒီမှာ ရပ်။ "ဒါ့ကြောင့် ဇွဲရှိရမယ်လို့ သင်ခန်းစာရခဲ့တယ်" ဆိုတာမျိုး ထပ်ထည့်စရာ မလိုဘူး။)
၅။ စိတ်ထဲက ရုပ်ရှင်ရုံကို ဖန်တီးပါ
နားထောင်သူတွေကို ဇာတ်ကွက်ထဲ တန်းရောက်သွားအောင် ပုံရိပ်တွေ၊ အနံ့အရသာတွေ၊ ခံစားမှုတွေကို အသုံးပြုပြီး ပုံဖော်ပေးပါ။
• ဥပမာ - ဆေးရုံ: "နှလုံးခုန်နှုန်းတိုင်း စက်က တတီတီ မြည်နေတယ်။ အခန်းထဲမှာ ပိုးသတ်ဆေးနံ့တွေ လှိုင်လို့။ အဖွားရဲ့လက်ကောက်ဝတ်ကို လှုပ်ရှားမှုလေး ခံစားရအောင် ကိုင်ထားရတယ်"
• ဥပမာ - ကလေးဘဝ: "ဘောလုံးက လှိမ့်လာချိန်မှာ၊ ကျွန်တော့်ဖိနပ်က ကြမ်းပြင်ပေါ် ကျီခနဲ မြည်ပြီး ချော်သွားတယ်။ လူတိုင်း အသက်အောင့်ထားကြတယ်။"
၆။ ရဲရဲဝံ့ဝံ့ ဝန်ခံပါ ( Vulnerability )
ခင်ဗျားပြောဖို့ အကြောက်ဆုံး၊ ဒါပေမဲ့ အမှန်ဆုံး ဖြစ်တဲ့ စကားတစ်ခွန်းကို ဇာတ်လမ်းထဲ ထည့်သွင်းလိုက်ပါ။ ဒါက ဇာတ်လမ်းကို လူသားဆန်ပြီး ပိုနက်နဲစေတယ်။
• ဥပမာ - ချစ်ခြင်း:
• အရင်: "သူမ ဖုန်းခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ ဂရုမစိုက်ဘူးလို့ ပြောခဲ့တယ်"
• ပြင်ပြီး: "ဂရုမစိုက်ဘူးလို့သာ ပြောခဲ့တာ — တကယ်တော့ အဲဒီညက ဆယ်မိနစ်တစ်ခါ ဖုန်းကို ကောက်ကြည့်နေမိတာ"
• ဥပမာ - မိဘ: "သားကို ဆေးဖိတ်လို့ အော်ခဲ့ပြီး၊ သူ့မျက်နှာလေး မြင်လိုက်မှ ငါ တကယ်ဒေါသထွက်နေတာ ကိုယ့်ကိုယ်ကိုမှန်း သိလိုက်ရတယ်"
၇။ အဆုံးသတ် စစ်ဆေးချက် (Frayed Ending)
အဆုံးသတ်မှာ စိတ်ခံစားမှုနဲ့ပဲ ရပ်လိုက်ပါ။ ရှင်းပြချက်တွေ ထပ်မထည့်ပါနဲ့။
• ဥပမာ - ပြေးခြင်း: "၂၆ မိုင် အရောက်မှာ 'Go Mom' လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ သမီးကို တွေ့လိုက်ရပြီး မျက်ရည်ကျခဲ့ရတယ်။"
• ဒီမှာ ရပ်လိုက်ပါ! ပရိသတ်ကို သူတို့ဘာသာ အဓိပ္ပာယ်ကို ခံစားခွင့်ပေးပါ။
အကုန်ပေါင်းပြီး ကြည့်ရအောင် - နမူနာဇတ်လမ်းလေး
ခေါင်းစဉ်: ကော်ဖီခွက်
• အစ: "ကျွန်မ ဆရာမအသစ်အနေနဲ့ ကော်ဖီခွက်ကို ဒိုင်းအကာလို ကိုင်ပြီး အတန်းထဲ ဝင်လာခဲ့တာ"
• But/Therefore: "ကျောင်းသားတွေက ငြီးငွေ့နေပေမဲ့၊ ကော်ဖီခွက် လွတ်ကျပြီး မှောက်သွားတဲ့အခါ... ဒါကြောင့် ကျွန်မ ရယ်လိုက်တော့ သူတို့ပါ ရယ်ကြတယ်"
• ငါးစက္ကန့်: "အဲဒီရယ်သံက ကျွန်မ သိလိုက်တဲ့ အချိန်ပဲ: သူတို့ ပြီးပြည့်စုံတဲ့ ဆရာမ ကို မလိုချင်ဘူး — သူတို့နဲ့ အတူရှိနေတဲ့ ဆရာမ ကိုပဲ လိုချင်တာ"
• အဆုံး: "ကျောင်းဆင်းတော့ အဲဒီ့ကွဲနေတဲ့ ဖန်ခွက်ကို လွှင့်ပစ်လိုက်တယ်"
အနှစ်ချုပ်
ဇာတ်လမ်းဖွဲ့စည်းပုံက အရိုးစုလိုပဲ။ အဲဒီ အရိုးစုထဲမှာ စိတ်ခံစားမှုက နှလုံးခုန်သံလို ရှင်သန်နေစေရမယ်။ ဒါဆိုရင် လူတွေက ခင်ဗျားရဲ့စကားကို စွဲစွဲမြဲမြဲ နားထောင်နေမှာပဲ။
ယခု လက်တွေ့အသုံးချ စာအုပ်ကို Matthew Dicks ရဲ့ Storyworthy စာအုပ်မှ ကောက်နှုတ်ပြီး ReadAct အဖွဲ့သားများမှ ပြင်ဆင်၊ တည်းဖြတ်ပါတယ်။
ReadAct: တကယ် ပြောင်းလဲဖို့ ဖတ်ပြီးရင် ထလုပ်
Keep Reading