Author's Profile Photo

တင်ညွန့်

19/09/2025

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း

3 mins read
Life Style
Education
General Knowledge
အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း's photo

အိန္ဒိယနိုင်ငံပညာရေးစနစ်အကြောင်းမေးလျှင် ထိုနိုင်ငံတွင် စနစ်မရှိ၊ စာမေးပွဲသာရှိသည်ဟု ဖြေကြသည်။ ဆိုလိုသည်မှာ စာမေးပွဲထက်ဘာမျှအရေးမကြီးဆိုသည့် ပညာရေးစနစ်ဖြစ်နေသည်။

(၁) အလွတ်ကျက်ပညာရေး
ကျောင်းသားအရွယ် ငယ်စဉ်ကတည်းက စာမှန်လျှင် အလွတ်ကျက်ရမည်ဟုသာ နားလည်ထားကြသည်။ စာကို နားလည်ရန် ဖတ်ရမည်ထက် အလွတ်ကျက်ရန်သာ တိုက်တွန်းနေသော ဆရာတွေကြောင့်ဖြစ်သည်။
CBSE, ICSE သို့မဟုတ် အစိုးရစစ်စာမေးပွဲများတွင်လည်း အလွတ်ကျက်နိုင်သမျှ ပြန်ရေး၊ အမှတ်ပေးသည့် စနစ်ကိုသာကျင့်သုံးဆဲဖြစ်သည်။
ဥပမာ - ဘာမျှနားမလည်၊ သဘောတရားလည်းမသိ၊ ကျက်အားကောင်း၊ မှတ်အားကောင်းသော ကျောင်းသား တစ်ယောက်သည် ရူပဗေဒဘာသာရပ်တွင် အမှတ်အကောင်းဆုံးဖြစ်နေသည်။ သူ့ကို သဘောတရားတစ်ခုအား ဘာလဲဟု မေးလိုက်လျှင် ဖြေရှင်းမပြနိုင်ကြောင်းတွေ့ရသည်။
ရလဒ်ကားအဘယ်နည်း
ထိပ်တန်းဆိုသည့် (Toppers) တွေမွေးထုတ်ပေးနေသော ပညာရေးဖြစ်နေပြီး၊ တွေးခေါ်စဉ်းစားနိုင်စွမ်းရှိသော သူများ ထွက်ပေါ်မလာခြင်းဖြစ်သည်။

(၂) အဖြေလွှာနှင့် အဆုံးအဖြတ်ပေး ပညာရေး
NEET, JEE နှင့် အစိုးရစစ်စာမေးပွဲများတွင် ဖြေဆိုချိန်မှာ ၃ နာရီကြာသည်။ ထို ၃ နာရီအတွင်း ခေါင်းခြောက် အောင်စဉ်းစားဖြေဆိုနေကြရသည်။ ထိုစာမေးပွဲဖြေဆိုချိန်ကာလအတွင်း မူးမေ့လဲကျ နှလုံးရောဂါရသူတွေပင် ရှိခဲ့သည်။ တစ်နှစ်လုံး ကြိုးစားလာသမျှကို ၃ နာရီနှင့် အဆုံးအဖြတ်ပေးသည်ဆိုခြင်းမှာ စဉ်းစားသင့်သည်။
ကြိုးစားရှာခဲ့သမျှ ၃ နာရီဆိုသည့် ကာလအတွင်း ရချင်လည်းရမည်၊ မရချင်လည်းမရဆိုသည်မှာ ပညာရေး မဟုတ်။ လောင်းကစားဝိုင်းသာဖြစ်ပေလိမ့်မည်။

(၃) လူငယ်တွေကို တီထွင်ဖန်တီးလိုစိတ် သင်းသတ်ထားသောပညာရေး
ပန်းချီဆွဲခြင်းကို ကျောင်းတွေက အချိန်ဖြုန်းသည်ဆိုကာမသင်
ဝတ္ထုဇာတ်လမ်းရေးခြင်းကို အသုံးမဝင်ဆိုကာ သင်ရကောင်းမှန်းမသိ
ပြဋ္ဌာန်းစာအုပ်ပါအချက်အလက်များကို ဝေဖန်ဆွေးနွေးရကောင်းမှန်းမသိ၊ ဆရာဆိုလျှင်ပညာရှိ၊ ပြန်မေးရ ကောင်းမှန်း၊ ဝေဖန်ရကောင်းမှန်းနားမလည်။
“မမေးနဲ့ … ရေး”
“မတွေးနဲ့ … လုပ်” ဆိုသည့် ပညာရေးခွင်ထဲတွင် ကျင်လည်နေကြရသည်။
ရလဒ်က အဘယ်နည်း
သန်းပေါင်းများစွာသော ထက်မြက်သည့် လူငယ်များသည် မစဉ်းစား၊ မဝေဖန်နိုင်ပဲ၊ သူလိုငါလို သာမန်ဘဝနှင့် ကြီးပြင်းလာကြရသည်။

(၄) လက်တွေ့နှင့်ကင်းကွာနေသောပညာရေး
အိန္ဒိယနိုင်ငံတွင် တစ်နှစ်လျှင် အင်ဂျင်နီယာ၊ ဆရာဝန်နှင့် ဘွဲ့ရတွေ ထောင်ပေါင်းများစွာ မွေးထုတ်ပေးနေ သည်။ သို့သော် သူတို့အတွက် အလုပ်ပေးရန် အသင့်ရှိနေပြီလားဟု မေးလိုက်လျှင်၊ မရှိဟုသာ ဖြေရမည် ဖြစ်သည်။
သူတို့သည် စာမေးပွဲတွေအောင်ကာ ဘွဲ့တွေရလာသည်မှာ မှန်ပါသည်။ သို့သော် ဘာလုပ်တတ်သလဲ မေးလိုက်လျှင် ဘာမျှ မလုပ်တတ်။ စာတွေ့နှင့် အလွတ်ကျက်အမှတ်ပေးစနစ်က မွေးထုတ်ပေးလိုက်သူများမှာ လုပ်ငန်းခွင်ရောက်လျှင် ကြောင်တောင်တောင်လေးတွေ ဖြစ်နေကြသည်သာ။
MBBS ဘွဲ့ရလာသော ဆရာဝန်များသည်ပင် ဆေးကုသနိုင်ရန်အတွက် ဆေးရုံ၊ ဆေးခန်းကြီးများတွင် တိတ်တိတ်ပုန်းသွားကာ လက်တွေ့သင်ကြားနေကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းတွေက လက်တွေ့ထက်၊ စာတွေ့ကိုသာ ဦးစားပေးနေသောကြောင့်ပင်။

(၅) ကလေးတွေစိတ်ကျန်းမာရေး ဦးစားမပေးသည့် ပညာရေး
NEET နှင့် JEE စာမေးပွဲများတွင် ဖိအားအလွန်များသည်။ အလွန်ရက်စက်သော စာမေးပွဲများဟု ဆိုနိုင်သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် စာမေးပွဲကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အမြင့်ဆုံးနိုင်ငံဖြစ်သည်။ ကျောင်းတွေကပြဋ္ဌာန်းချက်တွေကမြင့်၊ တက္ကသိုလ်၊ ကောလိပ်တွေကလည်း အမှတ်မြင့်၊ မိဘတွေကလည်း ကိုယ့်သားသမီးတွေကို တွန်းအားမြင့်ကြသောကြောင့် ကျောင်းသား ကလေးတွေဘဝမှာ အချိန်ကိုက်ဗုံးတွေ ထောင်ထားသော မိုင်းကွင်းထဲကို လျှောက်သွားနေရသလိုဖြစ်နေသည်။
ကျောင်းတွေမှာ စိတ်ပညာဆိုင်ရာ သဘောတရားတွေ သင်ကြားသူလည်းမရှိ၊ သင်ကြားရန်စာလည်းမရှိ၊ သင်ကြားပါဟု လမ်းညွှန်သူလည်းမရှိဖြစ်နေသည်။

(၆) ဆရာတွေကလစာနည်း၊ တန်ဖိုးထားခြင်းမခံရသောပညာရေး
ကိုယ့်နိုင်ငံပညာရေးကို ကိုယ့်နိုင်ငံကပြည်သူတွေက လေးစားယုံကြည်ကာ တန်ဖိုးထားခြင်း မခံရလျှင် ထိုပညာရေးသည် အလကားပညာရေးသာဖြစ်လိမ့်မည်။
ဆရာတွေက ကျောင်းတွေမှာ ဝန်နှင့်အားမမျှအောင် သင်နေရသည်။ သင်တန်းလည်းမရှိ၊ လစာကလည်းနည်း သဖြင့် ဆရာအလုပ်ကို စိတ်ဝင်စားမှုနည်းကြသည်။
တော်သည့် ပညာရှင်တွေက စိတ်ပျက်ကာ အလုပ်ပြောင်း၊ နေရာပြောင်းကုန်ကြသည်။ ဘာဖြစ်ဖြစ် လစာရ ပြီးရောတွေက လုပ်ငန်းခွင်တွင်ကျန်ကာ တာဝန်ကျေသင်နေကြသည်။ အညံ့ဆုံးဆိုသူတွေနှင့် အကောင်းဆုံး ဆိုသည်မှာ ဖြစ်မလာနိုင်ပေ။

(၇) တစ်ဦးချင်းကျွမ်းကျင်မှုကို ဦးစားမပေးသည့် ပညာရေး
သူတို့ကျောင်းသားတွေထဲတွင် ကွန်ပျူတာ Code ရေးနိုင်သူများ၊ တီထွင်ဖန်တီးနိုင်သူများ၊ စာရေးကောင်း သူများ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူများ၊ ဆောက်လုပ်ရေးအတတ်ကျွမ်းကျင်သော ကျောင်းသားများ ရှိသော်လည်း ထိုကျောင်းသားများသည် ကျောင်းတွင်စစ်ဆေးသည့် စာမေးပွဲရမှတ်တွင် ၉၅ ရာခိုင်နှုန်း မရလျှင် လူတော်ဟူ၍ သတ်မှတ်ခြင်း မခံရ။ ထိုကျောင်းသားတွေမှာ ကျောင်းမှာမတော် အသက်မွေးရန် ပညာတော်သူ တွေဖြစ်နေသော်လည်း အသိအမှတ်ပြုခြင်း မခံရပေ။
အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံတွင် စာမေးပွဲရမှတ်သည် အဆုံးအဖြတ်ဖြစ်နေသည်။
ကလေးတစ်ယောက် ဘယ်၍ ဘယ်မျှ လုပ်ဆောင်နိုင်စွမ်းရှိသည်ဆိုခြင်းမှာ မရေးမပါ။
ကမ္ဘာက ကျွမ်းကျင်ပညာရှင်များကိုလိုသည်။ အိန္ဒိယတွင် ကျွမ်းကျင်မှုကို အမှတ်နှင့် ဆုံးဖြတ်နေသမျှ ကလေးတွေဘဝမှာလည်း ရှင်သန်နိုးထလာရန်မမြင်။ ယုံကြည်မှုကို စာမေးပွဲတွေ အမှတ်တွေနှင့် ဆုံးဖြတ်ခံနေရသရွေ့ သူတို့ဘဝမှာ ဖျက်ဆီးချိုးနှိမ်ခံထားရသလိုသာ ဖြစ်နေပေလိမ့်မည်။

နိဂုံးချုပ်အားဖြင့်
အိန္ဒိယပညာရေးစနစ်သည် လူငယ်တွေအနာဂတ်အတွက် ပြင်ဆင်ပေးသည့် ပညာရေးမဟုတ်။
အမှတ်ကောင်းရန်၊ ထိပ်တန်းရောက်ရန်၊ အဆင့်တစ်ဖြစ်ရန် အပြိုင်အဆိုင်နှင့် အနိုင်ရလိုသူများ မွေးထုတ် ပေးသော ပညာရေးသာဖြစ်သည်။
အိန္ဒိယပညာရေးသည် သင်ယူသူများကို ပျိုးထောင်မြေထောင်မြှောက်ပေးသော ပညာရေးမဟုတ်။
အိန္ဒိယပညာရေးသည် ပြိုင်ဆိုင်ခိုင်းပြီး မသေလို့ကျန်၊ အောင်ပွဲခံခိုင်းသော ပညာရေးသာဖြစ်သည်။
စနစ်ကိုမပြင်နိုင်လျှင် အိန္ဒိယပညာရေးသည် သခင်မွေးထုတ်သောပညာရေးမဟုတ်
ကျွန်မွေးထုတ်နေသော ပညာရေးသာဖြစ်နေပေလိမ့်မည်။
(Ref: What is wrong with the Indian education system?, Maria)
တင်ညွန့်
၁.၅.၂၀၂၅

Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းအွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး