တင်ညွန့်
ကျွန်တော်သည် အပေါင်းအသင်းနည်းသူဖြစ်ပါသည်။
ပဲခူးတွင်ကျောင်းဆရာဘဝက အပေါင်းအသင်းမိတ်ဆွေတွေမှာ ကျောင်းဆရာ၊ ဆရာမတွေဖြစ်ပါသည်။ ကျွန်တော် ရန်ကုန်ကိုရောက်လာသည်။ ပဲခူးက အပေါင်းအသင်းတွေနှင့် ပြတ်သွားသည်။ နှစ်ပေါင်း ၂၅ နှစ်ခန့် ကြာသောအခါ ကွယ်လွန်သူတွေလည်း ကွယ်လွန်ကုန်ကြပြီ။ အနေဝေးသဖြင့် အေးစက်စက် ဖြစ်သူတွေလည်း ဖြစ်ကုန်သည်။
ယခု ပဲခူးတွင် ကျွန်တော့်မှာ မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းနှစ်ဦးသာရှိတော့သည်။ ဆရာချိန် (ပဲခူး) နှင့် ဆရာဦးမြင့်လွင်တို့ဖြစ်သည်။ သူတို့နှစ်ယောက်နှင့်တော့ ကျွန်တော် အဆက်အသွယ်မပြတ်။ ပဲခူး ရောက်သည့်အခါတွင်လည်း တွေ့စရာသူတို့နှစ်ဦးသာရှိသည်။
ရန်ကုန်ကို ကျောင်းဆရာဘဝမှ အယ်ဒီတာဘဝကို အရှင်လတ်လတ်ရောက်ခဲ့ရသည်။ တိုက်ထိုင် အယ်ဒီတာ ဘဝကို နှစ်ပေါင်း ၂၀ လောက်လုပ်ခဲ့ရာတွင်လည်း မိုးလင်းမိုးချုပ် တိုက်တွင်သာ အချိန်ကုန်နေရသဖြင့် အပေါင်းအဖော်နည်းပါသည်။ ကျွန်တော့်ထံ စာမူလာပို့သော စာရေးဆရာ အနည်းငယ်နှင့်သာ အခေါ်အပြော လက်ဖက်ရည်ဆိုင်တွင် လုပ်ကြသည်။ စာမူလက်ခံ၊ စာမူခပေး၊ စကားဖြတ်ကာ အလုပ်ကိုပြန်ရသည်။
ကျွန်တော်ရန်ကုန်ရောက်မှ ခင်မင်မိသော စာရေးဆရာတွေမှာ လက်ချိုးရေ၍ရသည်။ ကြည်ရွှန်း၊ ကြည်မင်း၊ မောင်သာချို၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ သန်းမြင့်အောင်။ ဆရာ ဆရာမများရှေ့တွင် “ဦး” “ဒေါ်” မထည့်သည်မှာ အဂါရဝမဟုတ်ပါ။ စာရေးဆရာဂုဏ်ကို ပီပြင်စေချင်သောကြောင့်သာ။ ကျွန်တော်လေးစား ရသော ဆရာနှစ်ဦးကတော့ ကွယ်လွန်သွားရှာပြီ။ ဆရာကြည်မင်းနှင့် ဆရာမောင်သာချိုတို့ဖြစ်သည်။
ကျွန်တော့်ကို စာရေးဆရာအများနှင့် ခင်မင်ရင်းနှီးအောင်သော်လည်းကောင်း၊ ဥပဒေပိုင်းဆိုင်ရာတို့ကို ကောင်းဆိုးနှစ်ထွေ လမ်းညွှန်ပြသပေးသူမှာ ဆရာကြည်ရွှန်းဖြစ်ပါသည်။ ဆရာက အပေါင်းအသင်းများသလို အသိအကျွမ်းလည်း များသည်။ သူသိသူတွေကို ကျွန်တော်နှင့်သိအောင် သူအမြဲအားထုတ်တတ်သည်။ သို့သော် ကျွန်တော်က အပြင်သိပ်မထွက်တတ်သူ။ အပြင်ထွက်လည်း စာအုပ်တန်းလောက်သာ လည်ပတ်တတ်သူ။
အစ်မကြီးများသဖွယ် လေးစားမိသော စမ်းစမ်းနွဲ့ (သာယာဝတီ) နှင့် သန်းမြင့်အောင်တို့ကတော့ ဘဝတွင် စာရေးဆရာတစ်ဦးအနေဖြင့်လည်းကောင်း၊ လူပီသစွာဖြင့် ပရဟိတစိတ်ထားကာ ဘဝနေနည်းများကို ရှေ့ဆောင်လမ်းညွှန်ပြသောကြောင့် ကျွန်တော်လေးစားရခြင်းဖြစ်သည်။
ထိုဆရာ၊ ဆရာမများနှင့် ကျွန်တော်တို့ စာအုပ်ပွဲတိုင်းလိုလိုတွင် တွေ့ကြသည်။ နောက်ဆုံး ရေဝေးတွင် မကြာခဏ ဆိုသလို တွေ့ကြသည်။ တွေ့တိုင်းလည်း မောင်နှမတွေပမာ ခင်မင်ရင်းနှီးစွာ။
ကျွန်တော်တို့ ၇၀ တန်းတွေမှာ အပေါင်းအသင်း နည်းလာသည်။ ကျွန်တော်တို့မှာ စိတ်သွားတိုင်း ကိုယ်မပါ တော့သဖြင့် နေရာတိုင်းကို မသွားနိုင်ခြင်းလည်းပါသည်။ ကျွန်တော်တို့ ဘတ်စ်ကားကို တိုးဝှေ့စီးနိုင်စွမ်းတွေ မရှိတော့ပါ။ ထိုသို့သွားရမည့် ခရီးဆိုလျှင်လည်း ရှောင်လာတတ်သည်။ ပွဲတက်ရခြင်းထက် ခရီးပန်းခြင်းဒဏ် ကျွန်တော်တို့ မခံနိုင်တော့။
ထို့ကြောင့် ကားရှိသူတွေကို အားကိုးရသည်။ ကိုယ်သွားမည့်ခရီးအတွက် ကြိုတင်ပြီးချိတ်ရသည်။ သူ့ဘက်က အားရန်လည်းလိုသည်။ နေရာတိုင်း အခွင့်အရေးယူပြီး လိုက်ပို့ခိုင်းနေ၍မဖြစ်။ သူ့ဘက် ကိုယ့်ဘက်ကြည့်ရ သည်။ ထို့ကြောင့်လည်း အသွားအလာနည်းလာသည်။
ကျွန်တော့်ထံ ဖုန်းဆက်သွယ်မှုတစ်ခုရောက်လာသည်။ ကျွန်တော် လုံးဝမျှော်လင့်မထားသူတစ်ဦး။
“ဆရာ … ၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ အိမ်ကိုလာနိုင်မလား။ အိမ်မှာ အုန်းထမင်းချက်ထားမယ်။ အစ်မကြီး စမ်းစမ်းနွဲ့နဲ့ အစ်မကြီးသန်းမြင့်အောင်တို့လည်းလာမယ်။ ဆရာတို့ကို ထမင်းကျွေးချင်လို့ပါ”
သူက ကိုဇော်ဝင်းမောင်ဖြစ်သည်။
ကိုဇော်ဝင်းမောင်နှင့် ကျွန်တော် ဩဂုတ်လ ၂၆ ရက်နေ့က ရေဝေးတွင်ဆုံကြသည်။ ကျွန်တော်က သူ့ဖခင် ဘီအီးဒီအောင်သိုက်အကြောင်းကို စိတ်ဝင်စားသည်ဟု ပြောတော့
“ကျွန်တော်တို့ တစ်နေ့တွေ့ကြမယ်လေ” ဟု သူကဆိုသည်။
ကျွန်တော်နှင့် ကိုဇော်ဝင်းမောင်တို့ သိတာမကြာသေးပါ။ ယမန်နှစ်လောက်ကမှဖြစ်သည်။ ကျွန်တော်တို့ The Lantern House တွင် စာအုပ်လက်မှတ်ထိုးပွဲတစ်ခု၌ဆုံကြသည်၊ သူက
“ကျွန်တော် ဘီအီးဒီအောင်သိုက်သားပါ” ဟု လာပြီး မိတ်ဆက်ခြင်းကြောင့် သိရခြင်းဖြစ်သည်။
ကျွန်တော်က မိတ်ဆွေသစ်တိုးလာသဖြင့် ဝမ်းသာမိသည်။ ထို့ကြောင့်လည်း သူဖိတ်ကြားသည်ကို လက်ခံလိုက် သည်။ သူ့ဖခင်အကြောင်းလည်း သိတန်သလောက်သိရမည်ပေါ့။ ကျွန်တော်က ဘီအီးဒီအောင်သိုက် အကြောင်းကို ရေးချင်နေမိသည်။
မနေ့က ကျွန်တော် ကိုဇော်ဝင်းမောင်နှင့် သူ့ဇနီးဖြစ်သူ မချစ်ချစ်ဇော်တို့အိမ်ရှိရာ တောင်ဥက္ကလာကို ရောက် သွားသည်။ မချစ်က ကျွန်တော်တို့ကို လက်ဖက်သုပ်ကျွေးရန် သံပုရာသီးလှီးရာမှ လက်ကိုဓားထိသွားသည်။ ကိုဇော်ဝင်းမောင်တစ်ယောက် ချက်ရေးပြုတ်ရေး သူတစ်ဦးတည်း ဟိုပြေးသည်ပြေး။
သူတို့အိမ်ကိုရောက်တော့ သူ့ဖခင်အကြောင်း ပြောနိုင်ရန်နေနေသာ အလုပ်တွေများနေသဖြင့် မမေးမိတော့။ မကြာမီ ဒါရိုက်တာမိုက်တီး ခေါ် ကိုမိုက်လည်း ရောက်လာသည်။ သူနှင့်လည်း စာအုပ်လက်မှတ်ထိုးပွဲတွင် တစ်ကြိမ်သာတွေ့ဖူးလိုက်သည်။ သူကလည်း ကျွန်တော်တို့နှင့်တွေ့ဆုံနိုင်ရန် လာခြင်းဖြစ်သည်။
ကျွန်တော်နှင့် ကိုမိုက်တို့ သူ့ဖခင်ခေတ်က ရုပ်ရှင်မင်းသားကြီးတွေအကြောင်းပြောကြသည်။ ကိုဇော်ဝင်းမောင် နှင့်တော့ သူ့ဖခင်ခေတ်က ဇာတ်မင်းသားတွေနှင့် ဇာတ်သဘင်တွေအကြောင်း ပြောမိကြသည်။ ကျွန်တော်က ကိုမိုက်၏ဖခင် ဒါရိုက်တာခင်ဇော်အကြောင်းကို ကိုမိုက်အား ရေးရန်တိုက်တွန်းမိသည်။ သူ့တို့ဖခင်အကြောင်း သူတို့လောက်မည်သူမျှ ရေးနိုင်အံ့မထင်။ ထို့အတူပင် ကိုဇော်ဝင်းမောင်ကိုလည်း ဘီအီးဒီအောင်သိုက် အကြောင်း ရေးရန် တိုက်တွန်းမိသည်။ ကျွန်တော်က ဝီကီတွင် ရှာလိုက်သည်နှင့် ထိုပုဂ္ဂိုလ်တွေအကြောင်း တန်းသိနိုင်စေရန်၊ သူတို့လုပ်ဆောင်ချက်များ၊ သူတို့ခေတ်က ကြိုးပမ်းဆောင်ရွက်ချက်များကို ပြည်သူ အားလုံးကို သိစေချင်သည်။
ယနေ့ခေတ်က အွန်လိုင်းခေတ်ဖြစ်သည်။ သိချင်တာကို အွန်လိုင်းတွင် ရှာဖွေနိုင်ရန် ကြိုးစားကြသည်။ ယခု နောက်ဆုံးပေါ် AI တွေခေတ်စားလာသော အခါတွင် အကြောင်းအရာမှားတွေကို လူတွေသိစေခြင်းထက်၊ အကြောင်းအရာမှန်တွေကို လူတိုင်းပကတိအတိုင်း သိစေချင်သည်။ ထို့ကြောင့် လေးစားဖွယ်ရာကောင်းသူတို့ အကြောင်း အချက်အလက်တွေကို အတိအကျဖော်ထုတ်ကာ မှတ်တမ်းတင်ကြစေချင်သည်။ အမှားကြာ အမှန်ဖြစ်နိုင်သောကြောင့်ဖြစ်သည်။
ကျွန်တော်က ကိုဇော်ဝင်းမောင်အိမ်ကို ၁၁ နာရီတွင် ရောက်သည်။ နောက် အစ်မကြီး စမ်းစမ်းနွဲ့က ဖီးဖီးနှင့် ရောက်လာသည်။ ကျွန်တော်တို့ ၁၂ နာရီခွဲလောက်မှ ထမင်းစားကြသည်။ အစ်မသန်းမြင့်အောင်ကတော့ ရေဝေးတွင် အသုဘတစ်ခုရှိနေသောကြောင့် နောက်ကျသည်။ ကျွန်တော်တို့ ထမင်းစားပြီးချိန်လောက်မှ ရောက်လာသည်။ သူတို့က ဒုတိယတစ်ဝိုင်းဆက်သည်။
ယနေ့လို နေ့မျိုးလေးမှာ မမျှော်လင့်ထားသော နေ့ဖြစ်ပါသည်။
တစ်နည်းပြောရလျှင် ရင်ဘတ်ချင်းတူသူတွေ တွေ့ဆုံကြသည့်ပွဲဖြစ်သည်။
ဘဝတွင် စိတ်ချင်းမတူ၊ သဘောချင်းမတွေ့၊ အဓမ္မတွင်သာယာ၊ ဓမ္မကို မျက်ကွယ်ပြု၊ အကျိုးမျှော်မှုတစ်ခု တည်းဖြင့် မလုပ်သင့်တာတွေလုပ်၊ မပေါင်းသင့်တာတွေပေါင်း၊ မပြောသင့်တာတွေကို ပြောနေကြသူများနှင့် ဆုံတွေ့ ပေါင်းသင်းနှုတ်ဆက်နေရခြင်းထက် မည်သူနှင့်မျှမပေါင်းသင်းဘဲ တစ်ဦးတည်း နေရခြင်းကပိုကောင်း ပါလိမ့်မည်။
မနေ့ကတော့ ကျွန်တော် မိတ်ကောင်းဆွေကောင်းများနှင့် တွေ့ဆုံခဲ့ရသည်။
တင်ညွန့်
၄.၉.၂၀၂၅
Keep Reading