Author's Profile Photo

တင်ညွန့်

23/09/2025

အနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ

5 mins read
Education
General Knowledge
Technology
အနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ's photo

တစ်ည ၁၀ နာရီအချိန်။
ကျွန်တော့်ထံကို ဖုန်းဝင်လာသည်။ ဖုန်းအမည်ကြည့်လိုက်တော့ ဆရာဦးခင်မောင်ဌေး။
ဆရာက ကျွန်တော့်ကို Great Light ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဟောပြောပွဲနှစ်ရက် လာလုပ်ပေး နိုင်မလားဟု ပြောလာသည်။

ဘယ်လိုပါလိမ့်။ ဟောပြောပွဲက ၂ ရက်တောင်တဲ့လား။
ဆရာက ကျွန်တော့်ကို ရှင်းပြသည်။ Great Light ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သူကတစ်ဆင့် ကျွန်တော့်ကို တောင်းဆိုခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ ကျွန်တော် ဟောပြောပေးရမည်က ကျောင်းသား တွေကို မဟုတ်၊ ဆရာတွေကိုဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဆရာ၊ ဆရာမတွေ၏ ဆရာအလုပ်အပေါ် ထားရမည့်စိတ်ဓာတ်နှင့် ပတ်သက်ပြီး ကျွန်တော်ကဟောပြောပေးရမည်ဆိုသဖြင့် ကျွန်တော် စိတ်ဝင်စားမိပါသည်။ သို့သော်
“ဆရာကို ဆရာလုပ်ရခြင်း” မှာ အလွန်ခက်ခဲသောအလုပ်ဖြစ်သည်။

အထူးသဖြင့် ရှေးရိုးစွဲအမြင်တွေနှင့် မိမိယုံကြည်ရာကို ဆုပ်ကိုင်ထားသူတွေကို ပြောဆိုဆွေးနွေးရသည်မှာ အလွန်ခက်သည်။ ကျွန်တော် လက်ခံလိုက်ပါသည်။ ဆရာဦးခင်မောင်ဌေးအပေါ် ယုံကြည်သောကြောင့်ဖြစ် သည်။ ဆရာစိတ်ရှိသူတစ်ယောက်က ကျွန်တော့်ကို အကြောင်းမဲ့ ဖိတ်ကြားခြင်း မဟုတ်တန်ရာ။
Great Light သည် ကျွန်တော်နှင့်မစိမ်း။ ၂၀၁၉ ခုနှစ်လောက်က ကျောင်းသားတွေကို ကျွန်တော်လာပြီး ဟောပြောပို့ချပေးဖူးသည်။ ဆရာဦးခင်မောင်ဌေးကထိုကျောင်းတွင် ထိုစဉ်က စာသင်နေသည်။

ကျွန်တော်က ဟောပြောပွဲတွေကို ဟောပြောပွဲသက်သက်မဟုတ်၊ ဆွေးနွေးပွဲဖြစ်အောင်လည်း လုပ်တတ်သည်။ ထိုစဉ်ကတည်းက Great Light ကျောင်းမှ ကျောင်းသားတွေကို ကျွန်တော်သဘောကျသည်။ ထိုကျောင်းသားတွေက မေးရဲသည်၊ တွေးရဲသည်။ သူတို့မေးခွန်းတွေကို ကျွန်တော်ဖြေရသည်မှာ သဘောကျ သည်။
ဆရာပြောတာပဲအမှန်ဟု ယုံကြည်နေကြသော အယူအဆကြီးက လွှမ်းမိုနေချိန်တွင် မေးခွန်းထုတ်ရဲသူတွေ ဒီလိုကျောင်းတွေမှာ ရှိပါလားဆိုသည်က ကျွန်တော့်အတွက် ပညာရေးသည် အတိုင်းအတာတစ်ခုအထိ လင်းလက်တောက်ပလာပြီဟု ယူဆခဲ့မိသည်။

ယခုနောက် ၆ နှစ်အကြာတွင် ကျွန်တော် ရန်ကုန်မြို့၊ မရမ်းကုန်းရှိ ထိုကျောင်းသို့ ဒုတိယအကြိမ်မြောက် ရောက်ခဲ့သည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုထွေးက ကျွန်တော့်ထံ ၃ ရက်လောက်ကြိုပြီး ဖိတ်စာလေးပို့ထားသည်။
“ဆရာ့ဘဝ၊ ဆရာ့အလှနှင့်ကျောင်းသားလူငယ်များအား စိတ်ထားလှ၍လူသားအကျိုးပြု သူတော်ကောင်းများ ဖြစ်လာစေရန်” ဟူ၏။

ကျွန်တော် ၂ ရက်တိုင် မနက်တစ်ချိန်၊ နေ့ခင်းတစ်ချိန် ပြောပြောပို့ချပေးရမည့်သူတွေက ဆရာ၊ ဆရာမတွေ။ ထိုကျောင်းတွင် ဆရာ၊ ဆရာကလည်း ၁၀၀ ကျော်ရှိသည်ဟုဆိုသည်။ ဆရာအလုပ်ကို လာလုပ်ပြီဆိုကတည်းက မည်သည့်ဆရာသည် မိမိကျောင်းသား၊ ကျောင်းသူတို့ကို စိတ်ထားမကောင်းအောင် လုပ်ကြပါလိမ့် မည်နည်း။ ကျွန်တော်ကတော့ ဆရာ၊ ဆရာမတွေအပေါ် အပြည့်အဝယုံကြည်သည်။

ထို့ကြောင့် ပထမ ၁.၅.၂၀၂၅ နေ့ ဆရာ့ဘဝ၊ ဆရာအလှပြောမည်။ ပထမတစ်ချိန် “ဆရာ့အလှ”၊ ဒုတိယတစ်ချိန် “ဆရာ့ဘဝ” ထိုသို့သတ်မှတ်ကာ ကျွန်တော့်ဘဝအကြောင်းလေးကို ကျွန်တော်ပြောသည်။ ဆရာ၊ ဆရာမ အများစုမှာ ကျွန်တော့် Facebook ပရိသတ်များဖြစ်နေသဖြင့် ကျွန်တော့်အကြောင်း ကောင်းကောင်း သိကြပါသည်။ ကျွန်တော်က သူတို့လည်းမသိသေး၊ စိတ်ဝင်စားမည်ထင်ရသော အကြောင်းတွေကို ပြောရ သည်။

နေ့လယ်ထမင်းစာပြီးချိန်ပြန်ဝင်တော့ “ဆရာ့အလှ” ခေါင်းစဉ်ဖြင့် ပြောသည်။ ဆရာဘဝကထွက်ပြီး ကျွန်တော်သည် ဆရာဘဝကတွေ့ကြုံခဲ့ရသော အတွေ့အကြုံများအပေါ် အခြေပြု၍ ကျွန်တော့်ဘဝကို စာရေးဆရာ အဖြစ်နှင့်ရပ်တည်ကာ မည်သို့ လှအောင် တည်ဆောက်ခဲ့ရသနည်းဆိုသည့် အကြောင်းဖြစ်သည်။
ရှင်းအောင်ပြောရလျှင် ကိုယ့်ဘဝနှင့်ယှဉ်ပြီး ရုန်းကန်ကြိုးစားလိုစိတ်၊ ပညာရေးကို ပြုပြင်ပြောင်းလဲ လိုစိတ်များရှိလာစေရန်ဖြစ်သည်။ ဆိုရလျှင် တော်လှန်သောကျောင်းဆရာတွေ ဖြစ်စေချင်သည်။

နောက်တစ်နေ့ ၂.၅.၂၀၂၅ ကျွန်တော်ဘာဟောရမည်နည်း။
ကလေးတွေကို လိမ္မာအောင်လုပ်ပေးကြပါ၊ သူတော်ကောင်းတွေဖြစ်အောင် လုပ်ပေးကြပါဟု ပြောရန်မှာ အတော်လေးကြောင်တောင်တောင်နိုင်လှသည်ဟု ထင်ပါသည်။ ကျွန်တော်က အသက် ၇၀ ဆိုသော်လည်း ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်လို မသတ်မှတ်သူ။ Life Long Learning နှင့်ပတ်သက်လျှင် ကျွန်တော်သည် ထာဝရနုပျိုနေသူ။ ကိုယ့်ကိုယ်ကိုယ် လေ့လာသင်ယူရမည်ဆိုလျှင် ၁၇ နှစ်သားလောက် ထင်နေသူ။

ကျွန်တော် ၂ ရက်နေ့ညက တစ်ညလုံး စာတွေဖတ်သည်။ မနက်ဖြန်ပို့ချရမည့် အကြောင်းအရာတွေကို PowerPoint ပြင်ဆင်သည်။ ကျောင်းတွင် ပြခွင့်ရလည်း ပြမည်ပေါ့။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ဟောပြောခဲ့ရသည့် စာသင်ခန်းနောက်တွင် ကြီးမားသော TV ကြီးကို မြင်ခဲ့ရသောကြောင့်ဖြစ်သည်။
၂.၅.၂၀၂၅ နေ့ ကျွန်တော် ၉ နာရီတွင် Great Light ကိုရောက်လာသည်။ ဟောပြောပွဲက ၉ နာရီစမည်။ ကျွန်တော် တက်သုတ်ရိုက်ရသည်။ သူတို့က ၁၂ နာရီနောက်ပိုင်းတွင် ကျောင်းကိစ္စတွေ၊ သင်ကြားရေးတွေ စီစဉ်ပြင်ဆင်ကြမည်ဟု သိထားသောကြောင့်ဖြစ်သည်။

ကျွန်တော်က ကလေးတွေကို သင်မည့်အစား ဆရာတွေကို ဦးစွာသင်ခြင်းသည် ပညာရေးအတွက် အကောင်းဆုံးလုပ်ဆောင်ခြင်းဟု နားလည်ထားသည်။ ထို့ကြောင့် မနေ့ကတည်းက ကျွန်တော် ကြိုတင် ကြေညာခဲ့သည်။ ဆရာတို့ ဆရာမတို့ကို ကျွန်တော် သိပြီးသားတွေ မပြော၊ မသိရသေးသည့် အကြောင်းအရာတွေပြောမည်။ ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြမည်ပေါ့။

ယနေ့ ဆရာ၊ ဆရာမတွေကို ကျွန်တော်ပြောမည့် အကြောင်းအရာတွေက AI (Artificial Intelligence) အကြောင်းဖြစ်သည်။
ဆရာမကြီးဒေါ်စုစုထွေးကလည်း ကျွန်တော် ပြင်ဆင်လာသည့် PowerPoint တွေကို သူ့ဆရာတွေအား မြင်စေ ကြည့်စေလိုသဖြင့် TV ကြီးနှင့် ကွန်ပျူတာကို ချိတ်ဆက်ပြနိုင်အောင် ချက်ချင်းစီစဉ်ပေးရှာသည်။ အစီအစဉ် ထဲမှာ မပါသော်လည်း ကျွန်တော်က အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပြချင်တာတွေရှိသောကြောင့် တစ်ခန်းလုံး မြင်နိုင်သည့် TV ကြီးပေါ်ကို ကျွန်တော့် PowerPoint တွေ တင်လိုက်သည်။

ဆရာတွေ ဆရာမတွေ၏ မျက်လုံးတွေက လင်းလက်ကုန်ကြသည်။ ဟောပြောပွဲဆိုသည်မှာ လာဟော ပြောသမျှနားထောင်ကာ ပြန်သွားသည့်ဘဝမှ သူတို့အတွက် လက်တွေ့ကျကျ ကမ္ဘာလောကတစ်ခုကို သိခွင့် ရတော့မည်ဟု စိတ်ဝင်စားနေကြသည်။
ကျွန်တော်က AI အကြောင်းရှင်းသည်။

ဆရာတွေ ဆရာမတွေ ကျောင်းသားတွေကို အထင်မသေးရန်ပြောသည်။
ယခုခေတ်သည် Essay တစ်ပုဒ်ကို အိမ်စာပေးလိုက်လျှင်၊ သင်္ချာပုစ္စာတစ်ပုဒ်ကို အိမ်စာပေးလိုက်လျှင် ထိုကျောင်းသားသည် အိမ်မရောက်ခင်မှာပင် အဖြေအားလုံးထုတ်နိုင်သောခေတ်၊ Essay တစ်ပုဒ်ကို ဆရာ့ထက်ပင် ကောင်းအောင် ဖုန်းပေါ်မှာပင် ဖန်တီးနိုင်သောခေတ်ဖြစ်ကြောင်း ရှင်းပြသည်။

အဘယ်ကြောင့်နည်း
AI ကြောင့်ဖြစ်သည်။
အင်တာနက်ကို၊ ဖုန်းကို၊ ကွန်ပျူတာကို ကျောင်းသားတွေ ကျွမ်းကျင်စွာ သုံးနိုင်ကြသည်။ ကျောင်းမှာ သူတို့ ဖုန်းသုံးခွင့်ရချင်မှရမည်။ အိမ်တွင်တော့ ဖုန်းတစ်လုံးကို အိမ်က မိဘတွေထက်ပင် ကျွမ်းကျင်စွာ သုံးနိုင်သူတွေ ဖြစ်နေသည်။

ကျောင်းကပေးသမျှ သင်ခန်းစာတိုင်းကို ကလေးသည် အနိမ့်ဆုံး Chat GPT လောက်ကိုသုံးကာ ဖြေရှင်း ရနိုင်မှန်း သူတို့သိသည်။
ကျွန်တော်တို့ဆရာ၊ ဆရာမတွေ၏ အနာဂတ်သည် ကြာလာလျှင် ဘာဖြစ်သွားနိုင်သနည်း။
ကျွန်တော်တို့သည် AI ကိုကြောက်စရာမဟုတ်။

AI ကို လက်တွဲဖော်အဖြစ်သဘောထားကာ ကျောင်းသား ကျောင်းသူတွေနှင့် ပူးပေါင်းဖြေရှင်းနိုင်သည့် သင်ကြားမှုပုံစံတစ်ခုကို မကြာသောကာလတွင် ပြောင်းကိုပြောင်းရတော့မည်။
လက်ထဲတွင် ကိုင်ထားသော ဓားသည် လူသတ်ချင်လည်းဖြစ်သည်။ မီးဖိုချောင်အတွက် မရှိမဖြစ်သုံးရန် ပစ္စည်းလည်းဖြစ်သည်။ ကျွန်တော်တို့ ဓားရှမည်၊ ထိခိုက်မိမည် စိုးရိမ်သောကြောင့် ဓားမကိုင်ရ အမိန့်ထုတ် လိုက်လျှင် သူတို ဓားကိုကြောက်မည်၊ အကျိုးရှိအောင် မသုံးတတ်ဖြစ်မည်။ မကိုင်ရဲ၊ မထိရဲဖြစ်မည်။

ကျွန်တော်တို့ ဓားကို ကျွမ်းကျင်စွာ သုံးတတ်အောင်သင်ပေးမည်လော။ ဓားကိုပစ်ထားခိုင်းပြီး သံချေး အတက်ခံခိုင်းမည်လော။
Bill Gates ကပြောပါသည်
“AI is like nuclear energy – it has both promise and danger.”
ဤနေရာတွင် ဘီလ်ဂိတ်သုံးသွားသည့် promise ဆိုသည်မှာ Benefit ဆိုသည့် သဘောဖြစ်သည်။
AI သည် နျူကလီးယားစွမ်းအင်လိုဖြစ်လာသည်။ အကျိုးရော၊ အန္တရာယ်ပါ ရှိလာနိုင်သည်ဟု သူက ဆိုလိုခြင်းဖြစ်သည်။

ကျွန်တော်တို့ဆရာတွေကို တစ်ချိန်တွင် ကလေးတွေက အရူးလုပ်နိုင်သည်။
နည်းပညာကိုကောင်းစွာမသိ၊ AI ကိုနားမလည်၊ ကွန်ပျူတာကိုပင် ယောင်လို့တောင် ကိုင်မကြည့်၊ ဖုန်းဆိုလျှင် Facebook လောက်သာကြည့်ရန်သိသော လူကြီးနှင့် လူငယ်တွေကြားတွင် ပြိုင်ဆိုင်မှုတွေ များလာမည်၊ စိန်ခေါ်မှုတွေ များလာမည်။

ကျွန်တော် ဆရာတွေ ဆရာမတွေကိုမေးသည်
နောက်ချန်ခဲ့မလား
သူတို့နဲ့အတူတူ ရင်ပေါင်တန်းလိုက်မလား
သူတို့ရှေ့ကသွားမလား
ကျွန်တော်သူတို့ကို မေးခွန်းတွေနှင့်ထားခဲ့သည်။

ထို့နောက် တစ်ချိန်ယူပြီး AI ကိုအသုံးပြု၍ သင်ခန်းစာ ပြုစုနည်း။ သင်ကြားရမည့် အကြောင်းအရာတွေကို AI နှင့် ပြင်ဆင်ခိုင်းခြင်း၊ AI နှင့် ကလေးတွေစိတ်ဝင်စားလာစေမည့် သင်ခန်းစာတွေကို ဖော်ဆောင်ခြင်းတို့ ကိုလည်း လက်တွေ့မေး၊ လက်တွေ့ပြသည်။

အရေးအကြီးဆုံးမှာ ကလေးတွေကို Critical thinking သင်ရန် ဖြစ်သည်။
Critical thinking သည် အားလုံးတွင်အဓိကကျသည်။

ကလေးတွေကို အုပ်စုဖွဲ့လုပ်ဆောင်စေခြင်း
စာမေးပွဲဖြင့် အမှတ်ပေးစစ်ဆေးခြင်းအစား၊ အစုအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှုဖြင့် ကျောင်းသားတွေကို Project တွေလုပ်ခိုင်းခြင်း၊ သူတို့အုပ်စုအဖွဲ့လိုက်ကိုလည်း တစ်ဖွဲ့လျှင် ဖုန်း သို့မဟုတ် ကွန်ပျူတာ၊ အင်တာနက်သုံးခိုင်းကာ Project အတွက် ပြင်ဆင်စေခြင်း၊ AI ကို အသုံးချပစ္စည်း၊ သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန် လက်တွေ့ကျကျပြင်ဆင်နည်းတို့ကို နည်းပေးလမ်းပြ လုပ်ခဲ့ပါသည်။

ဆရာ၊ ဆရာမလေးများသည် လူငယ်လေးတွေဖြစ်သည်နှင့်အညီ AI နှင့် မစိမ်းကြပါ။ သို့သော် သူတို့က ဝန်ခံသည်
“ဆရာကြီး ကျွန်မတို့ ဘာလုပ်ရမယ်ဆိုတာ သိသွားပြီ” တဲ့။
ကျွန်တော် ဝါးခယ်မဟောပြောပွဲတွင် “ဘာလုပ်ကြမည်နည်း” ဆိုကာ ဟောပြောခဲ့ပါသည်။

ယခု
“ဘာလုပ်တော့မည်” ဆိုသည့် အဖြေကို ကျွန်တော်ရလိုက်သည်။
အနာဂတ်ကိုပြင်ဆင်နိုင်သူတွေသည် အနာဂတ်တွင် ရှင်သန်အောင်မြင်သူတွေဖြစ်လိမ့်မည်။

တင်ညွန့်
၃.၅.၂၀၂၅

Keep Reading

အနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းအွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accounting