Sharing By Yin
ကျွန်မ တို့ရဲ့ လူမှုအဖွဲ့အစည်းကြီး (society) ကြီးမားလာတာနဲ့ အမျှ အတွေးအမြင် ၊ ဗဟုသုတ အသစ်တွေ လက်ခံနားလည်လာကြပေမယ့် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ (emotional) နဲ့ ပက်သက်ရင် ထိန်းသိမ်းရကောင်းမှန်း ၊ ပံ့ပိုးပေးရကောင်းမှန်း မသိကြသေးတဲ့ လူကြီးမိဘ တွေလည်း ရှိနေကြပါသေးတယ်။ ငါက မိဘ ၊ ငါမွေးထားတာပဲ ဆိုပြီး ကလေးတွေရဲ့ စိတ်ခံစားမှုကို လျစ်လျူရှု ထားတာဟာ တစ်ကိုယ်ကောင်းစိတ်ပါ။
လူပျိုဖော် ၊ အပျိုဖော်ဝင်ချိန်မှာ ဟော်မုန်း မတည်ငြိမ်လို့ စိတ်ရှုပ်ထွေး နေတာမျိုး ၊ လူကြီးကို ပြန်ခံပြောမိတာမျိုး စတဲ့ အခြေအနေ တွေမှာ မိဘ တွေဘက်က နားလည်ပေးတာမျိုး ရှိခဲ့ကြဖူးပါသလား။ ကလေးတွေ လေသံမာမာ နဲ့ ပြန်ပြောမိရင် ၊ မျက်နှာမကောင်းရင်တောင် အပြောခံရတာမျိုး များပါတယ်။ အကယ်၍ ဒါဟာ လူငယ်သဘာဝ ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်တယ် လို့သာ လက်ခံပေးမယ်ဆို ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ကူညီ ဖြေရှင်းပေးရာ ရောက်ပါတယ်။
လူကြီးတွေ ကိုယ်တိုင်တောင်မှ စိတ်ရှုပ်ထွေးပြီး မကြည်မလင်ဖြစ်တဲ့ အခြေအနေမျိုးတွေ ရှိကြတာကို ကလေးငယ်တွေဟာ အမြဲ ရွှင်လန်း ပြုံးပျော် ပြနေရမှာပါတဲ့လား။ လူကြီးတွေ အနေနဲ့ ကိုယ့် ကလေးရဲ့ အတွင်းစိတ် ခံစားမှုကို ထုတ်ဖော်ပြသအောင် လုပ်ဖို့ အရေးကြီးပါတယ်။ လူထဲက လူဖြစ်တဲ့ အတွက်ကြောင့်မလို့ အတွင်းစိတ်ထဲ အစိုင်အခဲတွေ များလာပြီဆိုရင် နောက်ပိုင်း ပြဿနာတွေ ပိုများလာမှာပါ။
ကိုယ်က လူကြီး ဖြစ်တဲ့အလျောက် ကိုယ့်ရဲ့ အလုပ်တာဝန် ကသာ ပို အရေးကြီးတယ် လို့ ထင်မယ်ဆိုရင် ကိုယ့် ကလေးတွေ ဆီကနေ လေးစားမှု မပြောနဲ့ ယုံကြည်မှုပါ ရမှာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကုမ္ပဏီ က အရေးပါသလောက် ကလေးတွေအတွက် ကတော့ သူတို့ရဲ့ စာမေးပွဲ ကသာ ပိုအရေးကြီးမှာပါ။ ဒါကို စာမေးပွဲ လောက်က ငွေရေးကြေးရေးထက် အရေးကြီးသလား လို့ ပြောရင် နားလည်မှု မရှိတဲ့ လူတစ်ယောက် လုံးလုံး ဖြစ်သွားပါလိမ့်မယ်။
ဆယ်ကျော်သက်အရွယ်ဟာ လောကကြီးကို နှဖူးတွေ့ ၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့ အရွယ်ဖြစ်တာမလို့ မိဘ ၊ အလုပ် ၊ ရည်းစား ကိစ္စ ၊ ပညာရေး ကိစ္စ ၊ သူငယ်ချင်း ၊ အိပ်မက် ၊ ရည်းမှန်းချက် စသည်ဖြင့် အလုံးစုံ ကို လူကြီးတွေလောက် စီမံခန့်ခွဲ နိုင်ခြင်း မရှိသေးပါဘူး။ ကြားထဲ မိသားစု မှာ ဗိုင်းကောင်းကျောက်ဖိ ဆိုရင် အယုံလွယ်ပြီး လှည့်စားမယ့် သူက ခပ်များများရယ်ပါ။ ဒီလို ဆယ်ကျော်သက် အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေမရှိရအောင် ကလေးငယ်တွေရဲ့ စိတ်ခံစားချက်နဲ့ ပက်သက်ပြီး လေးနက်စွာ နားလည်ပေးဖို့ ၊ အပြစ်မပြောဖို့ ၊ လက်ခံပေးဖို့ လိုအပ်ပါတယ်။
ကျွန်မတို့တွေ ကိုယ်တိုင်ကလည်း ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ နားလည်မှု မရရှိခဲ့ကြတဲ့ အတွက် နောက်လာမယ့် ကလေးငယ်တွေကိုလည်း ဒီလို အခြေအနေမျိုးတွေ မဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြဖို့လိုပါတယ်။
#Sharing_by_Yin #Teenage #Emotional #General_knowledge #Society
Our Telegram Channel
https://t.me/sharing_by_yin
Our Facebook Page
https://www.facebook.com/profile.php?id=61573904790600&mibextid=ZbWKwL
Keep Reading