Author's Profile Photo

ကိုခန့်

15/12/2025

ပြန်​ပေးဆွဲခံရ​သော ဦး​နှောက်

1 min read
Personal Development
Book Review
18 Again
ပြန်​ပေးဆွဲခံရ​သော ဦး​နှောက်'s photo


ဒီစကားစုလေးက ဒီ​နေ့ဖတ်ခဲ့ရတဲ့ စာ​ရေးသူ ဆရာ​တော်နန္ဒာစာရရဲ့"ငါတစ်​ယောက်တည်းလား"ဆိုတဲ့ စာအုပ်​လေးထဲက စာသား​လေးဖြစ်ပါတယ်။

ဖတ်မိပြီး အလွန်သ​ဘောကျစရာ​ကောင်းလို့ ​၊နောက်ပြီး အလွန်လည်းမှတ်သားထိုက်လို့ တစ်ဆင့်ပြန်လည်မျှ​ဝေ​ပေးခြင်းပါ။

ဒီစကားစု​လေးကို "ကိုယ့်စိတ်ကိုယ်ကြည့်"ဆိုတဲ့ ​​ခေါင်းစဥ်ခွဲ​​အောက်မှာ ဖတ်လိုက်ရပါတယ်။ပြန်​ပေးဆွဲခံရ​သော ဦး​နှောက် တဲ့။
(ဆရာ​တော်က အကျယ်ရှင်းပြထားတာကို ကျွန်​တော်နားလည်သလို ပြန်ရှင်းပြပါရ​စေ)

အရင်ဆုံး ဦး​နှောက်မှာ စိတ်ခံစားချက်​တွေကို ဦးစား​ပေးတဲ့အပိုင်းနဲ့ ဆင်ခြင်စဥ်းစားတတ်တဲ့အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းရှိတယ်လို့ အလွယ်မှတ်ထားကြရ​အောင်။

ဒါကို ဆရာ​တော်က ဥပမာတစ်ခု​ပေးထားပါတယ်။
​တောထဲမှာလမ်းသွား​နေရင်း ​ဆယ်​ပေခန့်အကွာမှာ မြွေနဲ့တူတဲ့အရာတစ်ခုကို ​တွေ့ပြီဆိုပါစို့။အဲဒီအခါ...
1.လန့်ပြီး ချက်ချင်းထွက်​ပြေးချင်​ပြေးမယ်။ (Flight)
2.လက်ဦးမှုရ​အောင် ရိုက်နှက်ချင်ရိုက်နှက်မယ်။ (Fight)
3.အဲဒီ​နေရာမှာပဲ ကြက်​သေ​သေသလို ဘာလုပ်ရမှန်းမသိ ရပ်​ကောင်းရပ်​နေမယ်။ (Freeze)
အဲဒါကို fight,flight,freeze အ​ခြေအ​နေလို့​ခေါ်ပါတယ်။
ဆယ်​ပေ​လောက်​ဝေး​နေ​သေးတယ်။​​မြွေလား၊ နွယ်လား၊ကြိုးလား ဆိုတာ​သေချာခွဲခြားနိုင်​အောင်သတိပြုပြီး ​​မြွေဆို​ရှောင်ပြီးသွား၊ အခြားတစ်ခုခုလုပ်။ကြိုးတို့၊ နွယ်တို့ဆိုရင်​တော့ ပြသနာမရှိ​တော့ဘူး​ပေါ့။
ဒါ​ပေမယ့် အဲဒီလို မစဥ်းစားမဆင်ခြင်ဘဲ ၊အ​ခြေအ​​နေအရမဆုံးဖြတ်နိုင်​တော့ဘဲ ချက်ချင်းတုံ့ပြန်လိုက်တာကို ဦး​​နှောက်ပြန်​ပေးအဆွဲခံရတယ်လို့ ​ခေါ်တာပါ။

စဥ်းစာဆင်ခြင်တတ်တဲ့ ဦး​နှောက်ကို စိတ်ခံစားမှုဦးစား​ပေးတဲ့ ဦး​နှောက်က ပြန်​ပေးဆွဲလိုက်တာပါတဲ့။

ဆရာ​တော်ကဆက်ပြီး ဒီဥပမာလို...
တို့​တွေရဲ့​နေ့​စဥ်ဘဝမှာလည်း ကိုယ်မကြိုက်တဲ့ အ​ကြောင်းအရာတစ်ခုကို သူများက လာ​ပြောရင် ​ဒေါသအ​လျောက် ပက်ခနဲ ပြန်​ပြောလိုက်တာမျိုး၊စိတ်တိုရင်တိုသလို ချက်ချင်းတုံ့ပြန်လိုက်တာမျိုး​တွေဟာ ဦး​နှောက်ပြန်​ပေးအဆွဲခံလိုက်ရတာ​တွေပဲဖြစ်ပါတယ်တဲ့။

အဲဒီလိုမဖြစ်ဖို့ ၊စိတ်သွားတိုင်းကိုယ်မပါမိ​စေဖို့ ကိုယ်စိတ်ကို အမြဲ​​စောင့်ကြည်​နေရပါမယ်။
​ဒေါသဖြစ်ရင် ​ဒေါသစိတ်​ဖြစ်​နေတာကို အရင်သိပြီး မလိုလားအပ်တာ​တွေ မ​ပြောမိ၊မလုပ်မိ​အောင် ၊တစ်နည်း ဦး​နှောက်ပြန်​ပေးအဆွဲမခံရ​အောင် ကြိုးစားရပါမယ်။
တရားထိုင်တဲ့အ​လေ့အကျင့်လုပ်တာမျိုး ၊ဘာပဲလုပ်​နေ​နေ ကိုယ့်စိတ်​လေးကို ​ဒေါသ​တွေဖြစ်​နေလား၊​လောဘ၊​မောဟ ​တွေဖြစ်​နေလား ကြည့်နိုင်၊သိနိုင်​အောင်ကြိုးစားတာမျိုးလုပ်သင့်တယ်လို့ ကျွန်​တော်​တော့ နားလည်လိုက်ပါတယ်။

​ ဆရာ​တော်ရဲ့စာ​ကို ဖတ်ပြီး "​သြော် ငါ့ဦး​နှောက်လည်း ပြန်​ပေးဆွဲခံခဲ့ရတာ အကြိမ်ကြိမ်ပါပဲလား" ၊​နောက်ပြီး ပြန်​ပေးဆွဲခံကြရ​​သူ​တွေကိုလည်း မနည်းမ​​နော ငါ​တွေခဲ့၊ ကြုံခဲ့ဖူးပါလား​လို့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိပါတယ်။

​နောက်​ဆိုရင် ကိုယ်တိုင်လည်း ဦး​နှောက်ပြန်​ပေးအဆွဲမခံရ​အောင်ကြိုးစားဖို့နဲ့ ဒေါသဖြစ်​နေသူ​တွေ ၊ အမူအရာခက်ထန်​နေသူ​တွေ၊ကိုယ့်အ​ပေါ် ​ဒေါသတကြီး ​ပေါက်ကွဲတတ်သူ​တွေ​ တွေ့ရင်လည်း "​သြော် သူ့ခမျာ ဦး​​နှောက်အပြန်​ပေးဆွဲခံထားရပါလား"ဆိုပြီး ကရုဏာထားနိုင်​အောင်၊ ကိုယ်ဘက်က သူနဲ့ပြိုင်ဆိုင်ပြီး မမှားမိ​အောင်၊မ​ပေါက်ကွဲမိ​အောင် တတ်နိုင်သမျှ ကြိုးစားပါ​တော့မယ်ရယ်လို့ ဆရာ​တော်ရဲ့စာကိုဖတ်အပြီးမှာ ကိုယ့်ကိုယ်ကိုယ် မရဲတရဲ​လေး ကတိပြုလိုက်မိပါ​တော့တယ် ခင်ဗျာ။ ။

ကိုခန့် (15.December.2025)




Keep Reading

ခင်ဗျား အောင်မြင်မှုကို ဟန့်တားနေတဲ့ သူ.....စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလူကဲခတ်နည်း အပိုင်းသုံးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း လူကဲခတ်နည်း အပိုင်းနှစ်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်တစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါ