Kaung Hein Soe - Strategic
.png)
ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို စတင်ပြီးအောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်အောင် တည်ဆောက် သွား ဖို့ဆိုတာ လူအများစုရဲ့ ဖြစ်ချင်တဲ့ ဆန္ဒ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အသစ် စတင်လိုက်တဲ့ လုပ်ငန်းငယ် လေးတွေ Start up business တွေ ရဲ့ ၉၀% လောက်ဟာ ပထမ ငါးနှစ်လောက်အတွင်းမှာ ကျရှုံး ရပ်တန့် သွားကြလေ့ရှိတာကို တွေ့ရ ပါတယ်။ ဒီနေ့မှာတော့ ဒီလို Start Up လုပ်ငန်းငယ်လေးတွေ အနေနဲ့ ဘယ်လိုအကြောင်းတွေကြောင့် ကျရှုံးသွားလေ့ရှိတယ် ဆိုတာကို မျှဝေပေးလိုပါတယ်။
.
(၁) တွက်ရေးကတော့ စက်သူဌေး….
.
ကိုယ်ပိုင်လုပ်ငန်းတစ်ခု ပထမဆုံးအကြိမ်အနေနဲ့ စတင်လုပ်ကိုင်ဆောင်ရွက်ကြသူတွေအတွက် အဓိက ထိုးနှက်ချက်တစ်ခုကတော့ ဘယ်ကနေထွက်လာမှန်းမသိတဲ့ ကြိုတင်တွက်ဆမထားမိတဲ့ ကုန်ကျစရိတ်တွေ ဖြစ်ပါတယ်။ စလုပ်မယ်ကြံတုန်းကတော့ ဘယ်လောက်ရင်းပြီး ဘယ်လောက်နဲ့ ရောင်းလိုက်လို့ ဘယ်နှခု ကုန်သွားရင် ဘယ်လောက်ကြီးတောင်မြတ်မယ်ဆိုပြီး အားရပါးရ ရှိခဲ့ပေမယ့် တကယ်လုပ်ကြည့်တဲ့အခါ မဖြစ်စလောက် အမြတ်လေးပဲရပြီး အချိန်တွေကုန် လူပင်ပန်းပြီး စိတ်ဓာတ်ကျရတာမျိုးတွေ အများအပြား ကြုံရတတ်ပါတယ်။ ကျွန်တော် ကိုယ်တိုင် အထည်တွေ စဖြန့်တုန်းက တစ်ထည်ကို တစ်ထောင်မြတ်မယ် အထည်တစ်ရာ ရောင်းရရင် တစ်သိန်းပဲလို့ အားရှိပြီး လုပ်တဲ့အခါ တကယ်တမ်းကျတော့ အထည်တစ်ရာမှာ ရောင်းမထွက်ပဲ Dead Stock. ဖြစ်တာနဲ့၊ သယ်ယူ စရိတ်တွေ ကုန်ကျတာနဲ့၊ ကြော်ငြာခတွေ ကုန်ကျတာနဲ့ နုတ်လိုက်တဲ့အခါ အရင်းသာသာပဲ ပြန်ရတယ်ဆိုတာမျိုး ဖြစ်ဖူးပါသေးတယ်။
.
ဒီအတွက် လုပ်ငန်းမစတင်ခင်မှာ ဘယ်လို Cost တွေ ရှိနိုင်တယ် ဆိုတာကိုသေချာ သုံးသပ်တတ်ဖို့ လိုပါတယ်။ အများစုက ဒီကနေ ဒါကို ၁၀၀ နဲ့ဝယ် ဟိုဖက်မှာ ၁၅၀ နဲ့ပြန်ရောင်းရင် ၅၀ တောင်မြတ်မယ်လို့ တွေးကြပါတယ်။ ဒီပြဿနာက တကယ်တော့ Gross Profit ဆိုတဲ့ အကြမ်းအမြတ် နဲ့ Net Profit ဆိုတဲ့ အသားတင်အမြတ်ကို မကွဲပြားကြတာဖြစ်ပါတယ်။ ၁၀၀ နဲ့ ဝယ် ၁၅၀ နဲ့ရောင်းလို့ရပေမယ့် ကြားထဲမှာ Operating expenses ပေါင်းများစွာက ရှိနေဦးမှာ ဖြစ်လို့ ၁၅၀ မှာ ၁၀ လောက်မြတ်ဖို့ကို အတော်ဖိဖိစီးစီးလုပ်ရတတ်လေ့ရှိပါတယ်။
.
.
(၂) အားနာပါးနာ ဝယ်ယူတာ…
.
တစ်ခါက သူငယ်ချင်းတစ်ယောက်ကလည်း စားသောက်ကုန်အမျိုးအစားလေးတစ်ခုကို အိမ်မှာ ထုတ်လုပ်ပြီး အလုပ်လုပ်ရာ ရုံးက လုပ်ဖော်ကိုင်ဖက်တွေကို ရောင်းချဖို့လုပ်ပါတယ်။ ဒီကနေ တစ်ဆင့် အဆင်ပြေရင် ဆိုင်လေးဖွင့်ဖို့ပါ ရည်ရွယ်ပြီး Start up business အနေနဲ့စလိုက်တာပါပဲ။ စစချင်းမှာ သူငယ်ချင်းက လူချစ်လူခင်ကလဲပေါ ခင်မင်သူကလဲများတော့ ကိုယ့်သူငယ်ချင်းရောင်းတာဆိုပြီး ဝယ်ယူ အားပေးကြပါတယ်။ ဒီတော့ ပထမလမှာ အတော်လေး ရောင်းလိုက်ရပြီး အမြတ်ကောင်းကောင်း လေးလည်း ရခဲ့ပါတယ်။ ဒါနဲ့ပဲ လုပ်ငန်းကတော့ အဆင်ပြေပြီ ဆိုပြီး နောက်လမှာ များများ ထုတ်လုပ်ကာ ထပ်ရောင်းချတဲ့အခါမှာတော့ ရောင်းအား မရှိတော့ပဲ အဲဒီလမှာ အရှုံးပါ ပြလာပါတော့တယ်။ ခင်မင်တဲ့ မျက်နှာနဲ့ ဝယ်ယူသူတွေ ကုန်သွားတဲ့အခါ တကယ့် Customer အစစ်ကို ရှာမရတော့ပဲ လုပ်ငန်းလဲ တစ်ခန်းရပ်ရပါတော့တယ်။
.
ဒါကတော့ ထုတ်လုပ်တဲ့ Product က အားသာချက် များများ သိပ်ရှိမနေဘဲ သာမာန်လောက်ပဲ ဖြစ်တာမျိုး၊ ချို့ယွင်းချက်တစ်ခုခု ဥပမာ ဈေးကြီးနေတာ၊ အရသာ တစ်ခုခုလိုအပ်နေတာမျိုး ၊ စတဲ့ တစ်ခုခုကြောင့် ဖြစ် တတ်လေ့ရှိပါတယ်။ ဒီအတွက် စထုတ်လုပ်မယ်ဆိုကတည်းက ကိုယ့် Product ဟာ တန်းဝင်တဲ့ အနေအထား တစ်ခု ဖြစ်နေအောင်တော့ သေချာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
.
.
(၃) ဈေးကွက်မဝင်တဲ့ ထုတ်ကုန်..
.
ကိုယ်ကြိုက်တဲ့ အရာတိုင်းကို လူတိုင်းက ကြိုက်နှစ်သက်ချင်မှ ကြိုက်မှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့် အတွက် ကိုယ်ရည်ရွယ်ပြီးလုပ်တဲ့ အရာဆိုရင်တော့ ကိုယ့်အကြိုက်အတိုင်း အတိအကျလုပ်လို့ ရပေမယ့် ဈေးကွက်ကို ရောင်းချဖို့ ရည်ရွယ်ထားတဲ့ Product or service တွေကတော့ ဒါတွေကို ဝယ်ယူမယ့် Customer တွေ အကြိုက်ဖြစ်မှ ရောင်းရမှာ ဖြစ်ပါတယ်။ Start up လုပ်ငန်းလေးတွေမှာ အများဆုံးအမှားတွေထဲက တစ်ခုက ဈေးကွက်ကမလိုအပ်တဲ့ မလိုချင်တဲ့ Product or service တွေကို ထုတ်လုပ်ဖို့ ရင်းနှီးထားမိတာမျိုး ဖြစ်ပါတယ်။
.
ဒီအတွက် လုပ်ငန်းမစတင်ခင်မှာ Market Research ကိုသေချာ ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ် ရောင်းဖို့ ရည်ရွယ်တဲ့ Customer segment ကို သေချာ ပိုင်းခြားသတ်မှတ်ပြီး အဲဒီ Segment က ဘာတွေကို ကြိုက်တယ် ဆိုတာကိုပါ သေချာ နားလည်ထားဖို့လိုပါတယ်။
.
.
(၄) သူဌေးဈေးရောင်း….
.
တွက်ခြေကိုက်အောင် သေချာ လည်ပတ် မလုပ်ဆောင်ဘဲ ဖြစ်သလို ဈေးရောင်းနေတာ၊ ဆိုင်ကို ဖွင့် တစ်ရက် မဖွင့်တစ်ရက် နဲ့ အလုပ်ကိုမလေးစားတာ၊ ထိုက်သင့်တဲ့ အမြတ်တောင် မဟုတ်ဘဲ အရှုံးပေါ်တဲ့ထိ လျော့ပေး အပိုတွေပေးတာ စတာတွေကို သူဌေးဈေးရောင်းတဲ့နည်းလို့ ပြောလေ့ရှိကြပါတယ်။ စစချင်းဈေးရောင်းပါတယ်ဆိုမှ ဈေးဆစ် လွန်းတာကိုအားနာပြီး မတန်တဆ လျော့ပေးလိုက်တာ၊ စားသောက်ဆိုင်လေး ဖွင့်တာကို လာအားပေးတယ်ဆိုပြီး အဝလာစားသမျှ အမျိုးတွေ မှန်သမျှ အလကား ကျွေးလိုက်တာ စတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။
.
ဆိုတော့ ပရဟိတ လုပ်ချိန်မှာ ရက်ရောဖို့လိုပါတယ်။ အဲ..ဒီလိုပါပဲ စီးပွားရေး လုပ်နေပါတယ်ဆိုမှတော့ ငွေကြေး တစ်ပြားတစ်ချပ်ကအစ တိကျ သေချာအောင် အလုပ်လုပ်ဖို့လိုတာပါပဲ။
.
.
(၅) ငွေ မလောက်တော့ဘူး….
.
နံပါတ် ၁ မှာတုန်းကပြောသလိုပါပဲ မမြင်နိုင် ကြိုမတွက်ထားနိုင်တဲ့ ကုန်ကျမှုတွေကရှိလာတဲ့ အခါမှာ လုပ်ငန်းအတွက် လိုအပ်တဲ့ စက်တွေ Equipment တွေ ထပ်မဝယ်နိုင် ၊ ကုန်ကြမ်းလည်း ထပ်မယူနိုင်တော့ ဘဲ လမ်းတစ်ဝက်မှာ ငွေပြတ် စက်ရပ်သွားတဲ့ လုပ်ငန်းတွေ သိပ်ကိုများပါတယ်။ တစ်ခါက မိတ်ဆွေ တစ်ယောက်က စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့လုပ်ပါတယ်။ ဆိုင်လေးအတွက် လိုအပ်တာတွေ ထည့်ရင်းနဲ့ လျာထားတဲ့ နိုင်တဲ့ငွေက ကျော်လွန်သွားပါတယ်။ ဆိုင်ကလည်း ဆောက်တုန်းတန်းလန်းကြီး ငွေလဲ ထပ်မနိုင် Investor လည်း ရှာမရတော့ အချိန်အတော်ကြာ ရပ်ထားလိုက် ရပါတော့တယ်။
.
.
ဆက်ရန်....
.
နောက် ထပ် အကြောင်းအချက်များကို အပိုင်း ၂ မှာ ဆက်လက် လေ့လာပေးပါဦး။
.
.
လုံလောက်တဲ့ အသိပညာဟာပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe - Strategic
Business Consultant
Keep Reading