Author's Profile Photo

တင်ညွန့်

23/10/2025

မင်းမရှိခဲ့ရင်

3 mins read
General Knowledge
Leadership
မင်းမရှိခဲ့ရင်'s photo

ကျွန်တော် ဆရာ ဦးအေးကိုနှင့် မမျှော်လင့်ပဲ ဆုံရသည်။
ကျွန်တော် မူလတန်းပြဆရာဘဝက ဦးအေးကိုသည် မူအုပ်ဘဝနှင့် သင်တန်းလာတက်စဉ် သူနှင့်ကျွန်တော် တစ်ခန်းတည်းအတူနေကြရသည်။
ဆရာဦးအေးကိုသည် အလွန်ရိုးသားသူဖြစ်သည်။ သူနှင့်ကျွန်တော် တစ်လအတူတူ နေရခိုက်တွင် သူ့ထံမှ ကျောင်းဆရာဘဝနှင့်ပတ်သက်ပြီး အတွေ့အကြုံတွေ၊ သင်ခန်းစာတွေနှင့် အဖြစ်အပျက်ပေါင်းများစွာကို ကြားခဲ့ရပါသည်။
တစ်နေ့ သူနှင့်ကျွန်တော် ညနေခင်း လမ်းအတူတူလျှောက်စဉ်
“ကျွန်တော်က လုပ်သက် ၂ နှစ်နဲ့ ကျောင်းအုပ်ဖြစ်လာတာဗျ” ဟုသူကပြောသည်။
“ပြောပါဦးဗျ”
“ကျွန်တော် မူလတန်းဆရာ လုပ်သက် ၂ နှစ်လောက်ဖြစ်လာချိန်မှာ ကျွန်တော်တို့ ခရိုင်မှာ အမိန့်တစ်ခု ရောက်လာတယ်ဗျ။ လကုန် လစာထုတ်အစည်းအဝေးကို ကျောင်းအုပ်တိုင်း မဖြစ်မနေ တက်ရမယ်ဆိုပြီး အမိန့်စာ ရောက်လာတာ။ အဲဒါနဲ့ ကျွန်တော့်ဆရာကြီးလည်း မြို့ကို လစာထုတ်ဆင်းရတော့တာပေါ့။ မြို့တစ်ခါ သွားရင် အသွားတစ်ရက်၊ အပြန်တက်ရက်၊ မြို့မှာ လစာထုတ်တစ်ရက်ဆိုတော့ အနည်းဆုံး သုံးရက်ကြာ တယ်။ ကျွန်တော်တို့ မူလတန်းကျောင်းလေးတွေကလည်း အဲဒီအချိန်က ကျောင်းအုပ်နဲ့ လက်ထောက်ပေါင်းမှ ဆရာနှစ်ယောက်သာရှိတဲ့ကျောင်းတွေ။ အချို့ကျောင်းတွေဆို ကျောင်းအုပ်တစ်ယောက်တည်း သင်နေရတာ”
သူက စကားကို ခေတ္တနားပြီး အဝေးကို ငေးနေသဖြင့်
“ပြောလေဗျာ ဘာဖြစ်သလဲလို့”
“ကျောင်းအုပ်ဆရာကြီး မရှိချိန်မှာ မထင်မှတ်ပဲ ပညာဝန်က ဆိုင်းမပါ ဗုံမဆင့် ရောက်ချလာပါလေရောဗျာ”
“အဲဒီတော့”
“ပညာဝန်က ကျောင်းကို တိုက်ရိုက်လာတာမဟုတ်ဘူးဗျ။ ရွာလူကြီးဆီတန်းသွားပြီး သူ့ကိုခေါ်လာတာ။ ပြီးတော့ ကျောင်းနားက အကြော်တဲမှာ ရွာလူကြီးနဲ့ အကြာကြီးထိုင်ပြီး အကြော်စားလိုက်၊ ရွာလူကြီးကို သူမေးချင်တာတွေ မေးလိုက် လုပ်နေတာတဲ့”
“သူ့မှာ အကြောင်းတော့ရှိမှာပေါ့”
“သူက နောက်တော့မှ ရွာလူကြီးကို ပြန်လွှတ်ပြီး ကျောင်းပေါ်ကို တက်လာတာ။ ကျွန်တော်က အဲဒီအချိန်မှာ သူငယ်တန်းကို သင်နေတာ။ ပညာဝန်ကိုမြင်တော့ ထိတ်သွားတာပေါ့။ ဒါပေမဲ့ ပညာဝန်က ဆက်သင်လို့ လက်ပြပြီး ရုံခန်းထဲ သွားထိုင်နေတယ်။ ကျွန်တော်လည်း စာသင်ပြီးတော့မှ သူ့ဆီကိုသွားပြီးတော့ သူလိုချင်တဲ့ အချက်တွေပြောရ၊ ထုတ်ပြရတော့တာပေါ့။ ကျွန်တော့်ကိုလည်း မေးလိုက်မြန်းလိုက်တာ စုံနေရောပဲ။ သင်ကြားရေး၊ ကျောင်းစီမံအုပ်ချုပ်ရေးတွေအပြင် ရွာနဲ့ ဆက်ဆံရေးတွေပါ စုံနေတာ။ သူစိတ်ကြိုက်စစ်ဆေးပြီး တော့ ပြန်သွားမှ သက်ပြင်းချနိုင်တော့တယ်”
“ဒီလိုပါပဲ ပညာရေးမှူးတွေလည်း ဆပ်ပရိုက်ချက်လုပ်တတ်ပါတယ်ဗျာ”
“အဲ ပြောရဦးမယ် … ကျွန်တော့်ဆရာကြီး မြို့က ပြန်လာတော့ ကျွန်တော့်ကို ပညာဝန်ရုံးက လာခဲ့ပါလို့ ခေါ်တဲ့ အကြောင်း အမှာပါးလိုက်တာ။ ကျွန်တော်လည်း မြို့ကို ချက်ချင်းဆင်းခဲ့ရတာပေါ့။ အဲဒီတော့မှ သိရတာ။ ကျွန်တော့်ကို မူလတန်းကျောင်းအုပ်အဖြစ် ရာထူးတိုးလိုက်တယ်ဆိုတာ”
“တယ်ဟုတ်ပါလား။ ၂ နှစ်နဲ့ ရာထူးတိုးဖို့ဆိုတာ ဒီခေတ်တော့ မလွယ်ဘူးနော်”
“ကျွန်တော်တို့ခေတ်ကလည်း မရှိပါဘူး။ ခန့်စာသွားယူမှ ပညာဝန်က ဘာပြောသလဲ သိလား”
“လုပ်ပါဦး”
“လက်ထောက်တစ်ယောက် ဘယ်လောက် အရည်အချင်း ရှိတယ်၊ မရှိဘူးဆိုတာ ကျောင်းအုပ်မရှိချိန်မှာ လျှပ်တစ်ပြက် ဝင်စစ်လိုက်ရင် အဖြေပေါ်တာပဲတဲ့။ ကျွန်တော်က ကျောင်းမှာ ကျောင်းအုပ်မရှိပေမယ့် သင်ကြားရေး၊ စီမံရေး၊ အုပ်ချုပ်ရေးအပြင် ရွာနဲ့ပေါင်းသင်းဆက်ဆံရေးတွေပါ အကုန်ကောင်းတာကြောင့် ကျွန်တော့်ကို ရာထူးချက်ချင်းတိုးပေးလိုက်တာတဲ့ဗျာ”
ကျွန်တော်ကျောင်းဆရာသင်တန်းတက်စဉ်က အမှတ်တရတစ်ခုဖြစ်ပါသည်။
ယခု နှစ်ပေါင်း ၄၀ လောက်ကြာမှ ကျွန်တော် ဦးအေးကိုအား သတိရနေခြင်းမှာ အကြောင်းရှိပါသည်။
ညက မော်တော်ကားလုပ်ငန်းရှင်ကြီး ဟင်နရီ ဖို့ဒ်အကြောင်း ဖတ်မိရာမှ မှတ်သားစရာကောင်းသော သူ့စီမံ အုပ်ချုပ်ပုံအကြောင်း သိခွင့်ရလိုက်သောကြောင့်ဖြစ်သည်။
တစ်နေ့တွင် ဖို့ဒ်သည် သူ့ကားအလုပ်ရုံဌာန အသီးသီးမှ အကြီးဆုံးအုပ်ချုပ်သူများကို အမိန့်ထုတ်လိုက်သည်။
“ဌာနအသီးသီး၊ အလုပ်ရုံအသီးသီးမှ အကြီးတန်းအုပ်ချုပ်သူ အရာရှိများအားလုံး သိစေရန်။ သင်တို့အားလုံး ကရစ်ဘီယံပင်လယ် အပန်းဖြေခရီးကို နှစ်ပတ် အပန်းဖြေထွက်ရမည်ဖြစ်ကြောင်း အကြောင်းကြား သိစေ အပ်သည်။ မည်သူမျှ ပျက်ကွက်ခွင့်မရှိ။ မဖြစ်မနေ လိုက်ပါရန်ဖြစ်သည်”
ဖို့ဒ်အမိန့်ကြောင့် အကြီးတန်း အုပ်ချုပ်သူအရာရှိများအားလုံး ပင်လယ်အပျော်ခရီးကို လိုက်ပါသွားကြရသည်။ သူတို့အားလုံး ရေကူးလိုက်၊ အပန်းဖြေလိုက်၊ နေပူစာလှုံလိုက်နှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီးနောက် နှစ်ပတ် အကြာတွင် အလုပ်ခွင် အသီးသီးကို ပြန်ကြလေသည်။
ပြန်ရောက်ပြီး မကြာမီမှာပင် အချို့ကို ရာထူးတိုး၊ အချို့ကို အလုပ်ဖြုတ်တွေ လုပ်လိုက်သဖြင့် လူတိုင်း အံ့အား သင့်ကုန်ကြသည်။
လူတိုင်း ဘာကြောင့်ဆိုသည်ကို သိချင်နေကြသည်။
ဖို့ဒ်သည် သူ့လူတွေကို ပင်လယ်အပျော်ခရီးထွက်ခိုင်းပြီးနောက် ဌာနအသီးသီးသို့ မည်သို့ လည်ပတ်နေကြောင်း လိုက်လံစစ်ဆေးခဲ့သည်။
သူလိုက်လံစစ်ဆေးသည့် အခါတွင် လုပ်ငန်းများ ဆက်လက်ချောမွေ့စွာ လည်ပတ်နေပြီး စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် စနစ်တကျရှိနေသည့် နေရာများကို တွေ့ရသလို၊ ဖရိုဖရဲနှင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော ဌာနများကိုလည်း တွေ့ရသည်။
လုပ်ငန်းကောင်းစွာလည်ပတ်နိုင်ခြင်းမှာ ခေါင်းဆောင်မှုူကောင်းခြင်းကြောင့် ဖြစ်သည်။ ကောင်းစွာ မလည်ပတ် နိုင်သောနေရာများမှာ ခေါင်းဆောင်မှု ညံ့ဖျင်းသောကြောင့်ဖြစ်သည်။ ခေါင်းဆောင်ရှိမှ လုပ်နိုင်သည့် ဌာနများ ထက်၊ ခေါင်းဆောင်မရှိလည်း လည်ပတ်နိုင်စေရန် စီမံခန့်ခွဲနိုင်မှုသည် ခေါင်းဆောင်တစ်ဦး၏ အရည်အချင်း ကြောင့်ဟု သတ်မှတ်လေသည်။
ထို့ကြောင့် ခေါင်းဆောင်များမရှိချိန်တွင် လုပ်ငန်းတွေကို လိုက်လံစစ်ဆေးသည့် သူ့အတွေးအမြင်များမှ အလွန် ခေတ်မီသော အတွေးအမြင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ကိုယ့်လူကြီးက ခရီးထွက်ခိုင်းလျှင် သတိထားဟု ထိုခေတ်က ပြောစမှတ်ဖြစ်ခဲ့ရသည်။

တင်ညွန့်
၉.၉.၂၀၂၅

Keep Reading

မင်းမရှိခဲ့ရင်Strategy တွေ ထိရောက်ဖို့....မုန်းခိုင်းတိုင်း မုန်းမှာလား ဒါတို့ပြည် -------------စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusPersonal Finance Levels𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚