တင်ညွန့်
ဆရာမက ကျွန်တော့်ကို စိုက်ကြည့်လိုက်ပြီး
“မင်းဘာဖြစ်လို့ စာစီစာကုံးမရေးခဲ့တာလဲ ပြောစမ်း” ဟု ဒေါသသံဖြင့် မေးလိုက်သည်။
ကျွန်တော်က
“ဆရာမ စာစီစာကုံးရေးဖို့ ပေးထားတဲ့အချက်အလက်တွေကို မကြိုက်လို့ပါ”
“အောင်မာ ကြီးကြီးကျယ်ကျယ် … ဆိုစမ်းပါဦး မင်းက ဘာတွေကို မကြိုက်ရတာလဲ။ ငါပေးထားတဲ့အချက် တွေကိုများ”
“ဆရာမ စာစီစာကုံးရေးဖို့ ပေးထားတဲ့ အောက်လိုင်းတွေထဲမှာ မှန်တာတွေ တစ်ခုမှ မတွေ့ရလို့ပါ”
ဆရာမ ပေါက်ကွဲသွားသည်။ ထို့ကြောင့်
“လာစမ်း …နင့်ကို ကျောင်းအုပ်ဆရာကြီး ရုံးခန်းကိုပို့မယ်။ နင်နဲ့ငါ အဲဒီမှာ စာရင်းရှင်းမယ်”
“ဆရာမ ကျွန်တော်ဆရာမ ပေးထားတဲ့အချက်တွေအတိုင်း မရေးနိုင်ဘူးဆိုတာ ကျောင်းအုပ်ဆရာကြီးနဲ့ ဘာဆိုင်လို့လဲခင်ဗျာ။ ရှင်းစရာရှိရင် ကျွန်တော်နဲ့ ရှင်းရမှာ မဟုတ်ပါလား။ ကျွန်တော်ရှင်းပြတာကို ဆရာမ လက်မခံရင် … ကျွန်တော်ရှင်းပြတာတွေဟာ မဟုတ်ဘူးလို့ ကျွန်တော့် အတန်းထဲက သူငယ်ချင်းတွေက ပြောလာရင် ကျွန်တော့်ကို ကြိုက်သလို အရေးယူပါ”
“ကောင်းပြီ ပြောစမ်း … နင်က ဘာတွေကိုမကြိုက်ရတာလဲ”
ဆရာမခင်ဗျား
ဆရာမ ရေးခိုင်းတဲ့အချက်ထဲမှာ
“ကျွန်ုပ်တို့ နိုင်ငံသည် အလွန်ချမ်းသာသောနိုင်ငံဖြစ်သည်” လို့ ပါပါတယ်။
ဆရာမ ကျွန်တော်နေရတာ တဲစုတ်နဲ့ပါ။ အမိုး မမိုးနိုင်လို့ မိုးရွာတိုင်း မောင်နှမတွေ ဟိုပြောင်းအိပ် သည်ပြောင်း အိပ်နေရတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော် ကျောင်းကိုဝတ်လာတဲ့ အဝတ်အစားက ကျောင်းပိတ်မှ လျော်နိုင်တာပါ။ ကျောင်းဝတ်စုံ တစ်စုံတည်းရှိပါတယ်။ သူငယ်ချင်းတွေကတောင် ဒါဝတ်လို့ လှောင်ပြောင်ကြပါတယ်။ ကျွန်တော့် ကျောင်းလွယ်အိတ် စုတ်နေလို့ ကျွတ်ကျွတ်အိတ်နဲ့ ကျောင်းတက်ရပါတယ်။ ဒီအတန်းထဲမှာ ချမ်းသာစွာ နေထိုင်စားသောက်နိုင်တဲ့သူဆိုတာ နှစ်ယောက်ပဲရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံတကယ်ချမ်းသာ တာလားဆရာမ။
“ကျွန်ုပ်တို့နိုင်ငံသည် ရေနံ၊ ကျွန်းသစ်၊ သယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်” တဲ့။
အဲဒါတွေဟာ ကျွန်တော်တို့ ဆင်းရဲသားတွေအတွက်လားခင်ဗျာ။ ရွာမှာ ကျွန်းသစ်သုံးရင် ဖမ်းပါတယ်။ လောင်စာဆီ ရွာမှာ အလွန်ရှားပါတယ်။ ရေနံဆီမရှိ၊ ဖယောင်းတိုင်မဝယ်နိုင်လို့ ညဘက် စာမလုပ်နိုင်ပါဘူး။ ကျောင်းမှာ မကြာခဏ အိမ်စာမလုပ်လာလို့ အရိုက်ခံရတဲ့အထဲမှာ ကျွန်တော် ရှေ့ဆုံးကပါ။ တောပြုန်းကုန်လို့ ထင်းတောင်ရှာရခက်ပါတယ်။ အိမ်က အမေဆိုရင် ထင်းမရှိလို့ ထမင်းချက်ဖို့ အမြဲပြဿနာရှာပါတယ်။
“ကျွန်ုပ်တို့နိုင်ငံသည် ပျော်ရွှင်ဖွယ်ကောင်းသည်” တဲ့
ဒီအကြောင်းကတော့ ကျွန်တော် မပြောချင်ဘူးဆရာမ။ ကျွန်တော်တို့ ပြည်သူတွေ အမှန်တကယ် ပျော်ရွှင်နေကြသလား၊ မပျော်ရွှင်ကြဘူးလားဆိုတာ ဆရာမက ပိုသိပါလိမ့်မယ်။ ကျွန်တော်တို့ မပျော်နိုင် ကြတာ ဘယ်လောက်ကြာသွားပြီလဲ။
“ကျွန်ုပ်တို့နိုင်ငံသည် သမိုင်းဝင်သူရဲကောင်းများ မွေးဖွားရာနိုင်ငံဖြစ်သည်” တဲ့
ဆရာမရေးစေချင်တာက အတိတ်သမိုင်းမှာ ကျွန်တော်တို့နိုင်ငံ ဘယ်လောက်စည်ပင်ဖွံ့ဖြိုးခဲ့တယ်ဆိုတာကို ထင်ပါတယ်။ ကျွန်တော်တို့ ဘာဖြစ်လို့ အတိတ်က ချမ်းသာပျော်ရွှင် ဖွံ့ဖြိုးစည်ပင်ခဲ့တာတွေကို ပြန်ပြောင်း တမ်းတပြီး လွမ်းမောနေကြမှာလဲခင်ဗျာ။ ကျွန်တော်တို့ လိုအပ်နေတာ အနာဂတ်နိုင်ငံတော်ပါ။ အနာဂတ်မှာ ဘယ်လို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ကြမလဲဆိုတဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးစိတ်ကူးတွေပါ။ အတိတ်မှာ အိပ်ပျော်နေဖို့ မဟုတ်ပါဘူး။ အနာဂတ်အတွက် ခရီးဆက်နိုင်အောင် ရုန်းကန်နေဖို့ပါ။
“ကျွန်ုပ်တို့နိုင်ငံတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူ ပြည်သားများသည် တန်းတူညီမျှ အခွင့်အရေးများကို ရကြသည်” တဲ့
“ဆရာမခင်ဗျား အဲဒီအချက်ဟာ ဆရာမကိုယ်တိုင် အမှန်တကယ် ယုံကြည်ပါသလားလို့ ကျွန်တော် မေးပါရစေ။ ဆရာမကိုယ်တိုင်က အဲဒီအချက်ကို လက်ခံတယ်၊ ယုံကြည်တယ်၊ မှန်တယ်လို့ ယူဆရင် ကျွန်တော် ဆရာမစကားကို နားထောင်ပါ့မယ်။ ကျွန်တော့်ကို ဖြေပေးပါခင်ဗျာ”
“ဆရာမခင်ဗျား … ဆရာမက ကျွန်တော်အလွန်လေးစားရတဲ့ ဆရာမပါ။ ဆရာမက ကျွန်တော်တို့ကို မလိမ်ရဘူး။ မညာရဘူး၊ အမှန်တရားကို မြတ်နိုးချစ်ခင် လေးစားရမယ်လို့ အမြဲဆုံးမတာကို ကျွန်တော် လိုက်နာပါရစေခင်ဗျာ။ ကျွန်တော် မလိမ်ပါရစေနဲ့။ ကျွန်တော် မညာပါရစေနဲ့။ ကျွန်တော် စာမေးပွဲမှာ အမှန် အတိုင်းရေးလို့ ချချင်လည်း ချလိုက်ပါဆရာမ။ ကျွန်တော် မညာပါရစေနဲ့”
“ကျွန်တော်လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို အလွန်ချစ်ပါတယ်ဆရာမ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားနေရတယ်။ ကျွန်တော်တို့ ပြည်သူတွေဆီကနေ တစ်ခုခု ခိုးယူထားသလို ခံစားနေရတယ်။ ကျွန်တော်တို့မှာ အခွင့်အလမ်းတွေ၊ အနာဂတ်တွေ ပျောက်ဆုံးနေကြတယ်။ ကျွန်တော့်အဖေ လယ်ထဲမှာ ဘဝတွေဆုံးရှုံးနေရတယ်။ အဖေခုဆို နေမကောင်းဘူး။ ဘယ်နေ့ သေမလဲ မသိဘူး။ အဖေသေရင် ကျွန်တော် ကျောင်းဆက်မတက်နိုင်ဘူး။ ကျွန်တော့်ဘဝကလည်း ဘာမှ မရေရာဘူး။ ဒါကြောင့် ကျွန်တော် ဆရာမ ပေးထားတဲ့ အောက်လိုင်းအတိုင်း မရေးပါရစေနဲ့ခင်ဗျာ”
(အိန္ဒိယစာရေးဆရာ Tabarak ၏ My Country ကို မြန်မာမှုပြုထားခြင်းဖြစ်ပါသည်)
တင်ညွန့်
၆.၉.၂၀၂၅
Keep Reading