မောရိသျှ

အပြုအမူကနေ တဆင့် စရိုက်ကို သိနိုင်တယ်။ အကျင့်ကနေ တဆင့် အစွဲကို သိနိုင်တယ်။ အပြောအဆို၊ အဆုံးအဖြတ်၊ တွေးခေါ်ပုံ နဲ့ အကြံတွေကနေ တင့် စရိုက်ကို ခွဲခြားနိုင်တယ်။ အပြုအမူ၊ အသွားအလာ၊ အနေအထိုင်၊ အမူအရာတွေ ကနေ တဆင့် အစွဲကို ခွဲခြားနိုင်တယ်။
ဖိအား များလာတဲ့အခါ အပြုအမူတွေရဲ့ လှုပ်ရှားမှု သိသာလာပါတယ်။ အကြောင်းအရင်း တစ်ခုခုကြောင့် စိတ်တိုဒေါသ ထွက်ရတဲ့အခါ စိတ်နေစိတ်ခံကို မှန်းဆလို့ ရနိုင်ပြီး၊ အပြစ်တင်ပြောဆိုခံနေရတဲ့ ကြားက အလုပ်လုပ်ရတဲ့အခါ၊ စိတ်နေ စိတ်ထားကို မြင်နိုင်ပါတယ်။
လူ့စိတ် အလုပ်လုပ်ပုံအရ - ဘယ်သူမဆို ဘာပဲလုပ်လုပ် တစ်ကြိမ်တစ်ခါတည်း မလုပ်ပါဘူး။ အနည်းဆုံး နှစ်ကြိမ်တော့ လုပ်ကို လုပ်ပါတယ်။ အကြောင်းက ပထမအကြိမ် လုပ်ထားတဲ့ အလုပ်အပေါ် လူသားရဲ့ ပင်ကို အတ္တမာနစိတ်ကြောင့် ကျေနပ်ခြင်း မရှိနိုင်ပါဘူး။ မဖြစ်မနေ ဒုတိယ အကြိမ် လုပ်ကို လုပ်တတ်ပါတယ်။ (အတ္တမာနစွဲ အလွန်ကြီးသူတွေ ဆိုရင် စိတ်ကျေနပ်မှု မရမချင်း ထပ်ခါထပ်ခါ လုပ်တတ်ကြပါတယ်။)
တစ်ချို့သော စရိုက်ရှင်တွေကျတော့ အတ္တကြီးပြီး တလွဲမာန ထားမိတတ်ကြတော့၊ အလုပ်ကို တစ်ကြိမ်ထက်ပိုပြီး မလုပ်ပြန်ပါဘူး။ ကွေးမရ ဆန့်မရ ကန့်လန့်ကြီး ခံနေတတ်တဲ့ ဖီလာစရိုက်မျိုးလည်း ရှိတတ်တယ်။ အမှားကိုလည်း ဝန်ခံမှာ မဟုတ်သလို၊ မှန်လို့လည်း ကျေနပ်ပြမှာ မဟုတ်ပါ။ သူ့စိတ်နဲ့သူ ကျေနပ်တဲ့အထိ မဖြစ်မနေ လုပ်ချင်သူမျိုး တွေပါ။
ဒါကလည်း ပင်ကိုစိတ်နေစိတ်ခံရဲ့ စိတ်မလုံခြုံမှု အပေါ် အခြေခံနေလို့ပါ။ တစ်ချို့လူတွေဆိုရင် ဝေဖန်ခံရတာမျိုး၊ အပြစ်ပြောခံရတာမျိုးတွေကို ဆန့်ကျင်ပြီး၊ အရွတ်တိုက်လိုတဲ့ စရိုက်ခံ ရှိတတ်ပါတယ်။ အဲဒီလို စရိုက်မျိုးက စိတ်မလုံခြုံမှုထက်၊ ကာယကံရှင်ရဲ့ အရည်အချင်းအပေါ် ယုံကြည်မှု အားနည်းနေကြလို့ပါ။ ဆိုလိုတာက စိတ်မလုံခြုံမှု များနေပြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းသူတွေက အရွဲ့တိုက်၊ အရွတ်တိုက်၊ အာခံလိုစိတ် များပါတယ်။ တစ်ချို့ကျ ပြန်တော့ ဝေဖန်ခံရတာတို့၊ အပြစ်ဆိုခံရတာတို့ ဆိုရင် ဘာပဲ လုပ်လုပ် ဆက်မလုပ်တော့ဘဲ၊ လက်လျှော့ ပစ်လိုက်ချင်တဲ့ စရိုက်မျိုး ရှိတတ်ပြန်ပါတယ်။ ဒါကလည်း စိတ်မလုံခြုံမှု နဲ့ ယုံကြည်မှု အားနည်းလို့ပါ။
အာခံစရိုက်နဲ့ မတူတဲ့ အချက်ဆိုလို့၊ သိမ်ငယ်စိတ်၊ အားမလိုအားမရစိတ် ကြီးနေလို့ ဖြစ်ပါတယ်။
ပင်ကိုစရိုက် နဲ့ စရိုက်သကန် ဆိုတာက လူတစ်ယောက်မှာ တစ်မျိုးတည်း ဖြစ်တာ မဟုတ်ပါ။ လူတိုင်းလိုလို စရိုက် အမျိုးမျိုး ရှိတတ်ပါတယ်။ အားကောင်းတဲ့ စရိုက်၊ အားနည်းတဲ့ စရိုက်နဲ့ ရောနေတတ်ပါတယ်။ တစ်ချို့ စရိုက်တွေ ဆိုရင် ရှုပ်ထွေးလွန်ပြီး၊ နာမည်တပ်ရခက်လောက်တဲ့အထိကို ဝေခွဲရခက်ပါတယ်။
ငယ်ရာကနေ ကြီးပျင်းသည်အထိ မတူညီတဲ့ လူနေမှု ဘဝကိုယ်ဆီနဲ့ ရှင်သန်လာကြရတာမို့၊ စရိုက်ဆိုတာကလည်း ဖွံ့ဖြိုးမှု ပုံစံခြင်း မတူနိုင်ပါ။ တစ်ချို့လူတွေကျ ရိုးစင်းတဲ့ အခြေခံ စရိုက်မျိုးတွေနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခွင့် ရကြပေမယ့်၊ တစ်ချို့လူတွေရဲ့ ဘဝက နိမ့်တချီမြင့်တလှည့် အပြောင်းအလဲ များနေတာကြောင့်၊ စရိုက်လည်း ဘဝနဲ့ လိုက်ပြီး ဆင့်ကဲပြောင်းလဲသွားရပါတယ်။
ဒါကြောင့် စရိုက် အဖြေ ရှာဖွေတဲ့နေရာမှာ သော့ချက်ကတော့ - စရိုက်ကို ဖြစ်စေတဲ့ ခွန်အား (အားသာချက်၊ အားနည်းချက်၊ အသုံးကျမှု၊ အသုံးမကျမှု ) နဲ့ အကြောင်းအရင်းခံ (ပတ်ဝန်းကျင်၊ ဖြစ်တည်မှု၊ လူနေမှုဘဝပုံစံ၊ အမူအကျင့်) တွေကို အခြေခံပြီး ခွဲခြားရပါမယ်။
#မောရိသျှ
Keep Reading