Author's Profile Photo

Youth’s Book Reflections

5/10/2025

Kafkaရဲ့ Metamorphosis

4 mins read
Book Review
Kafkaရဲ့ Metamorphosis's photo


“One morning, when Gregor Samsa woke from troubled dreams, he found himself transformed in his bed into a horrible vermin.”

~Metamorphosis,Franz Kafka

“တစ်နေ့မနက် အိပ်ရာကနိုးတော့ Gregor Samsa က သူ့ကိုယ်သူ ကြောက်မက်ဖွယ်ပိုးကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားတာကို တွေ့ရတယ်”

နည်းနည်းကြီးကျယ်တယ်ဆိုရမလားပဲ။ကောင်းကောင်းဖတ်ဖူးတာဆိုလို့ The Little Prince အပါအဝင်မှ English စာအုပ်အုပ်နှစ်
ဆယ်မပြည့်ချင်သေး။အခုကိုင်လိုက်တာက Metamorphosis။ဒါကြောင့်လည်း ကြိုမေတ္တာရပ်ခံလိုက်ပါတယ် ဒါက ပထမအကြိမ်ဖတ်ပြီး reflection သာဖြစ်ပါကြောင်း…။

ဇာတ်လမ်းကတော့ မသိရင် ပုံပြင်လိုလို သဘာဝလွန်လိုလို။ဒါပေမဲ့ စာအုပ်ဖတ်အပြီးမှာ ကျွန်တော်စိတ်မကောင်းဖြစ်မိတာက Gregor ရဲ့ကံကြမ္မာမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကိုယ့်အပေါ်သတ်မှတ်မယ့်တန်ဖိုး၊ကိုယ့်ရဲ့အရေးပါမှု၊ကိုယ့်ရဲ့ကဏ္ဍ၊ကိုယ့်ပုံစံ စတာတွေရဲ့ အကန့်အသတ်တွေဟာ တိကျမှုမရှိဘဲ ဝေဝါးနေတာတွေက စိတ်မသက်မသာဖြစ်စေတာပါပဲ။

ဇာတ်ကောင် Gregor Samsa ၊ ခရီးသွားအရောင်းကိုယ်စားလှယ်။အိမ်မိသားစုဝင်အားလုံးရဲ့ဝင်ငွေမှီခိုအားထားရာ။အဖေ့အကြွေးတွေ ဒိုင်ခံဆပ်နေတဲ့သူ။ညီမလေးကို တယောသင်တန်းအပ်ပေးဖို့ အိပ်မက်ကြီးကြီးမက်နေတဲ့ အစ်ကိုကောင်းတစ်ယောက်။ မိသားစုအတွက် သူ့ဘဝကြီးကို ပေးဆပ်ထားတဲ့ လူသားတစ်ယောက်။

ဒီလိုနဲ့ တစ်နေ့မနက်ကျတော့ သူနိုးလာတဲ့အခါ ကြီးမားတဲ့ပိုးကောင်တစ်ကောင်အဖြစ်
ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ဘာကြောင့်လဲ။ဘယ်လိုဖြစ်လာတယ်။Kafka က တစ်လုံးတစ်ခွန်းမှ ရှင်းပြမထားဘူး။အကြောင်းတရားမရှိ၊ဖြစ်သွားတာကဖြစ်သွားတာပါပဲ။

အံ့သြစရာကတော့ Gregor ရဲ့ပထမဆုံးအတွေး။ကိုယ့်ကိုယ်ကို ပိုးဟပ်ကြီးဖြစ်နေတာထက် အလုပ်အကြောင်းက ခေါင်းထဲရောက်နေတယ်။ အလုပ်ချိန်မမီမှာကို ပိုစိတ်ပူနေတယ်။ဒီအချက်ကတဆင့် ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ စနစ်ကြီးက လူတွေကို ဘယ်လောက်အထိ ချုပ်ကိုင်ထားသလဲဆိုတာကို သရုပ်ဖော်နေပါတယ်။လူတွေဟာ ကိုယ့်အသက်ရှင်မှု၊ကိုယ့်လူသားဖြစ်မှုထက် စနစ်ကြီးထဲမှာ ကိုယ်
ပါဝင်မှုကိုသာ ဦးစားပေးနေကြတယ်။

နောက်ထပ် Kafkaပေးတဲ့ အတွေးစကသမီးရည်းစားအချစ်မျိုးတောင်မဟုတ်ဘဲ မိသားစုချစ်ခြင်းသံယောဇဉ်ကတောင် အခြေအနေပေါ်မူတည်နေနိုင်ပါသလား။

မိသားစုဝင်တွေက အစပိုင်းမှာ သူအခုလိုပိုးကောင်ဖြစ်သွားတာကို သနားကြတယ်။ပြီးတော့ ထူးဆန်းတဲ့ ဖြစ်ရပ်ကြီးကို လက်မခံနိုင်အောင်ဖြစ်နေကြပြီး တစ်နေ့တော့ ပုံမှန်ပြန်ဖြစ်သွားမှာပဲလို့ ယူဆထားကြတယ်။ ညီမ ဖြစ်သူက သူ့အခန်းထဲ အစာလာလာထည့်ပေးတယ်။ သန့်ရှင်းရေးလုပ်ပေးတယ်။အမေဖြစ်သူကလည်း သားGregorကို တွေ့ချင်နေပါသေးတယ်။

အချိန်ကြာလာတာနဲ့အမျှ ပုံမှန်အတိုင်းပြန်ဖြစ်သွားမှာပါဆိုတဲ့ သူတို့ယုံကြည်ချက်ကမှုန်ဝါးသွားတဲ့အခါ ဒီသနားကြင်နာမှုတွေက တဖြည်းဖြည်းဆိတ်သုဉ်းလာပါတယ်။ Gregor ကို မိသားစုဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတာထက် ပိုးမွှားတစ်ကောင်အဖြစ်သာ မြင်လာကြပြီး ဝန်ထုပ်ဝန်ပိုးအဖြစ် ခံစားလာကြတယ်။ ကောင်းကျိုးမပေးတဲ့အကောင်ကြီးလို့ မြင်လာပြီး ဆက်ဆံရေးတွေအေးစက်သွားတယ်။ အစာလည်း သတိရမှ ထည့်တော့သလို၊ သန့်ရှင်းရေးလည်း ပုံမှန်မလုပ်ပေးတော့ဘူး။ ပစ္စည်းအစုတ်အပဲ့၊အပျက်တွေကို Gregorအခန်းထဲ လာပစ်ထည့်တဲ့အထိ Gregor ရှိနေတာ သူတို့မသက်မသာဖြစ်စေကြောင်း လုပ်ရပ်တွေကပြနေကြတယ်။

ဒီနေရာမှာ Kafka က လက်မခံချင်စရာကောင်းတဲ့ တစ်နည်းထိတ်လန့်စရာကောင်းတဲ့မက်ဆေ့ချ်တစ်ခုကို စာဖတ်သူတွေကို ပေးချင်တယ်လို့ခံစားမိတယ်။ မိသားစုဝင်တွေက Gregor ကို ချစ်ခင်ကြတာက Gregorဖြစ်နေလို့မဟုတ်ဘူး။သူဝင်ငွေရှာပေးနေလို့ဖြစ်တယ်။ သူဟာ တစ်နည်းနည်းနဲ့ ဒီမိသားစုအသိုက်အဝန်းထဲမှာ အသုံးဝင်အရေးပါနေလို့ဆိုတာကြောင့်ပဲ။ သူ့ရဲ့အသုံးဝင်မှုက ဗြုန်းခနဲ တစ်ရက်တစ်မနက်နဲ့တင် ပျောက်သွားတော့ သူ့ရဲ့တန်ဖိုးက ကုန်းကောက်စရာမရှိအောင်ထိုးကျသွားတယ်လေ။

Gregor က အရောင်းကိုယ်စားလှယ်ဘဝကို မိသားစုအတွက်ကြည့်ပြီး ကိုယ့်လုပ်ချင်တာတွေကို စွန့်လွှတ်အနစ်နာခံလုပ်ခဲ့ရတာပါ။ သူဟာ သူကိုယ်တိုင်ရဲ့ ပျော်ရွှင်မှုနဲ့ မိသားစုရဲ့ပျော်ရွှင်မှုကို အလဲအထပ်လုပ်ပေးခဲ့ပြီး မိသားစုကောင်းစားရေးအတွက် သူ့ဘဝကိုပုံအပ်ထားခဲ့တယ်။ အလုပ်ရဲ့စိတ်ဖိစီးမှုဒဏ်တွေကိုတော့ သူ့ကို ရုံးကအကြီးအကဲလာတွေ့ဖို့လုပ်တဲ့အခန်းမှာ မြင်နိုင်ပါတယ်။ သူ့ရဲ့လူသားဆန်တဲ့ပျော်ရွှင်မှုတွေကို လက်လွှတ်ဖို့ရွေးချယ်ရင်းနဲ့ ရလဒ်ကတော့ လူသားပုံစံကိုပါ ဆုံးရှုံးလိုက်ရတာပါပဲ။

အခုတော့ ပိုးကောင်ဖြစ်သွားပြီး အခန်းထဲမှာပဲ ပိတ်မိနေရတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ လူသားဆန်တဲ့ခံစားချက်တွေ၊အတွေးတွေ၊အမှတ်တရတွေ ရှိနေဆဲပဲ။ သူ့ညီမတီးတဲ့ တယောသံကြားတဲ့အခါ သူဟာ ဂီတအပေါ်စီးမျောရင်း သတိလက်လွတ်ဖြစ်သွားရတယ်။သူ့ညီမလေးကို လာမယ့်ခရစ်စမတ်မှာ လက်ဆောင်အနေနဲ့ မြို့ပေါ်က သင်တန်းတစ်ခုသွားအပ်ပေးဖို့စီစဉ်ထားတာတွေ အခုတော့ ရေစုန်မျောပြီပေါ့။ အခုအခါမှာ သူဟာ အစ်ကိုတစ်ယောက်အနေနဲ့ရော သားတစ်ယောက်အနေနဲ့ရော မဟုတ်တော့ဘဲ သူစိမ်းပြင်ပြင် အရှုပ်ထုပ် ပိုးကောင်ကြီးဖြစ်နေပြီ။ သူ့ကိုထားထားတဲ့အခန်းဟာလည်း သုံးစားမရတဲ့အခန်းတစ်ခုဖြစ်သွားပြီ။လူသားနည်းတူ ဘယ်လောက်ပဒခံစားနိုင်ပါစေ ပတ်ဝန်းကျင်ကတော့ သူ့ကို လူသားအဖြစ် မသတ်မှတ်တော့ဘူး။

လေးဖက်လေးတန်နံရံ အခန်းတစ်ခုထဲမှာ အထီးကျန်စွာဖြတ်သန်းရင်း သူ့ရွှေခေတ်တွေကို ပြန်ပြောင်းအောက်မေ့ပြီး စိတ်တက်ကြွလိုက် ယခုပစ္စုပ္ပန်လက်တွေ့အခြေအနေကို စိတ်ဓာတ်ကျလိုက်နဲ့ ချည့်နဲ့ပင်ပန်းစွာ အသက်ရှင်ဖို့ကြိုးစားနေတယ်။ သူအလုပ်မလုပ်နိုင်တော့တဲ့နောက် သူ့မိသားစု အဆင်မှပြေရဲ့လားလို့ သူ့မှာတွေးပူနေတယ်။ ဟိုတွေးဒီတွေးနဲ့ ငါဟာ ငါ့မိသားစုကို ဒီလိုတိုက်ခန်းကျယ်ကြီးမှာ ထားနိုင်ခဲ့ပါလားဆိုပြီး ကြံဖန်ဂုဏ်ယူနေမိပါသေးရဲ့။ လူလောကထဲ ဝင်ဆံ့ဖို့ကြိုးစားကြည့်ပေမယ့် အချည်းနှီးသာ။ အဖေ့ဆီက ပန်းသီးနဲ့ပစ်ပေါက်တာပါ အဆစ်ခံလိုက်ရသေးတယ်။

“The previous morning while the doors were locked everyone had wanted to get in there to him, but now, now that he had opened up one of the doors and the other had clearly been unlocked some time during the day, no-one came, and the keys were in the other sides.”

~Metamorphosis,Franz Kafka

ဒီစကားလုံးတွေက Gregor ရဲ့ အထီးကျန်
မှုကို ဖော်ပြနေပါတယ်။ သူ့ဘက်က ဘာမှမလုပ်ပေးနိုင်ဘဲ ဝန်ထုပ်ဝန်ပိုးသာဖြစ်နေတဲ့အခြေအနေမှာ သူကြားနေရတာတွေက အရှင်လတ်လတ်ငရဲကျသလိုခံစားရတယ်။ သူကသာ ပြောဆိုနေကြတာတွေအကုန်လုံးလိုလိုကြားနေရပေမယ့် သူပြောတာတွေကိုတော့ ဘယ်သူမှနားမလည်ကြတော့ဘူး။

နောက်ဆုံးမှာ Gregor ဟာ ေ*သသွားတယ်။အိမ်ဖော်မက သူ့အလောင်းကို အမှိုက်သရိုက်နဲ့အတူ စွန့်ပစ်လိုက်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ မိသားစုဝင်တွေက မလုပ်ရတာ အလွန်ကြာခဲ့သလိုခံစားမှုမျိုးနဲ့ ဝမ်းသာရွှင်လန်းစွာ အိမ်ထဲကထွက်လာကြပြီး ပျော်ရွှင်စွာ လျှောက်သွားကြတယ်။Gregor မရှိတော့တာက သူတို့ကို လွတ်မြောက်သွားစေသလိုပါပဲ။ သူ့ညီမကတော့ ပန်းပွင့်လေးတစ်ပွင့်လို ပွင့်လန်းလာပြီး အိမ်ထောင်ဖက်ရှာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဇာတ်လမ်းကိုအဆုံးသတ်ထားတယ်။

တစ်ယောက်ရဲ့သေဆုံးမှုက ကျန်နေသူတွေအတွက် ဝမ်းသာစရာဖြစ်နေတာကို မြင်ရတာက စိတ်မသက်မသာဖြစ်စေတယ်။Kafka က ဒီစာအုပ်ကနေ မေးခွန်းထုတ်ထားတယ်လို့ခံစားမိတယ်။ ကိုယ့်အသက်ရှင်ရခြင်းရဲ့အဓိပ္ပာယ်က ဘာလဲ။လူတွေရဲ့ချစ်ခင်မှုဆိုတာ စစ်မှန်သလား။ ကိုယ်ဟာ တစ်ခုခုကြော့င်အရေးပါနေတာလား၊ကိုယ့်ကိုယ်ကိုအဖြစ် အရေးပါတာလား။ ပတ်ဝန်းကျင်က လူတွေက ကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာက ကိုယ့်ရဲ့စစ်မှန်တဲ့တန်ဖိုးကို သတ်မှတ်ပေးလား။

ကိုယ့်ကိုယ်ကို လှည့်ဖျားဖို့မလို၊လောကကြီးက လှပပါတယ်လို့ အတင်းယုံကြည်ဖို့မလိုဘူး။အမှန်တရားနဲ့ မျက်နှာချင်းဆိုင်ဖို့ပဲ လိုပါတယ်။

Kafka က ထိတ်လန့်စရာကောင်းတဲ့အိပ်မက်ဆိုးတစ်ခုကို သမာရိုးကျလိုပဲဖော်ပြထားတာပါ။တစ်ရက်တစ်မနက်နဲ့ ပိုးကောင်လုံးလုံးဖြစ်တာကို သဘာဝကျကျ ရေးထားတယ်။Metamorphosis ဟာ ဝမ်းနည်းစရာကောင်းတဲ့၊စိတ်ထိခိုက်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ဒါပေမယ့် ဒီလိုစာအုပ်မျိုးကိုပဲ ဖတ်သင့်တယ် မြင်ပါတယ်။သက်တောင့်သက်သာရှိတဲ့ ပုံပြင်ဝတ္ထုလှလှလေးတွေထက် ဒီလို မမြင်ချင်မသိချင် မျက်စိဇွတ်မှိတ်ထားရတဲ့အမှန်တရားတွေက ကိုယ့်အတွေးအခေါ်ကို ပိုပြောင်းလဲစေနိုင်ပါတယ်။ Kafka က လူ့ဘဝရဲ့ခါးသီးမှု၊အမှောင်ခြမ်းတွေကို ရိုးရိုးသားသား ထုတ်ဖော်ရေးသားထားပါတယ်။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ခေတ်ရေစီးကြောင်းထဲမှာ စိတ်ဓာတ်တွေကြမ်းရှနေတဲ့ လူငယ်စာဖတ်သူတွေလည်း နှစ်ခြိုက်ကြမယ်လို့ထင်ပါတယ်။

အကယ်၍များပေါ့လေ ကျွန်တော်တို့တွေ ဒီညအိပ်ပြီး မနက်အိပ်ရာကနိုးလို့ ပိုးကောင်ကြီးအသွင်ပြောင်းသွားကြရင်ရော….

.
.
.
.
.
ဒီreviewကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
https://www.facebook.com/share/16UGw6jvhq/?mibextid=wwXIfr
👆

#Youths_book_reflections
#bookreview
#Metamorphosis
#FranzKafka

Keep Reading

တကယ်မရှိသောနှစ်များမိတ်ဆွေမှရန်သူဖြစ်သွားခြင်းကမူး၏ကိုးကွယ်ရာErnest Hemingway ဘဝဟာသများလူကဲခတ်နည်း အပိုင်းသုံး❝ မသိမှု ဝတ်ရုံကြီး ❞တကောင်ကြွက်စာပေဆိုင်ရာ နိုဘယ်ဆုAVA (Season 1 & 2) Beyond AVA The Fall of HantharwaddyKafkaရဲ့ Metamorphosis