မောရိသျှ

“စိတ်ရှည်သည်းခံမှု” မရှိဘဲနဲ့ ဘယ်ပညာကိုမှ သင်ယူလေ့လာနိုင်မှာ မဟုတ်ပါဘူး။ လူကဲခတ်ပညာ (သို့) လူပါးနပ်ပညာ ဆိုတာက “လူနဲ့ပက်သက်သမျှ” ဦးနှောက်ထဲက သိပြီးသား အကြောင်းအရာတွေကို အစကနေ အဆုံး ပြန်သင်ယူခြင်း ဖြစ်တာကြောင့် အချိန်ခနလောက် လေ့လာရုံနဲ့ သိနိုင်တတ်နိုင်တဲ့ ပညာမျိုး မဟုတ်ပါဘူး။ အချက်အလက်တွေကို တပြိုင် နက်တည်း မှတ်သားနိုင်တိုင်း၊ ဉာဏ်ကောင်းရုံနဲ့ သိနိုင်မြင်နိုင်တဲ့ အရည်အချင်းမျိုး လုံးဝ မဟုတ်ပါဘူး။
ကလေးတစ်ယောက် လမ်းစလျှောက်ခါစ ခြေချနည်း သင်သလို၊ တစ်လှမ်းချင်း လေ့လာသွားမှ ကျေညက်နိုင်တဲ့ ပညာမျိုးပါ။ လူ့အထာကို ပါးနပ်သွားအောင် လေ့လာတဲ့ ပညာဖြစ်လို့လည်း၊ လေ့လာထားတဲ့ အယူအဆတွေကို လက်တွေ့ဘဝမှာ ကျင့်သုံးပြီး အတွေ့အကြုံနဲ့တကွ နိုင်းယှဉ်ပြီး လေ့ကျင့်ရမယ့် ပညာမျိုး ဖြစ်ပါတယ်။
အလ္လာပသလ္လာပ စကားပြောဆိုခြင်းက အစ၊ စကားပြောဖော်ပြောဖက်ရဲ့ မျက်နှာ အမူအရာ၊ ကိုယ်အမူအရာ၊ အာမေဋိတ် စတာတွေကို သတိထား မှတ်သားပြီး၊ အဲဒီ အမူအကျင့်တွေ ဘာကြောင့်ဖြစ်တယ်၊ ဘာဆက်ဖြစ် တယ် စသဖြင့် အချိတ်အဆက် ကို မြင်နိုင်အောင် လေ့လာရတာမျိုးပါ။ မသိမသာ ခိုးလုပ်လိုက်တဲ့ အမူအရာ သေးသေးလေး ကအစ သတိထားမိနိုင်လောက်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ မျက်နှာ အမူအရာဟာ ဟန်ဆောင်နေတာလား၊ တစ်ကယ့် ခံစားချက်များလား၊ တမင်လုပ်ယူထားတာလား။ ကွဲပြားသွားအောင် သဲလွန်စရှာပြီး၊ ကောက်ချက်ချနိုင် သည်အထိ ကြိုးစားလေ့လာရမယ့် ပညာရပ် ဖြစ်ပါတယ်။
ကိုယ်နဲ့ အရင်းနှီးဆုံးဖြစ်မယ့် အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ အရင်ဆုံး လေ့ကျင့်ပါ။ သာမှန် အမူအကျင့်၊ အထာတွေကို ကျေညက်ပြီး၊ တစ်ဖက်လူရဲ့ အပြုအမူ တစ်ခုခု မလုပ်ခင် ကိုယ်က ကြိုပြီး သိနိုင်လောက်တဲ့ အနေအထား အထိ လူ့အထာ ပါးနပ်သွားပြီဆိုမှသာ၊ သူစိမ်း ဖြစ်စေ၊ တခြား မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်ယောက်ကို ဖြစ်စေ အဆင့် တိုးပြီး အထာကောက်တတ်ရပါမယ်။
တနေ့ တရက်တည်း တတ်မြောက်နိုင်တဲ့ ပညာ မဟုတ်သလို၊ လက်ဆယ်ချောင်းစာ လူအုပ်စုရဲ့ အထာကောက်နိုင်တိုင်း လူ့အထာ ပါးနပ်သွားတာ မဟုတ်ပါ။ သေတပန် သက်တစ်ဆုံး လေ့ကျင့်သင်ယူသွားရမယ့် ပညာ ဖြစ်ပါတယ်။ မျက်နှာ အမူအရာကို အထာနပ်သလောက် ရှိသွားပြီဆိုမှ၊ အသံရဲ့ လေယူလေသိမ်း၊ အနိမ့်အမြင့်အလိုက် အထာကောက်ရပါမယ်။ လေသံ ကနေ စကားသံ၊ စကားသံကနေ အဆိုသံ၊ အငိုသံ၊ ရယ်သံ၊ မောသံ စသဖြင့် မတူညီတဲ့ အသံမျိုးစုံကို အခြေအနေ၊ အနေအထား၊ သဘာဝ၊ အကြောင်းအကျိုး အလိုက် ဆက်စပ်ပြီး အထာကောက်တတ်အောင် တဆက်တည်း လေ့ကျင့် သွားရပါမယ်။
လူ့မျက်နှာက အတွေးရဲ့ တံခါးပေါက်ဖြစ်ပြီး၊ လူ့အသံဟာ နှလုံးသားရဲ့ ဝင်ပေါက် ဖြစ်ပါတယ်။ မျက်နှာ အမူအရာကို ကြည့်ပြီး ဘာတွေ တွေးနေကြံနေမလဲ သဲလွန်စ ကောက်လို့ ရသလို၊ အသံကြားရုံနဲ့ ယုံကြည်မှု ရှိသူလား၊ အားနွဲ့ သိမ်ငယ်တတ်သူလား၊ တွေဝေမှေးမောတတ်သူလား ခွဲခြားလို့ ရနိုင်ပါတယ်။ မျက်နှာ အမူအရာ ဥပဓိရုပ်ပညာကို ပါးပါးနပ်နပ် ကြည့်တတ်၊ မြင်တတ်မယ်၊ လူ့အသံ ကို အထာကျကျ သဲလွန်စကောက် ခန့်မှန်းနိုင်ပြီဆိုမှ၊ လူကဲခတ်ပညာရဲ့ အခြေခံကို ကျေညက်သလောက် ရှိပြီလို့ သတ်မှတ်ရပါတယ်။
မျက်နှာ နဲ့ အသံ ကျေပြီဆိုမှ ခန္ဓာကိုယ် အမူအကျင့် နဲ့ အထာကို ဆက်လက်လေ့လာရပါတယ်။ မျက်နှာ အမူအရာကို မကျေညက်ပါဘဲ၊ ကိုယ်အမူအရာကို ခန့်မှန်းတတ်မှာ မဟုတ်ပါဘူး။ အသံကြားရုံလောက်နဲ့ အထာသဘော ခွဲခြားနိုင်မှ လက်အမူအရာ၊ ခြေအမူအရာ၊ စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းဆီရဲ့ သဘောသဘာဝတွေကို သိနိုင်မှာ ဖြစ်ပါတယ်။ အားလုံးကို တပြိုင်နက်တည်း လေ့လာလို့ မရပါဘူး။ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းဆီ၊ အချိန်ယူပြီး တဖြည်းဖြည်းချင်း လေ့လာသွားမှ ကျေညက်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်နေဆဲ ကာလမှာ ကိုယ်လေ့လာထားသမျှကို စာဖြင့်ဖြစ်စေ၊ အချက်အလက် သိမ်းဆည်းမှု နည်းပညာ တစ်ခုခုနဲ့ဖြစ်စေ မှတ်သားထားရပါမယ်။ အဲဒီလို မှတ်သား ထားမှ ကိုယ်လေ့လာထားတဲ့ ပညာရပ် အပေါ် ပြန်ဆန်းစစ်နိုင်မှာပါ။
ဥပမာ - အမျိုးသမီး ငါးယောက်ရဲ့ ဝမ်းနည်းချိန် ပြုမူမိတဲ့ လက်အမူအရာ ငါးမျိုးကို အမျိုးသား ငါးယောက်ရဲ့ ဝမ်းနည်းချိန် လုပ်လိုက်မိတဲ့ လက်အမူအရာ ငါးမျိုးနဲ့ ယှဉ်ပြီး ကွာခြားချက်၊ ခြားနားချက် စသဖြင့် ဆန်းစစ်ပြီး၊ အလွတ်သဘော နဲ့ အချက်အလက်တွေကို မှတ်မိနေရမှာ ဖြစ်ပါတယ်။
လူကဲခတ် ပညာဟာ ရာနုန်းပြည့် အတည်ပြု ပြောနိုင်တဲ့ ပညာမျိုး မဟုတ်ပေမယ့်၊ ရာနုန်းပြည့် နီးပါး ခန့်မှန်းလို့ ရတဲ့ ပညာရပ်မျိုး ဖြစ်တဲ့အတွက်၊ မသေချာမှု၊ မရေရာမှု လုံးဝ မရှိသင့်ပါဘူး။ မှတ်သားထားတဲ့ အချက်အလက်၊ တိကျ သေချာတဲ့ ဖြစ်ရပ် အပေါ် အခြေခံထားတဲ့ ခန့်မှန်းမှုများသာ ဖြစ်ရပါမယ်။
#မောရိသျှ
Keep Reading