Author's Profile Photo

Kaung Hein Soe - Strategic

30/09/2025

ဝယ်ရောင်း လုပ်မယ်ဆိုရင်….

4 mins read
Business
Marketing
ဝယ်ရောင်း လုပ်မယ်ဆိုရင်….'s photo

တစ်ခါတော့ မိတ်ဆွေတွေနဲ့ စကားပြောရင်း မော်တော်ကားစျေးတွေ တက်လာတဲ့ အကြောင်းကို ရောက်သွားပါတော့တယ်။ မိတ်ဆွေတစ်ယောက်က ကားစျေးမတက်ခင် ကားဝယ်ထားမိလိုက်လို့ အခုဆိုရင် မြတ်နေပြီလို့ ပြောတဲ့အခါ အခြားတစ်ယောက်က ကား စျေးတက်လို့ရောင်းပြီး အခြားအလုပ်တစ်ခုခု လုပ်ရင် တော့မဆိုးပါဘူး ဒါပေမယ့် ဒီကား ကိုရောင်းပြီး နောက်ကား ထပ်ဝယ်မယ်ဆိုရင်တော့ တခြား ကားတွေ ကလဲ စျေးတက်နေ တော့ သိပ်မထူးပါဘူး လို့ဆိုပါတယ်။ တဆက်တည်း ဝယ်ရောင်းတွေ ဆိုရင်လဲ လက်ထဲကား ရှိနေသူက ရောင်းပြီး ပြန်ဝယ်ရ လို့ ထူးပြီး မမြတ်သလို စျေးတက်သွားလို့ ရောင်းရတာ တောင် နည်းနည်းခက် သွားပါတယ်တဲ့။
မြန်မာပြည်မှာ စီးပွားရေး အလုပ်တစ်ခု အနေနဲ့ ဝယ်ရောင်းဆိုတဲ့ အလုပ်က အတော်လေး လုပ်ကြလေ့ ရှိပါတယ်။

အကျိုးဆောင် အနေနဲ့ အကျိုးဆောင်ခ ရယူဆောင်ရွက်ရာကနေ ငွေလေးစုမိလာတဲ့ အခါမှာ ဝယ် ရောင်း အဖြစ် ပါဆောင်ရွက်ကြလေ့ရှိပါတယ်။ အိမ်ခြံမြေဝယ်ရောင်း၊ ကားဝယ်ရောင်း၊ ဖုန်းဝယ်ရောင်း စတဲ့ ကုန်ပစ္စည်း မျိုးစုံကို ဝယ်ပြီး အမြတ်တင်ရောင်းချကြ တာမျိုးပါပဲ။ အများစုကတော့ ဝယ်ရောင်းလို့ ပြောလိုက်ရင် ကား၊ အိမ် ပွဲစား အကျိုးဆောင်တွေကိုသာ ပြေးမြင်တတ်ကြပေမယ့်၊ ကုန်ပစ္စည်း မျိုး စုံကို ဝယ်ရောင်း လုပ်ကြတာကလဲ နေရာတိုင်းမှာ ရှိနေတာပါပဲ။
.
တချို့အခြေအနေတွေမှာ ဝယ်ရောင်း လုပ်လို့ ရတဲ့ အမြတ်ထက် ရေရှည် ကိုင်ထားလိုက်တဲ့ အမြတ်ကပိုပြီး ကြီးကြီးမားမားဖြစ်တတ် ပြန်ပါတယ်။ ဥပမာ မြေတစ်ကွက်ကို သိန်း ၁၀၀ နဲ့ ဝယ်ပြီး သုံးလ လောက်အတွင်း သိန်း ၁၂၀ လောက်နဲ့ ပြန်ရောင်းထုတ် တယ်ဆိုပါစို့။ ဒါပေမယ့် ဒီ မြေကွက်ကိုသိန်း ၁၀၀ နဲ့ ဝယ်ပြီး တစ်နှစ်လောက်ကိုင် ထားလိုက် တဲ့သူက သိန်း ၂၀၀ နဲ့ ပြန်ရောင်းလို့ရရင် အထက်က ဝယ်ရောင်းထက် အမြတ်ပိုရ တတ်ပါတယ်။၊ အဲဒီအကွက်ကိုပဲ ဆယ်နှစ်လောက်ကိုင်ထားပြီး သိန်း ၁၀၀၀ လောက် ရသွားတာမျိုးလဲ ရှိတတ်ပါသေးတယ်။ ဆိုတော့ အချို့ ဝယ်ရောင်း လုပ်တာနဲ့၊ ရေရှည်ကိုင်ထားတာ ဘယ် တစ်ခုက ပိုကိုက်သလဲလို့ သုံးသပ်ဖို့လဲ လိုအပ်ပါတယ်။
.
တစ်ချို့ ကတော့ ဝယ်ရောင်းလုပ်ရင်း အရင်း မနိုင်တော့တာမျိုးလဲ တွေ့ရလေ့ရှိပါတယ်။ ဥပမာ တိုက်လေး တစ်တိုက်ကို သိန်း ၃၀၀ နဲ့ ဝယ်ပြီး ၃၅၀ နဲ့ပြန်ရောင်းလိုက် တယ်ဆိုပါစို့။ ကိုယ်လဲရောင်းပြီးပြီးချင်း စျေးတွေထိုးတက်သွား တဲ့ အခါ ကိုယ့်လက်ထဲကငွေနဲ့ ပြန်ဝယ်လို့ မရတော့တဲ့ အတွက် အမြတ် တောင်ထုတ် မသုံးရပဲ ငွေထပ်စိုက်ရတာမျိုးတွေ ရှိတတ်ပြန်ပါတယ်။
.
အဆိုးဆုံးကတော့ ဝယ်ရောင်းလုပ်ဖို့ စျေးအမြင့်မှာ ဝယ်လိုက်မိရင် လက်ထဲအရောက်မှာ စျေးကထိုးကျသွားတဲ့အတွက် ငွေတွေ အငွေ့ပျံပျောက်ကုန်တဲ့ အခြေအနေမျိုးပါပဲ။ ဒီလိုနဲ့ ဝယ်ရောင်းလုပ်ရင်း ဆုံးရှုံးသွားကြတဲ့ သူတွေ လဲ အများအပြားကိုတွေ့ရပါတယ်။
.
ဒီတစ်ခါမှာတော့ ကျွန်တော့် အနေနဲ့ ဝယ်ရောင်း လုပ်မယ်ဆိုရင် မဆုံးရှုံးစေနိုင်မယ့် နည်းလမ်းလေး တွေကို အတွေ့အကြုံအရ မျှဝေချင်ပါတယ်။
.
(၁) နေရာ အခြေပြု ဝယ်ရောင်း…
.
ဒါကတော့ ရှေးခေတ်ကထဲက လူတွေ အသုံးပြုလာကြတဲ့ ကုန်သွယ် ဝယ်ရောင်းလုပ် တဲ့ နည်းစနစ် ပဲဖြစ်ပါတယ်။ကုန်ပစ္စည်းတစ်မျိုးမျိုးကို စျေးသက်သာတဲ့ နေရာ မှာ သွားရောက် ဝယ်ယူပြီး စျေး မြင့်တဲ့ နေရာ ကို ရှာဖွေရောင်းချ ကြတာပါပဲ။ ဥပမာ မြန်မာနိုင်ငံရဲ့ ဆားထွက်တဲ့ နေရာ တွေကို ရှာဖွေ ပြီး စျေးသက်သက်သာသာ နဲ့ ဝယ်ယူ ကာ ပြည်တွင်းကို ပြန်လည် ရောင်းချ ခြင်းပါပဲ။ ဒါမှမဟုတ် ပင်လယ်ကမ်း ခြေဒေသ တွေကနေ ရေထွက်ပစ္စည်းတွေ ဝယ်ပြီး ကုန်းတွင်းပိုင်းကို သွားရောက်ရောင်း ချတာမျိုးပါပဲ။
.
ဒီနည်းကတော့ မှန်ကန်တဲ့ နေရာတွေ ရွေးချယ်ဝယ်ယူ ရောင်းချနိုင်တယ်ဆိုရင် ဆုံးရှုံးမှုနည်းပါးတဲ့ ဝယ်ရောင်း ကုန်သွယ်ခြင်းတစ်ခုဖြစ်ပါတယ်။
.
.
(၂) အချိန် အခြေပြု ဝယ်ရောင်း..
.
ကုန်ပစ္စည်း အတော်များများမှာ အချိန်ကာလ ရာသီ အပေါ်မူတည်ပြီး စျေးတက် ချိန်စျေးကျချိန်တွေ ရှိတတ်ပါတယ်။ ဥပမာ ပဲ ပေါ်တဲ့ အချိန်တွေ မှာ ဆိုရင် စျေးသက်သက်သာသာနဲ့ ဝယ်လှောင်ထားပြီး ပဲစျေးအတက် နောက် ငါးလ ခြောက်လ မှာ ပြန်ရောင်းရင် အမြတ်တစ်ခု ကောင်းကောင်း ရနိုင် လေ့့ရှိပါတယ်။ အိမ်ခြံမြေတိုက်ခန်းဆိုရင်လဲ မိုးရာသီ အရောင်းပါးပြီး စျေးအီ သွားချိန်မှာ ဝယ်ယူကာ ပွင့်လင်း ရာသီ ၀ါကျွတ်ချိန်လို အိမ်စျေးတက်တဲ့ အချိန်မှာ ပြန်လည်ရောင်းချ ခြင်းမျိုး တွေဟာ အချိန်ကို အခြေပြု ဝယ်ရောင်းတွေ လို့ဆိုနိုင်ပါတယ်။
.
ဒီနည်းလမ်းကတော့ ကိုယ်ဝယ်ရောင်းလုပ်မယ့် စျေးကွက်ကိုနားလည်ပြီး ဘယ်အချိန်မှာ စျေးတက်တယ် ကျတယ်ဆိုတာကို သိရှိမယ် ဘာကြောင့်တက်တယ် ကျတယ် ဆိုတာကို နားလည်မယ်ဆိုရင် ဆုံးရှုံးမှုနည်းပါး လေ့ရှိပါတယ်။
.
.
(၃) တန်ဖိုးထပ်ပေါင်း ဝယ်ရောင်း
.
စျေးကွက် အတက်အကျတော့ သိပ်မရှိပဲ စျေးတန်းငြိမ်နေပေမယ့် Value Added တန်ဖိုးထပ်ပေါင်း လုပ်နိုင် ရင်လည်း ဝယ်ရောင်း လုပ်ပြီး အမြတ် ရနိုင်ပါသေးတယ်။ ဥပမာ တိုက်ခန်း စျေးတွေက ငြိမ်နေပေမယ့် အခန်းတစ်ခန်း ဝယ်ပြီး ပါကေးခင်း၊ ကြွေပြားကပ်၊ အခန်းဖွဲ့ စတဲ့ ပြင်ဆင်မှု Value Added တွေ လုပ်ပြီး အမြတ် ပမာဏ တစ်ခု ပြန်တင်ရောင်းမယ်ဆိုရင်လဲ အလုပ်ဖြစ်နိုင်လေ့ရှိပါတယ်။
.
မြေယာ ပိုင်းဆိုရင်လဲ မြေချည်းသက်သက် ဝယ်လိုက်ပြီး အိမ်ယာ၊ ကွန်ဒိုတွေ ဆောက်လုပ်ကာ ပြန်လည်ရောင်းချတာမျိုးပါပဲ။
.
ဒီနည်းလမ်းကတော့ ပြင်ဆင် ပြုပြင် Value Added လုပ်ဖို့ စျေးအနည်းဆုံး ဖြစ်စေမယ့် Supplier သို့မဟုတ် ကျွမ်ကျင်လုပ်သားတွေ ရှိဖို့လိုပြီး စရိတ်နည်းနည်းနဲ့ ဘာကို ဘယ်လိုတန်ဖိုးတက်အောင် လုပ်ရမယ်ဆိုတာ ကြည့်တတ် တွေးတတ်တဲ့ အမြင်လိုအပ်ပါတယ်။
.
.
(၄) ပြုပြင် ပြင်ဆင် ဝယ်ရောင်း..
.
ရပ်ကွက်တွေထဲမှာ ရေခဲသေတ္တာ အပျက်တွေ ဝယ်တယ် အဝတ်လျှော်စက် အပျက်တွေ ဝယ်တယ်လို့ ကြေငြာတဲ့ အသံကို ကြားဖူးကြပါလိမ့်မယ်။ ဒီလို ပျက်နေတဲ့ အရာ တွေကို စျေးသက်သက်သာသာ နဲ့ ဝယ်ယူပြီး မိမိ ကျွမ်းကျင်တဲ့ ပညာနဲ့ အကောင်းအတိုင်းသုံးလို့ ရအောင်ပြုပြင်ပြင်ဆင်ကာ တပတ်ရစ်အနေနဲ့ ပြန်လည်ရောင်းချ ခြင်း မျိုးကိုဆိုလိုတာပါပဲ။
.
ပျက်စီးနေတဲ့ကားတွေ၊ သုံးမရတဲ့ ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်း တွေ စတဲ့ လူသုံးကုန်မျိုးစုံကို အသက်သာဆုံး စျေးနဲ့ ဝယ်ယူပြီး ပြင်ဆင်ရောင်းချ လေ့ရှိပါတယ်။ ဒီလိုလုပ်နိုင်ဖို့ကတော့ ပြုပြင်ပြင်ဆင် တတ်တဲ့ ပညာ တစ်ခု တတ်ကျွမ်းပြီး ဘယ်ပစ္စည်းကို ဘယ်လောက်နဲ့ ဝယ် ၊ ဘယ်လောက်ဖိုးပြင်ပြီး ဘယ်လောက်နဲ့ ရောင်း လို့ရမလဲ ဆိုတဲ့ အချက်အလက်တွေ တော့ ခန့်မှန်း သုံးသပ်နိုင်ဖို့လိုပါတယ်။
.
.
(၅) ပုတ်ပြတ်၊ လက်ကား ဝယ်ရောင်း..
.
ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ ဆီကနေ ထွက်တဲ့ ပစ္စည်းတွေကို လက်ကားစျေးနဲ့ ရယူပြီး လက်လီစျေး နဲ့ ပြန်ရောင်းတာ၊ ကုန်သည် တွေဆီက ပါလာတဲ့ ပစ္စည်းတွေကို ပုတ်ပြတ် စျေးဖြတ်ဝယ်ယူပြီး လက်လီစျေးနဲ့ ပြန်ရောင်းတာ မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ဂျပန် ကနေလာတဲ့ အင်္ကျီ ကွန်တိန်နာတွေကို တစ်လုံး ဘယ်လောက် လို့ စျေးဖြတ်ဝယ်ယူပြီး ပါလာတဲ့ အဝတ်အစားတွေကို အကောင်း အသင့်အတင့် အညံ့ ခွဲကာ စျေးပြန်သတ်မှတ် ရောင်းချတဲ့ နည်းလမ်းမျိုးပါပဲ။
.
အိမ်ခြံမြေ ပိုင်းမှာ ဆိုရင်လဲ မြေ ကိုဧက လိုက် စျေး သက်သက်သာသာနဲ့ ဝယ်ပြီးမှ အကွက်လေးတွေ ပြန်စိတ် ပြီး ရောင်းတဲ့ ဝယ်ရောင်းမျိုးပါပဲ။
.
ဒီနည်းလမ်းကတော့ စျေးအသက်သာ ဆုံး ရနိုင်မယ့် ရောင်းချသူ Supplier သို့မဟုတ် စက်ရုံတွေ နဲ့ ချိတ် ဆက် နိုင်ဖို့ အဓိကလိုအပ်ပါတယ်။
.
.
(၆) ဗိုက်နာ ဝယ်ရောင်း..
.
ဗိုက်နာ တယ်ဆိုတာကတော့ အရောင်းအဝယ်လောက မှာ ငွေအရေးတကြီးလိုနေတဲ့ အတွက် စျေးကို မတန်တဆ လျော့ပြီးရောင်းပေးတဲ့ အခြေအနေမျိုးကိုဆိုလိုတာပါပဲ။ ဥပမာ တိုက်ခန်း ကို ငွေလိုနေလို့ ပေါက်စျေး ထက် အများကြီးလျော့ရောင်းပေး တဲ့ အရောင်းမျိုးကို လိုက်ရှာပြီး ဝယ်ကာ ပုံမှန်စျေးတန်းနဲ့ ပြန်ရောင်းတဲ့ နည်းလမ်းမျိုးပါပဲ။
.
ဒီနည်းလမ်းကတော့ အမြတ်ရဖို့ ကြိမ်းသေ တတ်ပြီး အမြတ်ပမာဏ လဲများတတ်ပါသေးတယ်။ တစ်ချို့ကတော့ ဝယ်ရောင်းကောက်စျေး ဆိုပြီး ပေါက်စျေးထက် နိမ့်တဲ့ စျေးတန်းတစ်ခု သတ်မှတ် ထားပေးကာ အဲဒီစျေးနဲ့ ရောင်းတာနဲ့ ငွေချက်ချင်း ပေးချေ ဝယ်ယူ ပြီး ပြန်ရောင်းတတ်ကြပါတယ်။
.
.
(၇) သတင်းအခြေပြု ဝယ်ရောင်း
.
ဥပမာ စီမံကိန်းလုပ်မယ့်သတင်း၊ အိမ်ယာ အသစ်ဆောက်မယ့်သတင်းစ တဲ့ သတင်းတွေကို အခြေပြုပြီး အဲဒါတွေ အနီးတဝိုက်မှာ ဝယ်ယူထားကာ ဒီစီမံကိန်းတွေ စတင် လို့ စျေးတက်ချိန်မှာ ပြန်လည်ရောင်းချ တဲ့ နည်းစနစ်ဖြစ်ပါတယ်။
.
.
.
ဒါတွေကတော့ ဆုံးရှုံးမှု နည်းပါးစေမယ့် စျေးကွက်အတွင်းက ဝယ်ရောင်းနည်းစနစ်တွေ ဖြစ်ပါတယ်။ ဝယ်ရောင်း ဆိုပြီး လွယ်ပါတယ် လို့ လုပ်မယ့်အစား ကိုယ်က ဘယ်လိုနည်းစနစ်ကိုသုံးပြီး ဘာကို ဝယ်ရောင်းလုပ်မယ် ဒီအတွက် ဘာတွေ လေ့လာပြင်ဆင်ဖို့လိုမယ်ဆိုတာမျိုး တွက်ချက်လုပ်ဆောင်မှသာ ဆုံးရှုံးမှုတွေ ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်းမျှဝေလိုက်ရပါတယ်။
.
.
.
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
.
.
Kaung Hein Soe – Strategic
Business Consultant

Keep Reading

အမြဲလေ့လာထားပါကိုဗစ်−၁၉ ကာလမှာ စတင်အောင်မြင်သွားတဲ့ လုပ်ငန်းတစ်ခု ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၄ ) ဒုတိယအကြိမ် ရှယ်ယာထည့်ဝင်ခြင်း Strategy တွေ ထိရောက်ဖို့....တစ်လကိုဝင်ငွေဘယ်လောက်ရှိရှိ ၅မျိုးခွဲပြီး အချိုးကျသုံးစွဲပါငွေအရင်းအနှီး ဘယ်ကနေရှာ 3F ကနေပါ ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၃ ) ရှယ်ယာထည့်ဝင်ခြင်း ကျွန်တော့်ရဲ့ ရှုံးနိမ့်မှုများ အပိုင်း ( ၂ ) ချေးငွေလုပ်ငန်း ကိုလတ်ဆိုတဲ့ လူတစ်ယောက်အကြောင်း သင့်ရဲ့ ကုန်ပစ္စည်းတွေကို ပိုရောင်းရအောင်သုံးရလေ့ရှိတဲ့ နည်းလမ်းတစ်ခု