မောရိသျှ
လူသားရဲ့ ဦးနှောက်ဟာ ပေါင်းသင်းဆက်ဆံရေး အပေါ် တုန့်ပြန်ဖို့အတွက် အမြဲ အသင့်ဖြစ်နေတတ်ပါတယ်။ အသိဉာဏ် ရှိ သတ္တဝါ တွေ ဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးမှသည် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းတတ်ပါတယ်။ လူမှုဆက်ဆံရေးကနေ တဆင့် အသိဉာဏ် ဖွံ့ဖြိုးအောင် လုပ်ရတဲ့အတွက်၊ အဆိုးအကောင်း ဆက်ဆံရေးအားလုံးကို တပြေးညီတည်း လက်ခံပြီး၊ လိုက်လျောညီထွေ ဖြစ်နိုင်ဆုံးသော တုန့်ပြန်မှုတွေနဲ့ ကြိုးစားရှင်သန်ကြရတာပါ။
မတူညီတဲ့ ရှုထောင့်၊ ကွဲပြားခြားနားတဲ့ အမြင်ပေါင်းများစွာကို ကိုယ့်အသိ၊ ကိုယ့်အမြင်၊ ကိုယ့်အထင်နဲ့ နိုင်းယှဉ်ပြီး၊ အကောင်း အဆိုး ခွဲခြားရတာမို့၊ မရေရာမှု များတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကိုယ့်အတွက်တောင်မှ မရေရာမှတော့၊ ပတ်ဝန်းကျင်ရဲ့ ရပ်တည်မှု၊ ဖြစ်တည်မှုတွေလည်း မရေရာပါဘူး။ အဲဒီလို မသေချာဘဲ၊ လေယူရာ ယိမ်းနေရတဲ့ သဘာဝ မှာ ခိုင်မာတဲ့ ရပ်တည်မှုမျိုးကို မဖြစ်မနေ တည်ဆောက်ကြရပါတယ်။ ပြောင်းလဲမှုအပေါ် အယိမ်းအယိုင်မရှိ တပြေးညီ ရပ်တည်နိုင်တဲ့ စိတ်အာရုံ ခံစားချက်ကို “မာန” လို့ ခေါ်ပါတယ်။
အတ္တ ကြောင့် လူ ပီသခွင့် ရှိပြီး၊ မာနကြောင့် လူသား ဆန်ခွင့် ရှိတာပါ။ မာနသာ မရှိခဲ့ရင် လူလူချင်း ရက်စက်ဖို့ လက်တွန့် နေမှာ မဟုတ်ပါဘူး။ မာန ဟာ မတူညီတဲ့ အမြင်တွေကို တပြိုင်နက်တည်း သုံးသပ်ခွင့် ပေးနိုင်တဲ့ စိတ်ခံစားချက် ဖြစ်ပါတယ်။ မာနကြောင့်သာ လူလူချင်း ကိုယ်ချင်းစာနိုင်တာ ဖြစ်ပါတယ်။ မာနကြောင့်သာ လူလူချင်း သိတတ်မှု ရှိနိုင်တာ ဖြစ်ပါတယ်။
ဒါပေမယ့် အတ္တ နဲ့ မာန တစ်ပြိုင်နက်တည်း ဖြစ်သွားရင်တော့ အသိဉာဏ်ပညာ အဆင့်အတန်း အလိုက် ပြောင်းလဲ ဖြစ်တည်နိုင်ပါတယ်။ အကယ်လို့ အသိစိတ်ဓါတ် ညံ့ဖျင်းနေခဲ့ရင် စာနာစိတ်၊ သိတတ်စိတ်၊ နားလည်စိတ် မရှိတော့ဘဲ၊ အတ္တနောမတိ - ကိုယ်ကျိုးရှေ့ရှုတဲ့ တစ်ကိုယ်ကောင်းသမား ဖြစ်သွားနိုင်ပြီး၊ အသိစိတ်ဓါတ် မြင့်မားသူ ဖြစ်ခဲ့ရင် ထောင်လွှားစိတ်၊ ယုံကြည်ချက် အကဲလွန်စိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ် တွေ အပေါ် ထိန်းညှိနိုင်မှာပါ။
ပေါင်းသင်းဆက်ဆံရေးမှာ အတ္တမာနက အင်မတန် အခရာကျပါတယ်။ အတ္တမာနကို အခြေခံပြီး မကောင်းတဲ့ စိတ်နေ စိတ်ခံ တွေ ဖြစ်ခွင့် မရနိုင်အောင်၊ ကောင်းတဲ့ စိတ်နေစိတ်ထားတွေနဲ့ တွဲဖက်နိုင်ဖို့ လိုပါတယ်။
ထပ်တူခံစားတတ်ပါစေ။
ကိုယ်ချင်းစာစိတ် ဆိုတာက စိတ်နေစိတ်ထား တစ်ခုလောက်ပဲ မဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေး အပါအဝင် ရှင်သန် နေထိုင်ရေး အတွက် မဖြစ်မနေ လိုအပ်မယ့် “သော့”ချက် လည်းဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး တစ်ခုမှာ အလွဲနိုင် ဆုံးသော အမှားက၊ တစ်ဖက်သားအပေါ် မသိနားမလည်သေးဘဲ၊ မြင်ရာကို ထင်တဲ့အတိုင်း ကောက်ချက်ဆွဲတာပါ။
ကိုယ့်အမြင်၊ ကိုယ့်အထင်ဟာ ကိုယ့်အတွက် ဟုတ်ကောင်း၊ မှန်ကောင်း နိုင်ပါတယ်။ ဒါပေမယ့် မသေချာပါဘူး။ အဲတာ ကြောင့် ကိုယ့်အထင်အမြင်ကို အတည်မသတ်မှတ်ဘဲ၊ ပတ်ဝန်းကျင် အပေါ် အရင်ဆုံး ခြုံငုံပြီး ကြည့်တတ်အောင် ကြိုးစားပါ။
ကိုယ့်ပတ်ဝန်းကျင်က ရှိရှိသမျှ လူတိုင်းဟာ သူတို့ အကြောင်းနဲ့သူတို့ မျက်နှာဖုံးတွေနဲ့ ကိုယ့်အနားကို ရောက်နေ တတ်ပါတယ်။ အဲဒီလို ဖုံးကွယ်မှုတွေ ရှိနေတာကို သိနေလျက်နဲ့ မသိသလိုမျိုး နေတတ်အောင် နေနိုင်ခြင်းကလည်း ရင့်ကျက်ခြင်း တစ်မျိုးပါ။ သူတို့နဲ့ ကိုယ်နဲ့ “တူတူပဲ” လို့ လုံးဝ မတွေးလိုက်ပါနဲ့။ ဘယ်သူကမှ မတူညီကြပါဘူး။ အားလုံးက ကိုယ်စီ အရည်အသွေး၊ အရည်အချင်း၊ အကြောင်းအရင်း မျိုးစုံ ရှိနေပြီးသားပါ။ ကိုယ်သာလျှင် ကိုယ်ပဲ ဖြစ်ပါတယ်။
ပွင့်လင်း မြင်သာတဲ့ စိတ်မျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ ဒါပေမယ့် အကြောင်းအရင်းကို အမြဲ ဖုံးကွယ်ထားပြီး၊ မျက်နှာဖုံး တွေကို ခွာချနိုင်အောင် သူများနည်းတူ နေတတ်အောင် နေပါ။ လူအများရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို၊ အသွားအလာ၊ အမူအကျင့် အတိုင်း ထပ်တူ မျှဝေခံစားပြီး၊ တစ်ဖက်သားရဲ့ ယုံကြည်မှုကို ရယူပါ။ ဖန်တီးနိုင်မှု စွမ်းရည် အပြည့်နဲ့ ပေါင်းသင်းဆက်ဆံသူ ဖြစ်လာပါလိမ့်မယ်။
သူ့အလိုလိုဖြစ်ပါစေ။
စာနာစိတ်၊ ကိုယ်ချင်းစာစိတ် ဆိုတာက စိတ်ခံစားချက်တွေကို ကစားချင်ဆိုင်း ကစားလို့ ရနိုင်တဲ့ ကိရိယာတွေလိုပါပဲ။ တခြားလူရဲ့ ခေါင်းထဲ ဘာတွေ တွေးနေ၊ တောနေသလဲ ဆိုတာကို မှန်းဆလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ဖက်သား ရဲ့ ခံစားချက်၊ စိတ်နေစိတ်ထားတွေကို သူတို့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အမူအကျင့်တွေအပေါ် ဂရုတစိုက် လေ့လာလိုက်ရင်တော့ သိနိုင်ပါတယ်။
သူများရဲ့ ခံစားချက်ကို သိချင်ကြတာ မစမ်းပါဘူး။ လူတိုင်းလိုလို စပ်စုချင်ကြတာကြီးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ် ဆိုတာကြီးက ဖြတ်ရသန်းရ ခက်လောက်တယ်လို့ ထင်ရပေမယ့်၊ တစ်ကယ်တမ်းတော့ အင်မတန် လွယ်ကူနိုင်တဲ့ ကန့်လန့်ကာလေးပါ။ လူမှန်ရင် “ခံစားချက်” တွေ များနေတတ်ကြတာကြီးပါပဲ။ လူ့အထာနပ်ချင်ရင် လူ့ခံစားချက်တွေ ကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာပါ။
တစ်ဖက်သားကို နားလည်ဖို့ စကားပြောဆို၊ ပေါင်းသင်းဆက်ဆံပြီး၊ မေးနိုင်မြန်းနိုင်မှ သိနိုင်တာ မဟုတ်ပါဘူး။ သူ့အလိုလို ဖြစ်နေတဲ့ ခံစားချက် အရှိန်အဟုန်၊ ရေချိန်ကို လိုက်ပြီး မြင်အောင် ကြည့်တတ်ရုံနဲ့၊ သူတစ်ပါးရဲ့ စိတ်ကို ခန့်မှန်းလို့ ရနိုင်ပါတယ်။
စကားပြောတဲ့ လေသံ အနိမ့်အမြင့်၊ ကိုယ်အမူအရာ၊ စကားလုံး ရွေးခြယ်ပြောဆိုပုံ၊ လေယူလေသိမ်း၊ မျက်နှာ အနေအထား အားလုံးက သူ့စိတ်ကို ခန့်မှန်းလို့ ရနိုင်တဲ့ သဲလွန်စတွေပါ။ ယုံကြည်မှု ရှိသူလား၊ စိတ်မလုံခြုံဘဲ ဖြစ်နေလား။ ခုခံပြောဆိုတတ်သူလား။ ခေါင်းမာသူမျိုးလား။ ပေါ့တီးပေါ့ဆ သျို့တို့လျန်းတန်း ဖြစ်နေသူမျိုးလား။ အချိန်ဆွဲပြီး အချိန်ယူတတ်သူမျိုးလား။ အကျင့်၊ စရိုက်၊ စသဖြင့် အားလုံးက ထဲထဲဝင်ဝင် နိုက်ယူမှ ပါလာမယ့် အရာ မဟုတ်ပါဘူး။ သူ့အလိုလို မြင်နိုင်၊ သိနိုင်တဲ့ ကိစ္စပါ။
ဒါကြောင့် တစ်ဖက်သားနဲ့ ပေါင်းသင်းဆက်ဆံရင် ကိုယ့်ဘက်က အရင်ဆုံး အကဲခတ်ထားဖို့ လိုပါတယ်။ သူ့အလိုလို ဖွင့်ပေးလိုက်မယ့် တံခါးကို အတင်းဆွဲဖွင့် မနေဘဲ၊ ပွင့်လာတာနဲ့ ဝင်တတ်ဖို့ အသင့်ဖြစ်နေပါစေ။
#မောရိသျှ
Keep Reading