Youth’s Book Reflections
ဗုဒ္ဓဘာသာဝင်တွေမှာ ကံကံ၏အကျိုးကို ယုံကြည်ခြင်းဆိုတာ လက်ကိုင်ထားရမယ့်တရားတစ်ခုပါ။ ယုံကြည်ရာမှာလည်း အတိတ်ကံချည်း ယိုးမယ်ဖွဲ့နေရုံနဲ့ မပြီး။ ပစ္စုပ္ပန်ယခုကံကိုလည်း ကောင်းအောင်လုပ်ရမှာဖြစ်ပါတယ်။
ဝတ္ထုနာမည်က ‘ကမ္မဖလ’ ကမ္မ=ကံ၊ဖလ=အကျိုး။ ကံကံ၏အကျိုးပင်။ ဒီထဲက ‘ကံကောင်း’ဆိုတဲ့ ဇာတ်ကောင်ဟာ တစ်ဘဝတည်းမှာပင် အလှည့်အပြောင်း အမျိုးမျိုးကိုကြံုရတယ်။ ဒါကို သူက အတိတ်ကံတစ်ခုတည်းကို အပြစ်တင်ဖို့စိတ်စောနေခဲ့တယ်။
သူ့ရဲ့ဘဝက တကယ်လည်း ကံကိုယိုးစွပ်ချင်စရာကောင်းလောက်အောင်ပဲ စုတ်ပြတ်သ-တ်ခဲ့တာပါ။ မိခင်က အောက်မြန်မာပြည်တလွှားကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးရဲ့ တစ်ဦးတည်းသောသမီး။သို့သော် အလွှာမတူတဲ့ သဘင်သည်တစ်ဦးနဲ့ ခိုးရာလိုက်ပြေးသွားခဲ့တယ်။ ဘဝကို ခက်ခဲရုန်းကန်နေရရင်းမှ ယောက်ျားဖြစ်သူ သဘင်သည်(ကံကောင်းရဲ့ဖခင်) က ဇာတ်ထဲက ဇာတ်သမတစ်ဦးနဲ့ ဖောက်ပြန်ပြီး သူတို့သားအမိနှစ်ယောက်ကိုဆင်ခြေမျိုးစုံနဲ့ လင်ဝတ္တရား၊မိဘဝတ္တရားမကျေချင် ပြန်တော့ ‘နူရာဝဲစွဲ၊လဲရာသူခိုးထောင်း’ ပါပဲ။
မိခင်ရဲ့ သူကြွယ်အမျိုးတွေကလည်း မျိုးရိုးကိုအရှက်ရစေတယ်ဆိုပြီး ဝိုင်းကြဉ်ကြတဲ့အပြင် အဖေကိုယ်တိုင်ကလည်း မိဘမျက်နှာ အိုးမည်းသုတ်တဲ့သမီးဆိုပြီး ရက်ရက်စက်စက်
ေ_သလူသဖွယ် သဘောထားပြီး မျက်နှာလွှဲ,ခဲပစ်လုပ်ပြန်ပါတယ်။ ဒီလိုနဲ့ ကံကောင်းတစ်ယောက် ငယ်စဉ်ကလေးအရွယ်ကို ဖြတ်သန်းလာရပြီး အရွယ်နဲ့မလိုက်အောင် မျိုးစုံသော ကံစေရာ အပုတ်အခတ်အထုအထောင်းကြားမှပင် သူ့ရဲ့မိခင်က အနေအစားဆင်းရဲတဲ့ဒဏ်တွေ ခါးစည်းခံရင်း ဆုံးသွားပြန်လေတော့ လောကအလယ် မျက်နှာငယ်ခဲ့ရတယ်။သိတတ်တဲ့အရွယ်မလို့ မဆုံးပါးသင့်ပါဘဲလျက် ဆုံးပါးခဲ့ရတဲ့ သူ့မိခင်အတွက် သူ့ရင်ထဲ ဆူးတွေသာပိုပေါက်လာပြီး ဒီအဖြစ်တွေက သူ့ရှင်သန်ရာဘဝပုံရိပ်ကိုဖန်တီးရာမှာ အဓိကအကြောင်းရင်းကပါဝင်ခဲ့တယ်။
အမိမဲ့သား ကံကောင်းခမျာ ဖခင်ဖြစ်သူက မိခင်ဆုံးပြီးသိပ်မကြာ၊ငြိစွန်းလက်စ ဇာတ်သမနဲ့တရားဝင် အိမ်ထောင်ပြုလိုက်လေရာ အားကိုးရာမမြင် တစ်ကောင်ကြွက်ဘဝနဲ့ဘုန်းကြီးကျောင်းသားအဖြစ် ဝမ်းတစ်ထွာအတွက် ကြိုးစားရှင်သန်ရင်း သူ့ရဲ့ အံ့ဖွယ်အနာဂတ်စီမံကိန်းကြီးအတွက် လိုအပ်တဲ့အရည်အချင်းတွေကို မသိမသာရော သိသိသာသာပါစုဆောင်းနေခဲ့တယ်။ အင်္ဂလိပ်စာကို အခွင့်ရတိုင်း ကြိုးပမ်းသင်ကြားရင်း ဘဝတက်လမ်းကိုရှာဖွေနေခဲ့တယ်။
သူ့ဘဝမှာ ရည်မှန်းချက်ကြီး သုံးခုကိုဦးတည်ထားခဲ့တယ်။
၁။အင်္ဂလိပ်စာတတ်ရန်၊
၂။အဘိုးတို့အသိုင်းအဝိုင်းမှာ ဝင်ဆံ့ရန်၊
၃။မိခင်နဲ့သူ့ဘဝအတွက် သက်ဆိုင်သူများကို လက်စားချေရန် တည်း။
ဘဝမှာ ဘာလုပ်ရမယ်ဆိုတာ ယောင်နနမဟုတ်ဘဲ သေချာတဲ့ ရည်ရွယ်ချက်တွေနဲ့ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး အခွင့်ကောင်းကို စောင့်နေခဲ့တယ်။
“ကျွန်ုပ်၏ ရည်ရွယ်ချက်ကြီးများ အောင်မြင်စေရန်မှာ အစောင့်တတ်ဖို့လို၏။ အစောင့်တတ်ခြင်းမှာ အခြားမဟုတ်၊ ကိုယ် လုပ်လိုသော အလုပ်ကိုမလုပ်ရမီ အချိန်ကိုစောင့်နေဆဲ၌ အခြားအလုပ်တစ်ခုခုကို လုပ်၍နေခြင်းပင် ဖြစ်ပေသည်။”
~ကမ္မဖလ၊တင့်တယ်
ကြုံသမျှ ရသမျှ အခွင့်အရေးတွေကို အမိအရယူရင်း ရည်မှန်းချက်တွေနောက်တကောက်ကောက်လိုက်ခဲ့တယ်။ စီမံကိန်းကြီးတစ်ခုအတွက် တကူးတကပြန်ပြောနေစရာမလိုတဲ့ ဇွဲ၊လုံ့လ၊ဝီရိယအပြင် ဒီထဲမှတ်သားစရာတစ်ခုကတော့ အလိုက်သင့်ပြောင်းလဲနိုင်ခြင်းပင်။ စီစဉ်ထားသည့်တိုင်မဖြစ်လာတဲ့အချိန်မျိုးမှာ နောက်အစီစဉ်တစ်ခုနဲ့ မရ,ရအောင်ထပ်
ကြိုးစားတယ်။ မူလအစီစဉ်အလုပ်မဖြစ်ရင် နောက်အစီစဉ်နဲ့ ပြန်ရုန်းထတယ်။ ဒါက ဒီဝတ္ထုထဲက ကံကောင်းရဲ့ အားသာချက်၊စရိုက်လက္ခဏာ လို့တောင်ဆိုရမယ်။
ညှာတာကင်းမဲ့မှုမရှိ၊ ကိုယ့်ပန်းတိုင်အတွက် စူးစိုက်သော သတိနဲ့တရွေ့ရွေ့လှမ်းနေရင်းကနေ ကိုယ့်အတတ်ကိုယ်စူးမိတဲ့ အရွေ့တွေကိုလည်း ရွေ့နေမိပြန်တယ်။ ကံကံ၏အကျိုးလို့သာဆိုပေမယ့် ကံဆိုတာအလုပ်လို့ဆိုပြန်သလို တကယ်တော့ သူ့လုပ်ရပ်တွေကပဲ သူ့ကြမ္မာကိုဖန်တီးသွားခဲ့တာပါပဲ။ စုံထောက်ဝတ္ထုဖတ်ရသလို၊ သည်းထိတ်ရင်ဖိုဝတ္ထုကို ဖတ်နေရသလိုနဲ့ စာဖတ်သူကို ရသမျိုးစုံ၊ လှည့်ကွက်တွေမျိုးစုံနဲ့ လက်ကမချချင်အောင် ချထားရင်လည်း စိတ်ထဲစိုးမိုးနေအောင် ပြုစားထားတယ်။ စာအုပ်အစမှာ ဟားဟား ဟား ဟားနဲ့ အတောမသ-တ် ကံကြမ္မာကို ပြက်ရယ်ပြုခဲ့တဲ့ ဦးကံကောင်းတစ်ယောက် တကယ့်အဆုံးအဖြတ်ကိုခံလိုက်ရချိန်မှာရော ရယ်သွမ်းသွေးနိုင်ပါဦးမလားလို့ ရောက်တတ်ရာရာ အတွေးနယ်ချဲ့မိပါသေးရဲ့။
moral lessonလို့ပဲ ရိုးရှင်းစွာဆိုဆို စာဖတ်သူတွေအနေနဲ့ ဇာတ်သိမ်းကို ကျေနပ်လက်ခံနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအသွားအလာရယ်၊ ဆရာတင့်တယ်ရဲ့ စာအရေးအသားတွေမှာ စာဖတ်သူဟာ စီးမျောမှန်းမသိ စီးမျောသွားရမယ့်စာအုပ်ကောင်းတစ်အုပ်မလို့ ဖတ်ကြည့်ကြဖို့ အာမခံတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
အကယ်၍ ဒီreviewလေးကိုနှစ်သက်သဘောကျမိတယ်ဆို နောက်ထပ်များစွာသော စာအုပ်အညွှန်းတွေကို pageမှာ ဝင်ဖတ်ကြည့်လှည့်ပါခင်ဗျာ🙏🏻
👉https://www.facebook.com/share/1Fx6id7kpR/?mibextid=wwXIfr
#Youths_book_reflections #တင့်တယ် #ကမ္မဖလ #bookrecommendations #bookreview
Keep Reading